၂၀၀၇ ခုနှစ် ကတည်းက စလို့ အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့တဲ့ ကရင် ငြိမ်းချမ်းရေး ကောင်စီလို့ လူသိ များတဲ့ KNU/KNLA - PC အဖွဲ့ဟာ အပစ်အခတ် ရပ်စဲပြီး နောက်မှာတော့ စာချုပ်ပါ သဘော တူညီချက် တွေအတိုင်း အစိုးရ ဘက်က လိုက်နာ လုပ်ဆောင် ပေးခဲ့ခြင်း မရှိ ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ၄င်းတို့ အဖွဲ့ထိန်းချုပ် ဒေသ တွေမှာလည်း ၄င်းတို့ရဲ့ အခြေစိုက် စခန်းအနီး အထိကို အစိုးရ တပ်စခန်းတွေ ချလာပြီး စစ်ရေး အင်အား တိုးချဲ့ ချလာ နေတယ်လို့ ဆိုပါတယ်။ တပ်ဖွဲ့ ဝင်တွေ ခရီး သွားလာမှု တွေမှာလည်း ပိတ်ပင် တားဆီး မှုတွေ ရှိနေ တယ်။ ဒီအကြောင်းကို ရွှေဟင်္သာ သတင်းဌာနက နေပြီး KNU/KNLA-PC အဖွဲ့က ဗိုလ်မှူးကြီး တိုက်ဂါး လို့ခေါ်တဲ့ စောအယ်လ်ကော်ထူးကို ဆက်သွယ် မေးမြန်း ထားတာကို တင်ဆက် ပေးလိုက် ပါတယ်။
မေး ။ ။ KNU/ KNLA - PC နယ်မြေ ထဲမှာ အစိုးရ စစ်တပ်ရဲ့ လှုပ်ရှားမှု အခြေအနေက ဘယ်လို ရှိလဲ။
ဖြေ ။ ။ အစိုးရ စစ်တပ်က မြဝတီဂွင်၊ ကော့ကရိတ် ဂွင်နဲ့ ဘားအံ ဂွင်တွေမှာ တပ်ရင်း ခဏခဏ ချိန်းတယ်။ တစ်လကို နှစ်ခါ၊ သုံးခါ တပ်အပြောင်း အလဲမျိုး လုပ်ပါတယ်။ တကယ်တော့ ဒီလို အချိန် အခါမျိုးမှာဒါက မဖြစ်သင့် တော့ဘူးလေ။တပ်ရင်း အပြောင်း အလဲ တခါ လုပ်ရင် အနည်းဆုံး (၃) လ မဟုတ် ရင် (၆) လ လောက်မှ တခါ လုပ်သင့် တာပေါ့။ သူတို့ကဒီလို တပ်အပြောင်း အလဲ အရွှေ့ အပြောင်းမျိုး လုပ်နေ ခြင်းအားဖြင့် ကျနော်တို့ ကလည်း မသင်္ကာ စရာမျိုး ဖြစ်လာတယ်။ ဒီတော့ သတိနဲ့ နေနေ ရသလို ဖြစ်နေ ခဲ့တယ်။
မေး ။ ။ အစိုးရ စစ်တပ် ကနေခဏခဏ ချိန်းနေတယ် ဆိုတော့ တပ်ချိန်း ရုံဘဲလား တပ်တိုးချဲ့မှု တွေကော ရှိလား။
