၂၀၁၄ သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော်မတီ(CNACC)သည် ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးများတွင် လူထုတွေ့ဆုံခြင်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကော်မတီသည် သန်းခေါင်စားရင်း ကောက်ခံချိန် အလွန်နီးကပ်နေသဖြင့် ချင်းပြည်နယ် မြို့နယ်တိုင်း သန်းခေါင်စာရင်းဆိုင်ရာ အကြောင်းအရာများအား ဖြန့်ဝေစာများဖြင့်လည်းကောင်း၊ ဗီနိုင်းပုံများဖြင့်လည်းကောင်း ဖြန့်ဝေနေကြသည်။
သို့သော် တီးတိန်မြို့နယ်တွင် လူထုတွေ့ဆုံပွဲကို လူထု ၁၀၀ခန့်ဖြင့်ပြုလုပ်ပြီဖြစ်ကြောင်း၊ ထိ့ုအပြင် ကလေးမြို့၌ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း CNACC မှ ညှိနှိုင်းရေးမှူးဆလိုင်းကျဲအိုဘိခ်ထောင်းက ယခုလိုပြောသည်။
သူက “အဓိကတော့ တီးတိန်၊ တွန်ဇံမှာက မျိုးနွယ်စုပေါင်း ဆယ်ခုထက်မကရှိတယ်လေ။ အဲဒီဆယ်ခုက လူမျိုး သင်္ကေတ ကုတ်နံပါတ်တွေရှိတယ်ဆိုတော့ ၉၁၄ မှာထည့်တာထက်စာရင် ကိုယ့်မျိုးနွယ်စုကုတ်ကိုပဲထည့်ကြပါ လို့ လူထုကိုစည်းရုံးတယ်။ နိုင်ငံခြားသားများအတွက်ဆိုတဲ့နေရာမှာလည်း မှန်မှန်ဖြေကြဖို့ ရှင်းပြတယ် ပေါ့။ လူထုတွေကလည်း တော်တော်များများနားလည်ကြတယ်” ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် ချင်းလူမျိုးများ တစ်သိန်းကျော်၊ ကလေးကဘော်တွင်လည်း ချင်းလူမျိုးတစ်သိန်းခွဲကျော်နှင့် မကွေးတိုင်းဒေသကြီးတွင်လည်း တစ်သိန်းကျော်စသည်ဖြင့် ပြန့်ကျဲနေထိုင်ကြပြီး အချို့မျိုးနွယ်စုတို့မှာ
ကုတ်နံပါတ်မရှိသောကြောင့် သန်းခေါင်စာရင်းဖြေဆိုရာတွင် ဝေဝါးမှုမရှိစေလိုသဖြင့် မျိုးနွယ်စုကုတ်နံပါတ်မရှိ သော်လည်း ချင်းကုတ်နံပါတ်(၄၀၁)တွင် “ ၄၀၁(မျိုးနွယ်စုအမည်)” ထည့်ရန် ရှင်းပြသည်။
ထို့အပြင် မကွေးတိုင်းဒေသကြီးရှိ ငဖဲမြို့နယ်၊ မင်းဘူးမြို့နယ်၊ မင်းလှမြို့နယ်နှင့် အောင်လံမြို့နယ်တို့တွင် လည်း လူထုတွေ့ဆုံပွဲများ လှုပ်ရှားဆောင်ရွက်နေသည်။
CNACCမှ ဆလိုင်းအောင်မင်းလှိုင်က “နယ်ဘက်တွေကျတော့ သန်းခေါင်စာရင်းအကြောင်း အရာကိုခုအချိန်ထိ သိပ်ပြီးတော့ နားမလည်ကြသေးဘူး။ ကျွန်တော်တို့ကတော့ ဘယ်လိုထည့်ရမယ်၊ သန်းခေါင်စာရင်းဆိုတာ ဘာလဲ စသဖြင့်ပေါ့ လိုက်ရှင်းပြတယ်။ မှန်မှန်ကန်ကန်ထည့်ရန်ဆိုပြီးတော့လိုက်ရှင်းပြ တယ်” ဟုပြောသည်။
အဆိုပါကော်မတီသည် မတ် ၂၃ရက်မှ ၂၄ ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိ မြေပုံ၊ မင်းပြား၊ အမ်း၊ တောင်ကုတ် စသည့်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင်လည်း လူထုတွေ့ဆုံပွဲများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ ၎င်းအဖွဲ့မှ သန်းခေါင်စာရင်း စောင့်ကြည့်ရေးကော်မတီဖွဲ့ထားပြီး ချင်းပြည်နယ်နှင့် အချို့သောဒေသများတွင် တစ်မြို့နယ်၌ ၃ ဦးမှ ၅ ဦးအထိ စောင့်ကြည့်သူများ ထားရှိသွားမည်ဖြစ်ကြောင်း ဆလိုင်းအောင်မင်းလှိုင်ကပြောသည်။
၂၀၁၄ သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော်မတီ(CNACC)သည် ချင်းလူမျိုးများ၏ အမျိုးသားအကျိုးစီးပွားနစ်နာဆုံးမှု နည်းနိုင်သမျှနည်းအောင် ကာကွယ်နိုင်ရန်အလို့ငှာ ချင်းနိုင်ငံရေးပါတီများ၊ ချင်းလူမှုရေးအသင်းအဖွဲ့များနှင့် ချင်းပညာရှင်များအပါအဝင် အဖွဲ့ဝင် (၂၁)ဦးဖြင့် ၂၀၁၄ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့က ရန်ကုန်မြို့၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။