ခိုင်ချိုမာ (ရှမ်းနီ) - ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့နယ်ခွဲ TNDP ရုံး၌ ယင်းမြို့နေထိုင်သူ ရှမ်းနီပါတီနာယကများ၊ အဖွဲ့ဝင်များနှင့် ကျေးရွာ ၉ ရွာမှ ရှမ်းနီ ကျောင်းဆရာမများက သန်းခေါင်စာရင်း ကောက်ခံမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၉ ရက်နေ့က အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ရှမ်းနီပါတီက ရှမ်းနီလူမျိုးစုများကို သန်းခေါင်စားရင်းတွင် ရှမ်းနီဟုသာ ထည့်သွင်းပေးကြရန် ကျောင်းဆရာမများကို တွေ့ဆုံပြောကြားခဲ့ခြင်းဖြစ်သည်။
“ တိုင်းလျှန်ဆိုတာ ကုတ်နံပါတ်ရှိပြီးသား။ ကျွန်တော်တို့ ရှမ်းနီလူတွေက တိုင်းလျှန်ထဲမှာ ထည့်လိုက်ရင် တိုင်းလျှန် လူမျိုးအင်အားကြီးပြီး ရှမ်းနီ လူမျိုးတွေ ပျောက်သွားမှာပေ့ါ။ ဘယ်လို အခက်အခဲရှိပါစေ ရှမ်းနီလူမျိုးတွေ တညီတညွှတ်ထဲ စည်းလုံးညီညွှတ်ရမယ်။ သန်းခေါင်စာရင်းကောက်ချိန်မှာ ရှမ်းနီလို့ ထည့်သွင်းကြဖို့ ပြောကြားတာပါ” ဟု ဟိုပင် TNDP ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက စည်းဝေးပြုလုပ်ခြင်းကို ရှင်းပြသည်။
မတ်လ ၃၀ ရက်နေ့ ကောက်ခံမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ခံမှုတွင် ရှမ်းနီလူမျိုးစုသည် တိုင်းလျှန်လူမျိုးဖြစ်သည့် ကုတ်နံပါတ်တွင် ထည့်သွင်းမိရန် စိုးရိမ်နေကြကြောင်း ဆိုသည်။
“တိုင်းလျှန်ဆိုတာ ဘာသာပြန်ရင် ရှမ်းနီပါပဲ။ တစ်ချို့က ရှမ်းနီ လူမျိုးတွေ တိုင်းလျှန် လို့ထည့်ဖို့ ပြောဆိုကြတယ်။ ဒါကို ရှမ်းနီ ဆရာမများနဲ့ ဒွိဟ မဖြစ်ကြပါနဲ့။ ၂၀၁၄ သန်းခေါင်စာရင်းမှာ ရှမ်းနီလို့ပဲ ထည့်ပေးစေချင်တယ်” ဟု ဦးထွန်းထွန်းဦးက ပြောသည်။
ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုအဖွဲ့ ခေါင်းဆောင် ဦးစိုင်းထိန်လင်းက သန်းခေါင်စာရင်းတွင် ရှမ်းနီ ကုတ်မပါ၍ တိုင်းလျှန်လူမျိုးတွင် ထည့်စေချင်သည်ဟု ဆိုသည်။
“ရှမ်းနီက ၁၃၅ မျိုးမှာ မပါတဲ့ အတွက် အခြားဖြစ်သွားမှာ စိုးတယ်။ သံလမ်းရိုးတစ်လျှောက်လုံးက ဗမာလို့ မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ သူတွေဟာ တိုင်းလျှန်တွေပါပဲ။ ရှမ်းစကားတတ်တဲ့သူက ရှမ်းတွေက မှတ်ပုံတင်မှာ ဗမာလို့ထည့်ထားပေမယ့် သူတို့ကိုယ်သူတို့ တိုင်းလျှန်လို့ လက်ခံတယ်။ ရှမ်းစကားမတတ်တဲ့သူတွေက လက်မခံဘူး။ ရှမ်းနီပါတီက လူမျိုးဖွံ့ဖြိုးတိုးတက်ဖို့ လုပ်နေတာဆိုတော့ ကြားဝင်နေအုန်းမှာပဲ။ အခြားဖြစ်သွားရင် တိုင်းရင်းသားအခွင့်အရေး ဆုံးရှုံးမှာ စိုးလို့ပါ” ဟု သူ၏ အမြင်ကို ရှင်းပြသည်။
စည်းဝေးတက်ရောက်သည့် နန့်ရင်း ကျေးရွာမှ ရှမ်းနီ ဆရာမ ဒေါ်ငယ်ငယ်အောင်က “ကျွန်မတို့ လူမျိုးတွေက ဘိုးဘွားစဉ်ဆက် ဆင်းသက်လာတဲ့ လူမျိုးတွေပါ။ ရှမ်းနီလူမျိုးဟာ ရှမ်းနီလူမျိုးပါပဲ။ ရှမ်းနီကို တိုင်းလျှန်လို့ ထည့်လိုက်ရင် အခွင့်အရေး ဘယ်လိုရရ လူမျိုးတော့ အပျောက်မခံနိုင်ပါဘူး” ဟု ပြောသည်။
ကချင်ပြည်နယ်တွင် ရှမ်းနီလူမျိုး စုစုပေါင်း ၈ သိန်းခန့်ရှိသည်ဟု ရှမ်းနီပါတီမှ သိရသည်။