စူးမလ်၊ ကန္တာရဝတီတိုင်း(မ်)။ ။ ကယားပြည်နယ်အတွင်း မြို့နယ်တစ်ခုချင်းအလိုက် သန်းခေါင်စာရင်း ဆိုင်းပုဒ်ကြီး နှစ်ခု (တစ်ပြည်နယ်လုံးတွင် ၁၄ခု)နှင့် ဆိုင်းပုဒ်ငယ်များကို ပြည်သူများတွေ့မြင်နိုင်မည့်နေရာတွင် စိုက်ထူထားနေသည်ကို တွေ့ရသည်။
ဒီးမော့ဆိုမြို့နယ် လဝက ဦးစီးမှူး ဦးမြင့်နိုင်က “ကျနော်တို့ ဒီးမော့ဆိုမြို့မှာဆိုရင် မြို့မစျေးမှာလူတွေသိအောင် ဆိုင်းပုဒ်ထောင်ထားတယ်။ ပြည်သူတွေအဓိက မြင်နို်င်တဲ့နေရာမှလုပ်ထားပါတယ်။ ပြီးရင်ပိုစတာတွေလည်းလာဦးမယ်။ ဒါတွေကရွာတိုင်းမှာလူအများသိအောင်ကျနော်တို့လုပ်တာပါ” ဟု ကန္တာရဝတီတိုင်း(မ်)သို့ ဆိုသည်။
ပြည်သူများမြင်တွေ့နိုင်ရန်အတွက် ဆိုင်းပုဒ်ကိုထောင်ထားရကြောင်းနှင့် ရပ်ရွာတိုင်းအုပ်စုတိုင်းတွင် လက်ကမ်းစာစောင်များ၊ ပိုစတာများကို ကပ်သွားမည်ဖြစ်ကြောင်းဒီးမော့ဆိုမြို့နယ်လဝက ဦးစီးမှူးကဆိုသည်။
“ဆိုင်းပုဒ်ကိုလူအများသိအောင်ထောင်ထားပေးတယ်။ နောက်ပြီးတော့ ကျနော်တို့က ဟော ပြောတာ လည်းတစ်ကဏ္ဍပေါ့နော်။ ရပ်ကျေးသန်းခေါင်စာရင်းကော်မတီဥက္ကဌဟောပြောတာလည်း တစ်ကဏ္ဍပေါ့။ ဒါပေမယ့် လူအများမြင်သာနိုင်တဲ့နေရာမှာ ကျနော်တို့က သိအောင်ထောင်ထားပေးတာက ဥပမာစျေးမှာ ကပ်ထားတယ်ဆိုရင်စျေးနေ့မှာ အုပ်စုတိုင်းကတက်လာတယ်လေ။ အဲဒါကြောင့်လူတွေမြင်ရင် အော်ဒါက သန်းခေါင်စာရင်းကောက်တဲ့ အကြောင်းပဲဆိုပြီတော့သိကြမှာပေါ့နော်” ဟု ဒီးမော့ဆိုမြို့နယ်လဝက ဦးစီးမှူးက ဆိုသည်။
သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် ဆိုင်းပုဒ်ကိုထောင်ထားခြင်းနှင့် ပတ်သက်ပြီး ဒီးမော့ဆိုမြိို့နယ်အတွင်း နေထိုင်သည့် ဒေါ်လီးမယ်က “ကျမစျေးထဲဝင်သွားတော့ ဆိုင်းပုဒ်ကြီးကြီးထောင်ထားတာတွေ့ပါတယ်။ ဒါပေမယ့် ဘာအကြောင်းနဲ့ပတ်သက်မှန်းမသိဘူး။ သေသေချာချာလည်းမကြည့်မိဘူးလေ” ဟု ဆိုသည်။
ထိုဆိုင်းပုဒ်၏အကြောင်းအရာကိုသေချာမသိသေးသောကြောင့် သေချာမကြည့်မိခဲ့ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် ပတ်သက်ကြောင်းကိုသူများဆီမှသိရကြောင်းနှင့် ပိုမိုသိအောင် ထိုဆိုင်းပုဒ်ကို နောက်တစ် ကြိမ်ထပ်မံသွားကြည့်မည်ဟု ဒေါ်လီးမယ်က ဆိုသည်။
ဒီးမော့ဆိုမြို့နယ်မှူးက “ခုလိုဆိုင်းပုဒ်ထောင်တာဟာ သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး မသိသေးတဲ့သူတွေက လည်းသိမယ်။ သိပြီးသားလူတွေလည်းထပ်သိတာပေါ့။အဲလိုလေးပေါ့ ကျနော့်အမြင်ကတော့ခုလို လူစည်ကားတဲ့နေရာတွေမှာကပ်ထားတာဆိုတော့ထိရောက်မယ်လို့ ထင်တာပေါ့နော်” ဟု ဆိုသည်။
ဆိုင်းပုဒ်ပေါ်တွင်၂၀၁၄ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းပါရှိကြောင်းနှင့် ရုပ်ပုံများလည်းပါရှိသည့်အတွက် စာမဖတ်နိုင်သည့်သူလည်း ရုပ်ပုံကိုကြည့်လျှင်သိရှိနိုုင်သည်ဟု ဆိုသည်။