မွန်ပြည်နယ် မြို့နယ်အများစုတွင် သန်းခေါင်စာရင်းမေးခွန်း၏ အိမ်အကြောင်း အရာ မေးခွန်းများကြောင့် ကောက်ခံနေရသည့် ပြည်သူများ အခွန်ကောက်ခံမှုများရှိလာမည်ကို စိုးရိမ်နေကြကြောင်း စာရင်းကောက် ဆရာမများကဆိုသည်။
သန်းခေါင်စာရင်းကောက်ယူသည့် ၃ ရက်မြောက်နေ့သို့ရောက်ရှိလာသော်လည်း ကောက်ယူမှုပြုတိုင်းတွင် ၎င်းမေးခွန်းများကို အသေးစိတ်ရှင်းပြနေရပြီး သန်းခေါင်စာရင်းကောက်ယူပြီးဆုံးပါက ပိုင်ဆိုင်မှုအခွန်များ ကောက်ယူရန် ရှိလာမည်ကို ပြည်သူများက ထင်မြင်နေကြောင်း စာရင်းကောက်များက ပြောသည်။
မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန ပြည်နယ်မှူး ဦးသန်းဝင်းက ’’လူဦးရေ အမှန်တကယ်ရရှိအောင် သန်းခေါင်စာရင်းကောက်ရတာဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံမှာ သန်းခေါင်စာရင်း မကောက်တာ နှစ်ပေါင်း ၃၀ ကျော်ကြာတဲ့အတွက် အခုလိုကောက်ရတာပါ မေးခွန်းတွေကို တခြားနေရာတွေမှာ မသုံးပါဘူး သန်းခေါင်စာရင်း ဥပဒေလည်းရှိတော့ ကာကွယ်ပေးထားပါတယ်’’ ဟုပြောသည်။
ပေါင်မြို့နယ် မုတ္တမကျေးရွာအုပ်စု စာရင်းကောက် ဆရာမ အိအိစံက ’’မေးခွန်းတွေ မေးတော့ တချို့လူတွေက ပိုင်ဆိုင်မှုသိပ်မရှိဘူးလို့ပဲပြောတယ်’’ ဟုပြောသည်။
မုတ္တမကျေးရွာအုပ်စုတွင် နေထိုင်သော ဒေါက်တာသန်းဦးက ’’သန်းခေါင်စာရင်းကို ကောက်ပြီးလူဦးရေ တကယ် ရရှိမယ်ဆိုရင်ကောင်းမှာပါ။ နိုင်ငံတကာနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ပိုင်ဆိုင်မှုကို အခွန်မကောက်ဘူးလို့
ကျွန်တော်ထင်တယ်။ အဓိကတော့ သန်းခေါင်စာရင်း အတိအကျ ကောက်ရင် လူဦးရေစာရင်း တကယ်ထွက် လာမယ်’’ ဟုပြောသည်။
မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် စာရင်းကောက် သိန်းသိန်းကြည်က ’’မေးခွန်းမေးတဲ့ အခါမှာ ပြသာနာ ကြီးကြီးမားမားတော့မရှိပါဘူး အချို့မေးခွန်းတွေကိုတော့ နည်းနည်းရှင်းပြရတာပဲရှိတယ်’’ ဟုပြောသည်။
မော်လမြိုင်မြို့ အိမ်ရှင် ဒေါ်သန်းသန်းစိုးက ’’အရင်းတုန်းကလည်း သန်းခေါင်စာရင်းကောက်တာကို မကြံုဘူးတော့ ပိုင်ဆိုင်မှုတွေကိုပြောပြရင် အခွန်ပြန်ကောက်မှာကို စိုးရိမ်တာပေါ့ စာရင်းကောက်တဲ့ ဆရာမရှင်းပြတော့မှပဲ ကျွန်မသိတယ်’’ ဟုပြောသည်။
အိမ်အကြောင်းအရာမေးခွန်းများကို သန်းခေါင်စာရင်းမေးခွန်း ၄၁ ချက်၏ မေးခွန်း ၂၃ မှ ၃၉ အထိပါ၀င်ပြီး ၎င်းမေးခွန်းများ၏ ပိုင်ဆိုင်မှုနှင့် တစ်စုံတရာကို ထုတ်သုံးလျှင် သန်းခေါင်စာရင်း ဥပဒေအတိုင်း အရေးယူသွားမည်ဟု သန်းခေါင်စာရင််းဥပဒေတွင် ပြဌာန်းထားသည်။
သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းကို မတ်လ ၃၀ ရက်နေ့မှစတင်ပြုလုပ်ရာတွင် ဒေသခံများက ယခုအချိန် အထိ စိုးရိမ်မှုရှိနေကြောင်း မော်လမြိုင်နေ ပြည်သူများက ဆိုသည်။