ခိုင်ချိုမာ (ရှမ်းနီ)။ ။ ၂၀၁၄ သန်းခေါင်စာရင်းတွင် တိုင်းလျန် (ရှမ်းနီ) လူမျိုးသင်္ကေတမရှိသဖြင့်အခြား (Other) တွင် ရှမ်းနီလူမျိုးနွယ်စုဟု ထည့်သွင်းရန် စည်းရုံးလှုံဆော်သည့် ဆိုင်းဘုတ်များကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း စသည့်နေရာဒေသများတွင် ဖေဖော်ဝါရိီ လကုန်ပိုင်းမှ စတင်ကာ စိုက်ထူနေကြောင်း သိရသည်။
"ကျွန်တော်တို့ ပါတီက လူမျိုးကို အဓိကထား ဖော်ထုတ်ပေးတာပါ။ သန်းခေါင်စာရင်းမှာ မိမိလူမျိုး အမည်မှန် ရှမ်းနီလို့ ရဲရဲဝံ့ဝံ့ ထည့်ပေးကြရန် ရည်ရွယ်ပြီး လုပ်တာပါ။ ရှမ်းနီက လူမျိုးသင်္ကေတ မရှိပေမယ့် တိုင်းရင်းသား အခွင့်အရေးမဆုံးရှုံးနိုင်အောင် မိမိလူမျိုး ရှမ်းနီကို မှန်မှန် ထည့်ပေးစေချင်ပါတယ်" ဟု TNDP ရုံးချုပ် ဥက္ကဋ္ဌ ဦးဌေးအောင်ကပြောသည်။
ဆိုင်းဘုတ်တွင် တိုင်းလျန် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(Taileng Nationalities Development part TNDP) ဟု ရှမ်းနီ အလံနှင့်တစ်ပါတည်း ထည့်သွင်းရေးသားထားသည့် ဆိုင်းဘုတ် အခု ၃၀၀ ခန့် စိုက်ထူသွားမည်ဖြစ်သည်။
“ကျွန်တော်က အခြားပါတီဝင်ဖြစ်ပေမယ့် မိမိလူမျိုး အမည်မှန် ရှမ်းနီကို သန်းခေါင်စာရင်းမှာ ထည့်ဝင်ပြီး ပူးပေါင်းပါဝင်လုပ်ဆောင်သွားမယ်” ဟု ပြည်ခိုင်ဖြိုးပါတီဝင် ဦးဝင်းအောင်က ပြောသည်။
ကချင်ပြည်နယ် ရှမ်းရေးရာအဖွဲ့ ခေါင်းဆောင် ဦးစိုင်းထင်လင်းကမူ နိုင်ငံတော်သတ်မှတ်ထားသည့် တိုင်းရင်းသားလူမျိုး ၁၃၅ အခြေခံသည့် လူမျိုးစု သင်္ကေတတွင်သာ မိမိမျိုးနွယ်စု အမည်များကို ထည့်ပေးရန် ပြောသည်။
“ဗန်မော်မှာ ရှမ်းစာပေ ယဉ်ကျေးမှုအဖွဲ့က စည်းဝေးမှာ လူမျိုး သင်္ကေတ ရှိတဲ့သူတွေက မိမိ လူမျိုးနွယ်စုမှာ ထည့်ပေးကြပါလို့ စည်းဝေးဆုံးဖြတ်ခဲ့ကြတယ်။ ရှမ်းနီက တိုင်းလျန်ပါ။ သူတို့ အခြားမှာ ရှမ်းနီလို့ ထည့်မယ်ဆို ရင်တော့ လူမျိုးစုတွေ ကွဲပြားသွားနိုင်တယ်။ ဒီလိုလုပ်တာက သူတို့ ရှမ်းနီပါတီကို အထောက်အကူပြုဖို့ပါ” ဟု
ဦးစိုင်းထင်လင်းက သုံးသပ်ပြောဆိုသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေသောင်းကလည်း ၂၀၁၄ သန်းခေါင်စားရင်းကောက်ခံရာတွင် ရှမ်းနီမျိုးနွယ်စုများက အခြား တိုင်းရင်းသားမျိုးနွယ်စုတွင် ရှမ်းနီဟု ထည့်သွင်းရန် စည်းရုံုးလျက်ရှိသည်။
ကျားဖြူပါတီကမူ ရှမ်းနီမျိုးနွယ်စုဟု အခြားတွင်မထည့်ပဲ တိုင်းလျန် လူမျိုးနွယ်စု သင်္ကေတတွင် ထည့်ပေးရန် တိုက်တွန်းပြောဆိုနေသည်။