ကယားပြည်နယ်တွင် အနုပညာရှင်များသန်းခေါင်စာရင်းပညာပေးဖျော်ဖြေ

ကယားပြည်နယ်တွင် အနုပညာရှင်များသန်းခေါင်စာရင်းပညာပေးဖျော်ဖြေ
by -
စူးမလ်

ကယားပြည်နယ် လွိုင်ကော်မြို့ တွင်  ၂၀၁၄ ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း နှင့်ပတ်သက်သည့်ပညာပေးမှုကို ပြည်သူများ သိရှိနားလည်လွယ်ရန် အများပြည်သူ စိတ်ဝင်စားသည့်
အနုပညာရှင်များက ဖျော်ဖြေရေးပွဲဖြင့် အခမဲ့ ပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့ နောင်ယားကန်သာဖျော်ဖြေရေးပွဲတွင် ဖျော်ဖြေရေးအစီအစဉ်၊ ဂိမ်းအစီအစဉ်နှင့် လက်ဆောင် ပစ္စည်းပေးသည့်အစီအစဉ်တို့ကို ဖျော်ဖြေရေးယာဉ်ကြီးဖြင့် လာရောက်ဖျော်ဖြေသည်။

ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒု-ပြည်နယ်မှုး ဦးမြင့်ကိုကိုက
“အဓိကရည်ရွယ်ချက်ကတော့ ဒီသန်းခေါင်စာရင်းလုပ်ငန်းကြီးကို ဒီအများပြည်သူပေါ့ သာမန်ဆိုရင် သာမန်အရပ်သားပြည်သူပေါ့ သန်းခေါင်စာရင်းလုပ်ငန်းကို ရိုးရိုးပြောနေရင် ကျနော်တို့ ဝန်ထမ်းတွေ
ယူနီဖောင်းတွေနဲ့ လုပ်ငန်းတာဝန်သဘောအရ ဆွေးနွေးနေရင် သိပ်စိတ်မဝင်စားဘူး။ သိပ်စိတ်မဝင် စားဘူး ဆိုရင် သူတို့ဘာတွေပြောနေမှန်း သေချာနားမလည်ဘူး မသိဘူး။ အဲလိုဒီအများပြည်သူစိတ်ဝင်စားတဲ့ အနုပညာရှင်တွေနဲ့ကျတော့ နားစိုက်ထောင်တယ် နားစိုက်ထောင်တော့ နားလည်လွယ်တာပေါ့”ဟု
ကန္တာရဝတီတိုင်း(မ်)သို့ ဆိုသည်။

လွိုင်ကော်မြို့နယ်တစ်နေရာတွင်သာ ပျှမ်းမျှတစ်နာရီဖြင့် ဖျော်ဖြေပြီး ကျန်သည့်မြို့နယ်တွင် မပြုလုပ်သော်လည်း အများပြည်သူသိအောင် အကြောင်းကြားထားကြောင်းနှင့် ရပ်ကွက်ကျေးရွာတွေအထိ
ကြော်ငြာများ ကြိုတင်ဖြန့်ထားခြင်း ပိုစတာများကပ်ထားခြင်းတို့ကို ပြုလုပ်ကြောင်း ဒု-ပြည်နယ်မှုးက ဆိုသည်။

ဒု-ပြည်နယ်မှုးက “ကျနော်တို့ ဒီလိုအနုပညာရှင်တွေကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်းအားဖြင့် ကျနော်တို့ဒီမြန်မာနိုင်ငံရဲ့ သန်းခေါင်စာရင်းလုပ်ငန်း၊ ဒီသန်းခေါင်စာရင်းလုပ်ငန်းဆိုတာက တိုင်းရင်းသား အားလုံးအတွက်အကျိုးအတွက်ပါ။ ကျနော်တို့ နိုင်ငံတစ်နိုင်ငံလုံးရဲ့ အကျိုးအတွက်ပါ။ အဲဒါကြောင့် ဒီလုပ်ငန်းတွေကို ဆောင်ရွက်ပေးခြင်းအားဖြင့် အားလုံးအတွက်အကျိုးရှိမယ်”ဟု ဆိုသည်။

သန်းခေါင်စာရင်းကောက်မည့်အကြောင်းအရာနှင့် ပတ်သက်ပြီး သိထားသော်လည်း ဤကဲ့သို့ အနုပညာ ရှင်များ လာရောက်ဖျော်ဖြေပေးသည့်အတွက် ပိုစိတ်ဝင်စားကြောင်းနှင့် ပိုနားလည်လွယ်ကြောင်း လွိုင်ကော်မြို့နေ
မလူမယ်က ကန္တာရဝတီတိုင်း(မ်)သို့ ဆိုသည်။

မလူမယ်က “လူရွင်တော်နဲ့ အဆိုတော်တွေသန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး လာဖျော်ဖြေတော့ သူတို့ကို သွားကြည့်ရင်းနဲ့ သန်းခေါင်စာရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ပိုပြီးရှင်းရှင်းလင်းလင်း နားလည် လွယ်သွားတာပေါ့။ သူတို့ကို သွားကြည့်ရင်းနဲ့အကျိုးရှိသွားတာပေါ့”ဟု ဆိုသည်။

၄င်းဖျော်ဖြေရေးပွဲတွင် လူရွင်တော် ဌက်ပျော်ကြော်၊ ဂေါ်ဇီလာ၊ အဆိုတော် ဟဲလေးနှင့် အဖွဲ့သားတို့ဖြစ်သည်။