မြစ်ကြီးနားဒုက္ခသည်များ သန်းခေါင်စာရင်းမေးခွန်းမသိရှိသေး

မြစ်ကြီးနားဒုက္ခသည်များ သန်းခေါင်စာရင်းမေးခွန်းမသိရှိသေး
by -
အမွန်း

မြစ်ကြီးနားမြို့အတွင်းရှိ စစ်ရှောင်တိမ်းစခန်းများတွင် နေထိုင်ကြသည့် ဒုက္ခသည်များအနေဖြင့် မကြာမီ ကောက်ခံတော့မည့် သန်းခေါင်စာရင်းမေးခွန်းအချက်အလက်များ မသိရှိသေးကြောင်း ဒုက္ခသည်များက ပြောသည်။

“ သန်းခေါင်စာရင်းလာကောက်မယ်ဆိုတာပဲသိတယ်။ဘယ်လိုလာကောက်မလဲဆိုတာ မသိရသေးဘူး” ဟု စစ်ပြေးဒုက္ခသည် ဒေါ်မရန်လုက ပြောသည်။

ယင်းဒုက္ခသည်များသည် သန်းခေါင်စာရင်းကောက်ခံခြင်းနှင့် အကြောင်းအရာများကို တစ်စွန်းတစ်စကြားနေ ယုံမှလွဲ၍ တိကျသည့်သတင်းအချက်အလက်များ ၎င်းတို့မသိရှိရသေးဟု ပြောသည်။

မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား အကောင်အထည်ဖော်ဆောင်ရွက်နေသည့်
ပြည်သူ့အင်အားဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ဒုက္ခသည်စခန်းတွင်း မိသားစုအလိုက်အတူတ ကွနေထိုင်လျှင်အိမ်ထောင်စုမေးခွန်း(၄၁)ချက်ဖြင့် သော်လည်းကောင်း၊ မိသားစုအလိုက် နေထိုင်မှုမရှိလျှင် အဖွဲ့အစည်းမေးခွန်း(၁၁)ချက်ဖြင့် မေးမြန်းသွားမည်ဖြစ်ကြောင်း ပြောသည်။

“ IDPဆိုလည်းတစ်ချို ့က မိသားစုနဲ့နေတယ်ဆိုရင် အိမ်ထောင်စုနဲ့ကောက်မယ်။ မိသားစုလိုက်မဟုတ်ဘူးဆိုရင် အဖွဲ့အစည်းမေးခွန်းပုံစံနဲ့သန်းခေါင်စာရင်းကောက် သွားမှာပါ” ဟု ၎င်းက ပြောသည်။

ဒုက္ခသည်ဒေါ်မရန်လုက “ဒီမှာပိုင်ဆိုင်တယ်ဆိုလို့ဘာမှမရှိဘူး။ ဒီတိုင်းနေရုံဆိုနေရုံဘဲ။ ရွာကဆိုရင်လည်းဘာမှ ယူလာတယ်ဆိုတာလည်းမရှိဘူးလေ” ဟု ပြောသည်။

ဂျန်မိုင်ကောင်းဒုက္ခသည်စခန်းတွင်နေထိုင်သူ ဒေါ်ဇယ်ညွှယ်ကလည်းသူမအနေဖြင့် မည်သည့်ပစ္စည်းမှ ပိုင်ဆိုင်မှုမရှိကြောင်းပြောသည်။

မြစ်ကြီးနားမြို ့နယ် လ.၀.က ဦးစီးမှူးက“ရွာမှာပစ္စည်းတွေရှိတယ် ဆိုရင်ရွာကပစ္စည်းထည့်ပေါ့။ ရွာမှာလည်းဘာ မှမရှိဘူးဆိုရင် အခုလောလောဆယ်ရှိတာထည့်လို့ရတယ်” ဟုပြောသည်။

မြစ်ကြီးနားမြို့ရှိ ဒုက္ခသည် စခန်းများ၌ သန်းခေါင်စာရင်းကောက်ခံရာတွင် သတ်မှတ်ထားသည့် စာရင်းကောက်ကွက်အတိုင်း ဒုက္ခသည်စခန်းများ ပါ၀င်နေပါက ပုံမှန်အတိုင်း တာဝန်ကျ စာရင်းကောက်များမှ
ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို ့တွင် စစ်ဘေးရှောင်တိမ်းနေထိုင်သူ လူဦးရေစုစုပေါင်း (၁၄၇၃၀)ခန့် ရှိကြောင်း သိရသည်။