ကျားဖြူပါတီနှင့် ရှမ်းနီလူမျိုးတစ်စု သန်းခေါင်းစာရင်းနှင့်ပတ်သက်၍ တွေ့ဆုံ

ကျားဖြူပါတီနှင့် ရှမ်းနီလူမျိုးတစ်စု သန်းခေါင်းစာရင်းနှင့်ပတ်သက်၍ တွေ့ဆုံ
by -
ခိုင်ချိုမာ

ခိုင်ချိုမာ (သျှမ်းနီ) - သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်ရှိ ရှမ်းနီလူမျိုးတစ်စုကို ကချင်ပြည်နယ် ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးထွေးမောင်က ဖေဖော်ဝါရီ ၆ ရက်တွင် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် ရှမ်းနီလူမျိုးများမှ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၌ လူမျိုးမေးခွန်းတွင် တိုင်းလျှန်လူမျိုးဟု ထည့်သွင်းစေရန် ပြောဆိုခဲ့သည်။

 “ကုတ်နံပါတ် မကြိုက်လို့ ၉၁၄ ကို လက်မခံဘူး။ ရှမ်းနီက တိုင်းရင်းသားတွေရဲ့ အပြင်ကို ရောက်သွားမှာ စိုးလို့၊ ကုတ်နံပါတ် ၈၂၈ က တိုင်းလျှန် ကုတ်နံပါတ်ရှိပြီးသား။ ၈၂၈ မှာ ထည့်ပေးကြပါလို့ ပြောပါတယ်။ တိုင်းလျှန်က အမျိုးရှိတယ်၊ သမိုင်းရှိတဲ့အတွက် တိုင်းလျှန်လို့ ထည့်လိုက်ရင် လူမျိုးအင်အားကြီးလာမှာဖြစ်တဲ့အတွက် ရှမ်းနီလို့ သတ်သတ် မထည့်ပဲ တိုင်းလျှန်မှာ ထည့်ပေးကြပါလို့ အဓိက ပြောသွားတာဖြစ်တယ်” ဟု  ဦးထွေးမောင်က ရှင်းပြသည်။

ယင်းတွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် ဦးဘမှီက “ကျွန်တော်တို့ ရှမ်းနီ လူမျိုးတွေရဲ့ စည်းလုံးမှုကို ကွဲအောင် လုပ်နေတာပဲ။ သူတို့လူမျိုးများအောင် တိုင်းလျှန်မှာ ထည့်ခိုင်းတယ်။ ရှမ်းနီ လူမျိုးပျောက်အောင် လုပ်နေတာနဲ့ တူတယ်” ဟု ၎င်း၏ အမြင်ကို ပြောသည်။

ဟိုပင်မြို့နယ် ရှမ်းနီပါတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ရှမ်းနီလူမျိုးများ အခြား (other) တိုင်းရင်းသားလူမျိုးတွင် ရှမ်းနီဟု ထည့်ပေးရန် လိုလားကြောင်း ဆိုသည်။