ဖြေ ။ ။ သူတို့ ကတော့တပ်လည်း တိုးချဲ့တယ် ပြီးတော့ဂိတ်တွေလည်း တိုးတယ်။ ဒါကြောင့်မြဝတီမှာ ကိုပဲ အနည်းဆုံး ဂိတ် (၁၀) ခုလောက် ရှိနေ တာပါ။ ဒါတောင် (BGF) နယ်ခြား စောင့်တပ် မပါသေးဘူး။ စစ်တပ်တွေ ဘယ်လောက် တိုးချဲ့ နေလဲ ဆိုရင် ကျနော်တို့ အနားအထိ ဂိတ်လာထား ပါတယ်။ ကျနော်တို့က သူတို့ ဘာဆက်လုပ် မလဲဆို တာကိုပဲ သတိ ၀ိရိယ ထားပြီး စောင့်ကြည့် နေရ တာပါ့။
မေး ။ ။ အဲဒီလို အစိုးရ ဖက်က တပ်အင်အား တိုးချဲ့တဲ့ အပေါ်မှာ KNU/KNLA-PC က ဘယ်လို သဘောထားလဲ။
ဖြေ ။ ။ ကျနော်တို့ မြင်တာက တစ်ဘက်နဲ့ တစ်ဘက် ယုံကြည်မှု မရှိလို့ အခုလို သူတို့က စစ်တပ် တိုးချဲ့ ထားတယ်လို့ မြင်ပါတယ်။ ကျနော်တို့ သဘောထားက အခု အချိန်မှာ ငြိမ်းချမ်းရေး ကာလ ဆိုတော့ ငြိမ်းချမ်းရေး ကိုပဲ လိုချင် ပါတယ်။ စစ်တပ် တိုးချဲ့ လိုချဲ့ ဂိတ်တိုးချဲ့လို တိုးချဲ့တဲ့ ပုံစံမျိုး လုပ်ဖို့ မလို တော့ပါဘူး။ ကျနော်တို့ ကိုတော့ ဂိတ်တွေ မထားဖို့ ပြောပြီးတော့ သူတို့ ဖက်ကျတော့ ဂိတ်တွေတိုးချဲ့ လာတာဟာ ဒါက မတရားသော နည်းလမ်း ဖြစ်နေတယ်။ ကျနော် တို့က ကျနော်တို့ နယ်မြေမှာ ကျနော်တို့ နေတာ ဘဲလေ။ အစိုးရ စစ်တပ် ဂိတ်တွေ ကသာ တိုးချဲ့ လာတာပါ။ ဒီဂိတ် တွေကိုသာဖြုတ်ပေး လိုက်မယ် ဆိုရင် တစ်ဖက်နဲ့ တဖက် ယုံကြည်မှု ပိုရှိ လာလိမ့်မယ်။ကျနော် တို့က သူတို့ကို နားလည်မှု ပေးသလို သူတို့ ကလည်း ကျနော် တို့ကို နားလည် ပေးစေချင် ပါတယ်။
မေး ။ ။ KNU/KNLA-PC နဲ့အစိုးရတို့ အပစ် ရပ်ပြီးတဲ့ နောက်ပိုင်းမှာ အစိုးရဘက်ကဘယ်နှစ်ကြိမ်လောက် ဆွေးနွေးပွဲ ခေါ်သေးလဲ။
ဖြေ ။ ။ ၂၀၀၇ ခုနှစ် ဖေဖေါ်ဝါရီ လမှာအပစ်ရပ် ပါတယ်။ အဲဒီ နောက်ပိုင်းမှာ ကျနော် လက်မှတ် ထိုးတဲ့ အပစ်ရပ်ရေး ကိစ္စ အဲဒီ တစ်ကြိမ်ပဲ ကျင်းပ ပေးပါတယ်။ နောက်ပိုင်းတော့ ထူးထူး ခြားခြား တွေ့ဆုံ ဆွေးနွေး ပေးတာ မရှိ တော့ဘူးပေါ့။ ၀န်ကြီး ဦးအောင်မင်း တို့ကတော့ ကျနော်တို့ KNU/KNLA-PC ဌာနချုပ် ဆီကို တစ်ခါ လောက်တော့ လာဘူး တာပဲ ရှိပါတယ်။ အဲဒီတုန်းက အပစ်ရပ် ထားတဲ့အချိန် သဘော တူညီ ထားတဲ့ အတိုင်းကို အကောင်အထည် ဖေါ်ပေးဖို့ ကျနော်တို့ တင်ပြ ပြောဆို ခဲ့တယ်။ ဒါပေမဲ့ ဘာမှ မထူးခြား လာပါဘူး။
