ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ခံရာ၌ရှမ်းနီလူမျိုးများအား တိုင်းလျန်လူမျိုး သင်္ကေတ ၈၂၈ ကုတ်နံပါတ်တွင် ထည့်သွင်းနေခြင်းကြောင့် ရှမ်းနီအမျိုးသားအဖွဲ့အစည်း များကတရားစွဲဆို မည်ဟု ဆိုနေကြောင်း သိရသည်။
ရှမ်းနီလူမျိုးဟု ဖြေဆိုရာ၌ သန်းခေါင်စာရင်းကောက် တာဝန်ကျ ဆရာမ များမှ၈၂၈ ကုတ် နံပါတ်တွင် ထည့်သွင်းခြင်းကြောင့်ရှမ်းနီအမျိုးသားများအဖွဲ့အစည်းမှ တရားစွဲဆိုမည်ဟု ပြောဆိုရာ စာရင်းကောက်
ဆရာမက ပြန်လည်ပြင်ဆင်ပေးပါမည်ဟု တောင်းဆိုသည်။
ထိုသို့ စာရင်းကောက်ဆရာမအား တရားစွဲဆိုခြင်းမပြုရန် မှော်ရှန် ကယကရုံး ဥက္ကဋ္ဌ မှလည်း ကယက ရုံး၌ ရှမ်းနီအမျိုးသားအဖွဲ့ကို လက်မှတ်ထိုးခိုင်းသဖြင့် သန်းခေါင်စာရင်းကောက်ကာလ မပြီးမချင်း
လက်မှတ်မထိုးနိုင်ဟု ဆိပ်မူ( ဆိုင်းတောင်) ကျေးရွာရှမ်းနီအမျိုးသားအဖွဲ့ဝင် ဦးဝင်းဇော်က ပြောသည်။
ကောင်ဆန် ကျေးရွာတွင်လည်း ဧပြီ ၁ ရက်နေ့ သန်းခေါင်စာရင်း ကောက်ခံရာတွင်ဖြေဆိုသူ ကာယကံရှင်မှ (Other) အခြားတိုင်းရင်းသားလူမျိုး၌ ဖြေဆိုသော်လည်း တာဝန်ကျ စာရင်းကောက် ဆရာမက ၈၂၈ ကုတ်နံပါတ်တွင်ထည့်သွင်းရေးမှတ်ခဲ့သည်ဟု သိရသည်။
နှုန်းချို ကျေးရွာတွင်မူ စာရင်းကောက် ဆရာမအပြင် သက်ဆိုင်ရာလူကြီးများနှင့် ယင်းကျေးရွာ ဥက္ကဋ္ဌ ဦးမြင့်သိန်း တို့က အိမ်ထောင်ဦးစီးဖြေဆိုမည့်အဖြေကို ကြားဝင်ဖြေဆိုမှုများလည်းရှိကြောင်း သိရသည်။
“ဆရာမက ကျွန်တော့်ကို လူမျိုးအမည် မေးတဲ့အခါ ကျွန်တော် မဖြေခင်မှာနှုန်းချိုဥက္ကဋ္ဌ ဦးမြင့်သိန်းက ကြားဝင်ပြီး ကြိုတင် ဗမာလို့ ဖြေဆိုလိုက်တယ်။ ဒါဖြေဆိုခွင့်မရှိဘူးလေ။ ကျွန်တော်က ဗမာမှ မဟုတ်တာ။ ရှမ်းနီလူမျိုးပါ။အဲတာကြောင့် အမည်စာရင်းကောက် ဆရာမကို ပြန်ပြင်ခိုင်းပါတယ်။ ပြန်လည်းပြင်ဆင်ပေးပါ တယ်”ဟု ဦးဝင်းညိုက ပြောသည်။
သို့သော်လည်း အချို့ဒေသခံများသည် ရှမ်းနီဖြစ်သော်လည်း တိုင်းလျန်ကုတ်တွင် ထည့်ခဲ့ကြောင်း သိရသည်။
နန့်ရင်း ကျေးရွာနေ ဒေါ်ဝင်းစိန်က “တိုင်းလျန် ၈၂၈ ကုတ်ကို ထည့်ရခြင်းက ကျွန်မတို့ ရွာသူဖြစ်တဲ့ ရှမ်းရေးရာဝန်ကြီး ဒေါ်ခင်ပြံုးရည်ရဲ့ မျက်နှာကို ထောက်ထားပြီး ထည့်လိုက်တာပါ” ဟု ပြောသည်။
အလားတူ ဦးဘမှီကလည်း “ကျွန်တော်ကတော့ ၈၂၈ ကုတ်နံပါတ်ကို ကြိုက်လို့ ထည့်တာပါ” ဟု ပြောသည်။
ထိုသို့ ဖားကန့်မြို့နယ်နှင့် ဆင်ဘိုမြို့နယ်တွင် ရှမ်းနီလူမျိူး နှင့် တိုင်းလျန်လူမျိုး ကုတ်နံပါတ်အမှားထည့်ခြင်း ကိစ္စ ကန့်ကွက်သောသူများရှိသကဲ့သို့ တိုင်းလျန်လူမျိုးကို သဘောတူထည့်သွင်းသူများလည်းရှိကြောင်း သိရှိရသည်။