၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ချင်းအမျိုးသားတပ်ဦး(CNF) ထိန်းချုပ်နယ်မြေ များ အတွင်းတွင်လည်း ကောက်ယူမည်ဖြစ်သော်လည်း (CNF)ဘက်ကမူ အဆင်သင့်မရှိကြောင်း သိရသည်။
သန်းခေါင်စာရင်းသည် မြန်မာနိုင်ငံတွင် လူဦးရေမည်မျှရှိသည်ကို သိရှိရန်နှင့် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးမှုအခြေအနေကို သိရှိရန်ဖြစ်သည့်အတွက် အဆိုပါ ချင်းအမျိုးသားတပ်ဦး(CNF)၏ ထိန်းချုပ်နယ်မြေသည်လည်း မြန်မာနိုင်ငံ ပိုက်နက်အတွင်းတွင် တည်ရှိသည်ဖြစ်ရာ သန်းခေါင်စာရင်းကောက်ခံသွားမည်ဖြစ်သည်ဟုထန်တလန်မြို့နယ် အုပ်ချုပ်ရေးရုံးမှ ၀န်ထမ်းတစ်ဦးက ပြောသည်။
“အဲဒီနယ်မြေကို ချင်းအမျိုးသားတပ်ဦး ဘက်က တပ်မတော် ၂ယောက်နဲ့ ဆရာတစ်ယောက် တို့က သွားပြီးတော့ ပုံမှန်ကောက်တဲ့ချိန်ပေါ့ မြန်မာတစ်ပြည်လုံး ကောက်တဲ့ချိန်နဲ့ တစ်ပြေးညီကောက်သွားကြပါမယ်”
ဟုထန်တလန်မြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါသန်းခေါင်စာရင်းကို အစိုးရဘက်မှ ကောက်မည်ဟုစီစဉ်ထားသော်လည်း ချင်းအမျိုးသား တပ်ဦး(CNF)ဘက်ကမူ သန်းခေါင်စာရင်းနှင့် ပတ်သက်၍အစိုးရဘက်မှ ဆွေးနွေးတိုင်ပင်ခြင်းမရှိကြောင်းသဖြင့် သန်းခေါင်စာရင်းလာရောက်ကောက်ခံနိုင်ခြင်းမရှိကြောင်းကိုထန်တလန်မြို့နယ်ချင်းအမျိုးသားတပ်ဦးဆက်ဆံရေးရုံးမှ တာဝန်ခံဆလိုင်းရာလ်နှင်းက ယခုလိုပြောသည်။
“ကျွန်တော်တို့နဲ့ ဆွေးနွေးတိုင်ပင်တာတွေလည်း မရှိတဲ့ခါကျတော့ ဒီသန်းခေါင်စာရင်းကို ထိန်းချုပ်နယ်မြေထဲကို မကောက်လောက်ဘူးထင်တယ်” ဟုပြောသည်။
ချင်းအမျိုးသားတပ်ဦး(CNF)ထိန်းချုပ်နယ်မြေသည် ချင်းပြည်နယ်၊ထန်တလန်မြို့နယ်တွင် တည်ရှိသည်။