မေး ။ ။ ဒါဆိုရင် အစိုးရနဲ့ KNU/KNLA-PC တို့ သဘောတူ လက်မှတ် ထိုးထားတဲ့ အချက်တွေ အပေါ် မှာရော ဘာတွေ အကောင်အထည် ဖော်ဖြစ်လဲ။
ဖြေ ။ ။ ဘာမှ အကောင် အထည် ဖော်မှုမရှိ သေးဘူး။ အစိုးရ ဘက်ကလည်း ဘာမှ လိုက်လုပ် ပေးတာ မရှိသေးဘူး။ ကျနော်တို့ ဆက်ဆံရေးရုံးဟာ မြဝတီမှာ ရှိမယ် ကော့ကရိတ်မှာ ရှိမယ် ဘာအံ၊ မုဒုံ မြို့ဖက်မှာ ရှိပါတယ်။ ကျနော် တို့ရဲ့ ဆက်ဆံရေး ရုံးကို သေနတ် မပါရ၊ ယူနီဖောင်း မဝတ်ရ၊ အရပ်သား ၀တ်စုံ နဲ့ပဲ သွားရမယ် ဆိုတဲ့ တားဆီး ပိတ်ပင် မှုတွေလည်း ရှိပါတယ်။ ကျနော်တို့က အရပ်သား မဟုတ်ဘူး KNU/KNLA-PC စစ်သား ဖြစ်တယ် ဒီတော့ အနည်းဆုံး ပြောရရင် လုံခြုံရေး အတွက်သေနတ် ကိုင်ထား ရမယ်၊ ယူနီဖောင်း ၀တ်ရမယ်။ ကျနော် တို့ကို ပိတ်ပင် တားမယ် ဆိုရင် ကျနော်တို့ နယ်မြေမှာ သူတို့ ကိုယ်တိုင်လည်း သေနတ် မကိုင်နဲ့ ယူနီဖောင်း မဝတ် နဲ့ပေါ့လေ။ အဲဒါမှ မျှတ မှာပေါ့။ အစိုးရ တပ်အနေနဲ့ အရင် လုပ်ပြ ရမှာပေါ့။
မေး ။ ။ ဒါဆို KNU/KNLA-PC စစ်သား တစ်ယောက် အနေနဲ့ ကိုယ့်ဆက်ဆံရေး ရုံးကို သွားဖို့ အခက်ခဲ ရှိနေတာ ပေါ့နော်။
ဖြေ ။ ။ အမှန်တိုင်း ပြောရရင် အခက်အခဲ ရှိပါတယ်။ ကျနော်တို့ ကလည်း စစ်သား ဖြစ်တဲ့ အတွက် ကျနော်တို့ လုံခြံုရေး လိုတယ်လေ။ ကျနော်တို့က ကရင် ပြည်နယ်မှာ ကျနော်တို့ ယူနီဖောင်နဲ့ လုံခြံုရေး အရ သေနတ်ကိုင်ခွင့် ရှိတယ်လို့ ယူဆတယ်။ သူတို့က ဒီအခွင့် အရေးကို တားဆီး နေတယ်။ သူတို့ရဲ့ အကြောင်း ပြချက် ကတော့ ကျနော်တို့ ၀တ်စုံ အပြည့်နဲ့ သေနတ် တွေနဲ့ လာရင် ပြည်သူ လူထုတွေ ကြောက်ကြတယ်တဲဲ့ ။ အမှန်တကယ် ပြည်သူတွေ ကြောက်နေ တာက ကျနော် တို့ကို မဟုတ်ဘူး။ ပြည်သူ လူထုကို ဘာခြိမ်းခြောက် မှုမှ မပါပဲ မေးကြည့်လိုက် အဖြေက အစိုးရ စစ်တပ် ကိုဘဲ သရဲသဘက်ထက်တောင် ပြည်သူလူထုတွေက ပိုကြောက်နေတယ် လို့ပဲ ဖြေကြမယ်။
