တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ သန်းခေါင်စာရင်းကိစ္စကူညီမည်

တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ သန်းခေါင်စာရင်းကိစ္စကူညီမည်
by -
သက်သန္တာလှိုင်

၂၀၁၄ သန်းခေါင်စာရင်းသည် လူထုအတွက်အဓိထားဆောင်ရွက်သည့် ကိစ္စဖြစ်သောကြောင့် စာရင်းကောက်ခံ ခြင်းကို ကူညီသွားမည်ဟု မတ်လဒုတိယအပတ်က မွန်ပြည်နယ်၊ သထုံခရိုင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များက အကြိုလှုပ်ဆော်ရေးပွဲတွင် ပြောသည်။ှ

မွန်ပြည်နယ် သထုံခရိုင် မွန်စာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ဟန်ဝင်းအောင်က ’’နိုင်ငံတော်က ဖွံ့ဖြိုးမှုကိုလုပ်မယ်ဆို ရင် လူဦးရေစာရင်းအတိအကျ မသိတော့ မှန်းပြီးလုပ်ရတယ်၊ အခု လူဦးရေစာရင်းအတိအကျ ရအောင် သန်းခေါင်စာရင်းကို ကောက်မယ်ဆိုတော့ ကျွန်တော်တို့ လက်ခံနိုင်ပါတယ်’’ ဟု ပြောသည်။

စီးပွားရေး၊လူမှုရေးအချက်အလက်များအား သန်းခေါင်စာရင်းကောက်ယူပြီးမှ သိနိုင်သောကြောင့်သန်းခေါင် စာရင်း ကောက်ခံခြင်းကို လက်ခံသည်ဟု သထုံခရိုင် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ဆိုထားသည်။

ပြီးခဲ့သည့် ၆၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနနှင့်အတူ ဦးဆောင်ပြီး ပြည်သူများကို တိုင်းရင်းသားဘာသာစကားများ ပါသည့် လက်ကမ်းစာစောင် များကို ဖြန့်ဝေခဲ့သည့်ဟု ဦးဟန်ဝင်အောင်ကပြောသည်။

သထုံခရိုင် ပအို့ဝ်စာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ခွန်ကျော်သိန်းက ’’ကျွန်တော်တို့ ပအို့ဝ်တွေက ခေါင်းဆောင် တွေရဲ့သဘောအတိုင်း  ပြည်သူတွေရဲ့ ခံစားချက်ကို မူတည်ပြီးတော့ ကျွန်တော်တို့ လိုက်ပါဆောင်ရွက်မှာပါ၊
သန်းခေါင်စာရင်းပတ်သက်လို့ ပအို့ဝ်မျိုးနွယ်စုတွေက အခြားတိုင်းရင်းသားတွေဘက်ကိုမရောက်ဘဲ သူသက်သက်ပေါ်လွင်လာစေချင်ပါတယ်’’ဟုပြောသည်။

သထုံခရိုင် ကရင်စာပေနှင့် ယဉ်ကျေးမှု အတွင်းရေးမှူး ဦးစောအောင်သိန်းက  ’’သန်းခေါင်စာရင်း မကောက်တာ နှစ်ပေါင်းတော်တော်များနေတော့ ကောက်ရင်တော့ လူဦးရေစာရင်းတွေသိမယ်၊ စီးပွားရေးနဲ့ ပညာရေးကဏ္ဍ တွေသိမယ် နောက်ပြီးမျိုးနွယ်စုတွေရဲ့ လူဦးရေစာရင်းကို သိမယ်ဆိုတော့ အဆင်ပြေပါတယ်’’ ဟုပြောသည်။

တိုင်းရင်းသားဘာသာစကားများဖြင့် ထုတ်ဝေထားသည့် လက်ကမ်းစာစောင်များလည်းအများပြည်သူများ ရှေ့သို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေပြီးဟု မွန်ပြည်နယ် ဒုပြည်နယ်မှူး ၀င်ရဲထွဋ္ဋ်က ဆိုပါသည်။

ကရင်မျိုးနွယ်စုစာရင်း အမှန်တကယ်ရရှိရန်  ကရင်ဒေသအတွင်း သန်းခေါင်စာရင်းကောက်ယူသည့်အခါ
ကရင်ကိုယ်စားလှယ်ပါရှိရန်အတွက် ကရင်ရေးရာဝန်ကြီးက နိုင်ငံတော်သို့ ခွင့်တောင်းထားသည်ဟု
သိရသည်။

၁၉၈၃ ခုနှစ်မှ ကောက်ယူခဲ့သော သန်းခေါင်စာရင်းသည် တိုင်းရင်းသားမျိုးနွယ်စုနှင့်ပတ်သက်သော မေးခွန်းများ မပါ၀င်သော်လည်း ၂၀၁၄ သန်းခေါင်စာရင်းတွင် တိုင်းရင်းသားမျိုးနွယ်စု မေးခွန်းအချက်အလက်များပါ၀င် သည်ဟု သိရသည်။