ကယားပြည်နယ်တွင် ခရိုင်အဆင့် သန်းခေါင်စာရင်းအထူးနည်းပြသင်တန်းပို့ချ

ကယားပြည်နယ်တွင် ခရိုင်အဆင့် သန်းခေါင်စာရင်းအထူးနည်းပြသင်တန်းပို့ချ
by -
စူးမလ်

ကယားပြည်နယ်တွင် သန်းခေါင်စာရင်းနှင့်ဆိုင်သည့် ပြည်နယ်အဆင့်သင်တန်းဆင်းများမှ ခရိုင်အဆင့် အထူးနည်းပြသင်တန်းကို အလက ၆ လွိုင်ကော်နှင့် အထက ဘောလခဲတွင် ခြောက်ရက်ကြာ သင်တန်း ပို့ချမှုပြုလုပ်ခဲ့သည်။

ကယားပြည်နယ်တွင် လဝက ဒု-ပြည်နယ်မှုး ဦးမြင့်ကိုကိုက “ပြည်နယ်အဆင့်က တက်လာပြီးသား ပုဂ္ဂိုလ်တွေက ဒီမှာခရိုင်အဆင့်ကို သင်တန်းပြန်ပေးတာ။ ဒီ်ခရိုင်အဆင့်မှာကျတော့ လွိုင်ကော်ခရိုင်က ဆရာ/မတွေက ၃၆ ယောက်ရှိတယ်လာတက်တာ။ ဘောလခဲခရိုင်မှာကျတော့ ၁၂ ယောက်တက်တယ်” ဟု
ကန္တာရဝတီတိုင်း(မ်)သို့ ဆိုသည်။

ဘောလခဲခရိုင်အတွင်းရှိ မြို့နယ် ၄ ခုနှင့် လွိုင်ကော်ခရိုင်အတွင်းမှ မြို့နယ် ၄ ခုတို့မှ ဆရာ/မများမှတက် ရောက်ကြပြီး ခရိုင်အဆင့် အထူးနည်းပြသင်တန်းပြီးဆုံးပါက မြို့နယ်အလိုက် သင်တန်းပြန် လည်ပို့ချမည်ဟု လဝက ဒု-ပြည်နယ်မှုးက ဆိုသည်။

ခရိုင်အဆင့် အထူးနည်းပြသင်တန်းပို့ချပေးသည့် ပြည်နယ်အဆင့်နည်းပြများမှာ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးစီးဌာန နည်းပြမှ ပြည်နယ်တိုင်းဒေသကြီးတွေမှာ ပြည်နယ်အဆင့် တိုင်းအဆင့် သင်တန်းပေးရာတွင် ကယားပြည်နယ် ပညာရေးဌာနမှ အရာရှိ ခြောက်ဦးတက်ခဲ့ပြီးခရိုင်အဆင့် နည်းပြကို ခရိုင်တစ်ခုစီတွင် သုံးဦးစီပြန်လည်ပို့ချပေးသည်ဟု သိရသည်။

၄င်းသင်တန်းသည် စာရင်းစစ် စာရင်းကောက်ကို အဓိကတာဝန်ယူလုပ်ဆောင်မည့်ဆရာ/မများကို အဓိက ပေးတာခြင်းဖြစ်ပြီး လိုအပ်သည့်နေရာတွင် ကူညီပံ့ပို့နိုင်ရန် လဝကဝန်ထမ်းများသည်လည်း ထိုသင်တန်း ကို တက်သည်ဟု လဝက ဒု-ပြည်နယ်မှုးက ဆိုသည်။ “လဝကဝန်ထမ်းတွေက လွန်ခဲ့တဲ့ သုံးနှစ်က ပြင်ဆင်လာ တော့ သင်တန်းပေးထားပြီးသားတွေဖြစ်ပါတယ်။ သင်တန်းပေးထားပြီးသား ဖြစ်တော့ သူတို့က အနီးကပ်မှာ ဆရာမတွေနဲ့အတူ ထပ်မံပြီးတော့ မွန်းမံပြန်တက်တာ” ဟု ဆက်ဆိုသည်။

လဝက ဒု-ပြည်နယ်မှုးက “တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် စာရင်းကောက် ဆရာမတစ်ယောက်နေမ ကောင်းလို့ ဒီနေရာမှာလစ်ဟာသွားမယ်ဆိုရင် အရံထားတဲ့ စာရင်းကောက် ရှိတယ် အရံထားတဲ့ စာရင်း စစ်ရှိတယ်။ သူတို့မှလုပ်လို့မရတော့ဘူးဆိုရင် လဝကဝန်ထမ်းတွေဝင်လုပ်မှာဖြစ်တယ်”ဟုဆိုသည်။

“ဒီစာရင်းစစ် စာရင်းကောက်လုပ်ငန်းတွေက ဒီမေးခွန်းပုံစံ ၄၁ ချက်ပုံစံလေးထဲမှာ ဖြေရမယ့်ဟာတွေထဲမှာ ကိုယ်ဖြေရမယ့် အဖြေတွေမှာ ထည့်သွင်းရမယ့် ဇယားတွေရှိပြီးသား။ ဒီလိုမျိုးရှိတယ်ဆိုတာကလည်း
ဒီပို့ချတဲ့ ၆ရက်အတွင်းမှာ လုပ်ငန်းအတွက် ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကုန်းသာမှာ ပြီးခဲ့တဲ့ ၂၀၁၃ စမ်းသပ်သန်းခေါင်စာရင်းတုန်းက စမ်းသပ်ပြီး လုပ်ခြဲ့့ပီးပါပြီ။ အားလုံးက
ကောင်းကောင်းမွန်မွန်နဲ့ အောင်အောင်မြင်မြင်လုပ်နိုင်ကြပါတယ်” ဟု လဝက ဒု-ပြည်နယ်မှုးက ဆိုသည်။

ကယားပြည်နယ်တွင် ခရိုင် ၂ ခရိုင်၊ မြို့နယ် ရ မြို့နယ်၊ ရွာသစ်မြို့နယ်ခွဲ ၁ မြို့နှင့် ဦးရေ နှစ်သိန်းခြောက် သောင်းကျော်ရှိကာ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမည့် စာရင်းကောက် အင်အားမှာ လေးရာကျော်ရှိပြီး ကောက်ကွက်ပေါင်း ၄၄၃ ကွက်နှင့် သီးခြား ကောက်ကွက် ၄၀ ကွက်ရှိသည်။