မေး ။ ။ အစိုးရ ဘက်က သဘော တူညီချက် အတိုင်း အကောင်ထည် မဖော်ပေးတဲ့ အပေါ်မှာ KNU/KNLA-PC အနေက ဘယ်လို သဘောထား ပါသလဲ။
ဖြေ။ ။ ကျနော် တစ်ယောက်တည်း အမြင် သဘောထား ကတော့ အစိုးရက ပြောတဲ့ အတိုင်း ဘာကိုမှ လိုက်ပြီး မလုပ်နိုင် သေးဘူး။ လုပ်ပေးမယ့် အရည်အချင်း မရှိသေးဘူး လို့ဘဲ ပြောရ မှာပေါ့။ အစိုးရ တရပ် အနေနဲ့ရော စစ်တပ်တွေ အနေနဲ့ရော တကယ့် အစိုးရ အဆင့်အတန်း တရပ်နဲ့ မရှိသေးဘူး လို့ပဲ မြင်ပါတယ်။ တကယ်လို့ သူတို့ ဘက်က အဆင့်အတန်း ရှိမယ် ဆိုရင် မတရားတဲ့ အတွေး အခေါ်ကို ပြောင်းလဲ နိုင်ရ မှာပေါ့။ စစ်အင်အားတွေ လျော့ပေး ရမှာပေါ့။ ပြည်သူ လူထုကို ဓားစာခံ မလုပ်ပဲ ကိုယ်ချင်းစာ တရားအရ ပြောင်းလဲ သင့်နေပြီလေ။ ဒုက္ခ ေရောက်နေတဲ့ ပြည်သူ လူထုကို သနားမယ် ဆိုရင် စစ်တိုက်ဖို့ မလိုတော့ဘူး မကောင်းတဲ့ ပြုလုပ် မှုတွေ မကောင်းတဲ့ စိတ်တွေ ပြောင်းလဲ ဖို့ပဲ လိုတယ်။ အခုတောင် ကြည့်လေ၊ ကျနော် တို့က ခရီးသွားရင် သူတို့ကို အကြောင်း ကြားပေး ရမယ်တဲ့။ သူတို့က ကျနော်တို့ နယ်မြေထဲ လာရင်တော့ ဘာမှ အကြောင်း မကြားပဲ သူတို့ သဘောနဲ့ သူတို့ လာတယ်လေ။ ကရင် ပြည်နယ်က ဗမာပြည်နယ် မဟုတ်ဘူး။ ကျနော်တို့ ပြည်သူ လူထုကို ကျနော်တို့ ချစ်တယ် ကျနော်တို့က သူတို့ကို တာဝန်ယူ ကာကွယ် ပေးရ မှာပဲ။ဒါကို ကြည့်ရင် ဘယ်သူက မတရားလဲ ဆိုတာ ပေါ်လွင် ပါတယ်။
မေး ။ ။ KNU/KNLA-PC အနေနဲ့ ကရော နိုင်ငံရေး ဆွေးနွေး ပွဲထဲ ပါ၀င် နိုဖို့ အစီအစဉ် ရှိသလား။
ဖြေ ။ ။ ကျနော်က စစ်သား ဆိုတော့ စစ်ရေး အကြောင်း ကိုပဲ ပိုသိတယ်။ နိုင်ငံရေး ဆွေးနွေး မှုမှာ ပါ၀င်မယ် မပါ ၀င်ဘူးဆို တာကိုတော့ ဗိုလ်မှူးချုပ် ဒေါက်တာ တိမိုတေ (Timoethy) က ပိုပြီး ပြောနိုင် မှာပါ။
မေး ။ ။ လိုချင်နေတဲ့ ငြိမ်းချမ်းရေး ရည်ရွယ်ချက် ရဖို့ အတွက် KNU/KNLA-PC အနေနဲ့ ဘယ်လို အစီအစဉ် မျိုးနဲ့ ဆက်လက် လှုပ်ရှား သွားမှာလဲ။
