အေမီအောင်(IMNA)။ ။၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် အိမ်အကြောင်း အရာနှင့် သက်ဆိုင်သည့်မေးခွန်းများ ဖြေဆိုရန်ထိတ်လန့်နေကြသည်ဟု တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ခံတို့က ဆိုပါသည်။
မိမိပိုင်ဆိုင်မှုရှိသည့်အတိုင်းကိုပြောပြပါက နောက်ပိုင်းတွင် ငွေဖြူငွေမဲပြဿနာရှာပြီး နိုင်ငံတော်ပိုင် ပြည်သူပိုင်ငွေ ပြုလုပ်သွားမည်ကို စိုးရိမ်နေသည်ဟု ကော့သောင်းမြို့ခံ ရွှေဆိုင်ပိုင်ရှင် နိုင်ဝင်းမောင်က ပြောသည်။
“ကျနော်မှာ သိန်း တစ်ရာရှိရင် သိန်း ၅၀ လောက်ပဲပြောမယ် အစိုးရ အခွန်မကောက် ဘူးဆိုတာမယုံအကြည် မရှိပါ ဘူး” ဟု နိုင်ဝင်းမောင်က ပြောသည်။
သန်းခေါင်းစာရင်းအကြောင်းအရာများကို DVD၊ VCD ဓါတ်ပြားများတွင်လည်းကောင်း၊ TV ဇာတ်ကားကြော်ငြာ မလာမီ တွင်လည်းကောင်း၊ မြန်မာ့ရုပ်မြင်သံကြားတွင်လည်းကောင်း တွေ့နေရသည်ဟု ဒေါ်တင်ပိုက ပြောသည်။
“အိမ်အမျိုးအစား၊ ပိုင်ဆိုင်မှု၊ သုံးတဲ့မီး၊ သောက်တဲ့ရေ၊ ချက်ပြုတ်တဲ့လောင်စာ၊ အိမ်သာကအစ အမိုး အကာအခင်းaဆုံး မေးတယ်ဆိုတော့စိုးရိမ်မိတယ်” ဟု ကော့သောင်းမြို့ ဘုရင့်နောင်ရပ်ကွက်နေ အငြိမ်းစားကျောင်းဆရာမ ဒေါ်တင်ပိုက ပြောသည်။
ကော့သောင်းမြို့၊ ရွှေမင်းဝံရပ်ကွက်နေ မဝေဝေခိုင်က “အိမ်မှာပိုက်ဆံ ဘယ်လောက်ရှိသလဲ ရွှေဘယ်လောက်ရှိ သလဲဆိုတာ မိဘဆွေမျိုးတွေကိုတောင်မှ အမှန်အတိုင်းမပြောတာ၊ အစိုးရကို အမှန်အတိုင်းပြောဖို့ ခက်ခဲပါလိမ့် မယ်” ဟု ပြောသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က “ အခွန်ရဲ့ သဘောတရား က အရေအတွက်လိုတယ် အခုမေးတာက ရေဒီယိုရှိလားလို့ပဲမေးတယ်၊ ဘယ်နှစ်လုံးရှိလဲ၊ ဘယ်ငွေနဲ့ဝယ်ထား သလဲဆိုတာမမေးဘူး၊ အခွန်ရဲ့စည်းမျဉ်းအရ အခွန်ကောက်လို့မရဘူး၊ အခွန်ကောက်ဖို့ လုပ်တာမဟုတ်ဘူး” ဟု ပြောသည်။
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ၊ နံနက် ရ နာရီမှ ညနေ ၆ နာရီအချိန်အထိ စာရင်းကောက်ယူမည်ဖြစ်ရာ ဒေသခံကျောင်းဆရာ/ဆရာမများက တစ်အိမ်တက်
တစ်အိမ်ဆင်းပြီး အိမ်ထောင်စုဝင်အရေတွက်ပေါ်မူတည်၍ စာရင်းကောက်ချိန် ခန့်မှန်းချိန် (၂၅) မိနစ်ခန့်ကြာ မည်ဟု ခန့်မှန်းထားသည်။
သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် နောက်ဆုံးကောက်ယူခဲ့ပြီး သန်းခေါင်စာရင်း မကောက်ယူဖြစ်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ကြာခဲ့ပြီ ဖြစ်သည်။