မော်လမြိုင်တွင် သန်းခေါင်စာရင်းအထူးနည်းပြသင်တန်းပေးမည်

မော်လမြိုင်တွင် သန်းခေါင်စာရင်းအထူးနည်းပြသင်တန်းပေးမည်
by -
နန်းချောင်ဖော့

နန်းချောင်ဖော့(ကေအိုင်စီ)။    ။၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းကောက်ယူမည့် အထူးနည်းပြသင်တန်းကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသာင်္ရီတိုင်းဒေသကြီးရှိပညာရေးဝန်ထမ်းများ မော်လမြိုင်တွင် သင်တန်းတက်ရောက်လိမ့်မည်ဟု ကရင်ပြည်နယ်လဝကရုံး ဒုပြည်နယ်မှူး ဦးစောတင့်လွင်က ကေအိုင်စီကို ပြောသည်။

“မော်လမြိုင်မှာ သွားတက်ရမယ့် အထူးနည်းပြသင်တန်းက ကရင်ပြည်နယ်ကနေပြီးတော့ နည်းပြ ၁၅ ယောက်သွား တက်ရမယ်၊ အဲဒီ ၁၅ယောက်မှာ ဦးတို့ရွေးချယ်ထားတာကတော့ အားလုံးကပညာရေး ဝန်ထမ်းဖြစ်တယ်၊ လဝကတစ်ယောက်ပါမယ်” ဟု လဝကရုံးဒုပြည်နယ်မှူး ဦးစောတင့်လွင်က ပြောသည်။

၄င်းအပြင် ကရင်ပြည်နယ်မှ မော်လမြိုင်သို့သင်တန်းတက်ရောက်သည့် ပြည်နယ်နှင့်တိုင်းအထူးနည်း ပြတို့သည် ကရင်ပြည်နယ် ဘာအံခရိုင်၊ ဖာပွန်ခရိုင်၊ ကော့ကရိတ်ခရိုင်၊ မြဝတီခရိုင်တို့မှ ခရိုင်အဆင့်နည်းပြသင်တန်း များကို ထပ်ဆင့်ပြန်လည်ပို့ချပေးရမည်ဟု ဦးစောတင့်လွင်က ပြောသည်။

တနိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမည့် သင်တန်းကိုအဆင့်လေးဆင့်ခွဲခြားထားပြီး ဗဟိုနည်းပြသင်တန်း၊ ပြည်နယ်နှင့်တိုင်း အထူးနည်းပြသင်တန်း၊ ခရိုင်အဆင့်နည်းပြသင်တန်း၊ စာရင်းစစ်စာရင်းကောက်မြို့နယ် သင်တန်းတို့ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ ့အင် အားဝန်ကြီးဌာန မှသိရသည်။

ဗဟိုနည်းပြသင်တန်းတွင် နိုင်ငံတကာကျွမ်းကျင်ပညာရှင်များနှင့်( UNFPA) တို့မှ လာရောက်သင်တန်းပို့ချပေး မည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေး (လဝက)နှင့် ပြည်သူ့အင်အားဌာန (ပသအ)တို့မှ သင်တန်းသား ၃၇ ဦး
တက်ရောက်မည်ဖြစ်သည်။

သင်တန်းတွင် သန်းခေါင်စာရင်းကောက်ရာတွင် တိကျမှန်ကန်သည့် စာရင်းရရှိနိုင်ရန် မည်သို့ ကောက်ယူရမည်၊ ပြည်သူများအားမေးခွန်များ အလွယ်တကူ နားလည် မှန်ကန်စွာဖြေနိုင်ရန် မည်သို့ လုပ် ဆောင်ရမည်စသည့်တို ့ကို ပြန်လည် သင်တန်းပို ့ချနိုင်ရန် သင်ကြားပေးမည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ပြည်နယ်နှင့်တိုင်း အထူးနည်းပြသင်တန်းကို ဗဟိုနည်းပြသင်တန်းတွင် တက်ရောက်သည့် သင်တန်းသူ/သား များသည် သင်တန်းတစ်ခုလျှင် နည်းပြ(၃)ယောက်ဖြင့် ပြန်လည်ပို့ချပေးမည်ဟု သိရသည်။

ကရင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ကွက်ပေါင်း (၂၀၀၀)ကျော်ရှိပြီး ၄င်းကောက်ကွက်အတွက် ပညာရေးဝန်ထမ်း (၃၀၀၀)ကျော်ကို အသုံးပြုသွားမည်ဟု သိရသည်။

Most read this week