ဖြေ ။ ။ ငြိမ်းချမ်းရေး ဆိုတာက လိုချင်တဲ့ အခွင့် အရေးကို ပေးမယ် မပေးဘူး ဆိုတဲ့ အပေါ်မှာ မူတည် ပါတယ်။ ကျနော်တို့ ကတော့ (၁) ကရင် ပြည်နယ်ကို ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ပြည်လည် အုပ်ချုပ် ချင်ပါတယ်။ (၂) ကျနော်တို့ လက်နက်က ကျနော်တို့ လက်မှာ ထားပြီးတော့ ကျနော်တို့ ပြည်သူကို ကျနော်တို့ ဘာသာ ကျနော်တို့ ကာကွယ် သွားမယ်၊ (၃) ကတော့ ကရင်လူထု ဘဝ ဖွံ့ဖြိုး တိုးတက်အောင် ကျနော်တို့ ကူညီ ဆောင်ရွက် ပေးရမယ် အဲဒါက ကျနော် တို့ရဲ့ ငြိမ်းချမ်းရေး ရည်ရွယ် ချက်ပဲ။
မေး ။ ။ လက်ရှိ အစိုးရသစ် လက်ထက်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရနိုင် မယ်လို့ မျှော်လင့် ပါသလား။
ဖြေ ။ ။ ဒီမိုကရေစီ ရနိုင်မလား ဆိုတာကို ကျနော်တို့ ပြောလို့ မရဲသေးဘူး။ (၁) အစိုးရဘက်က ပါးစပ်နဲ့ မပြောပဲ လက်တွေ့ အရင် လုပ်ပြ ပေးရမယ်။ (၂) စစ်အင် အားကို လျော့ချ ပေးရမယ်။( ၃) ကရင် ပြည်နယ် ကရင်ပဲ အုပ်ချုပ်ပြီး ကရင် စစ်သားဘဲ ရှိရမယ်။ အခုလိုမျိုး ဗမာတွေကပဲ လာပြီး အုပ်ချုပ်မယ် ဆိုရင် ကရင် အချင်းချင်းလည်း သွေးကွဲ နေဦး မှာပါ။ အဲဒီလို ဆိုရင် လက်ရှိ အနေအထားမှာ ဒီမိုကရေစီ ရဖို့က ဆိုတာက ဘယ်လိုမှ စဉ်စားလို့ ရမှာ မဟုတ် သေးဘူး။
မေး ။ ။ ဒါဆိုရင် KNU/KNLA-PC အနေနဲ့ အစိုးရ နယ်ခြားစောင့်တပ် (BGF) အပေါ် ဘယ်လို သဘော ထားပါလဲ။
ဖြေ ။ ။ ကျနော်တို့က BGF ဖြစ်ဖြစ်၊ အစိုးရ စစ်တပ်ပဲ ဖြစ်ဖြစ် ကျနော်တို့ မခွဲခြားပါဘူး။ စစ်သား တစ်ယောက် ဖြစ်တယ် ဆိုတာ အထက် လူကြီးရဲ့ အမိန့်ကို နာခံ နေရ တာလေ။ အဲဒီတော့ သူတို့ လူကြီးရဲ့ သဘောထား ကိုဘဲ စောင့်ကြည့် လေ့လာ နေရ တာပေါ့။ သူတို့ဟာ လက်အောက်ခံ တပ်သားတွေ မဟုတ် ပါလား။
မေး ။ ။ KNU/KNLA-PC က BGF နဲ့ လက်တွဲပြီး ဘာတွေ ပူးပေါင်း ဆောင်ရွက်ဖို့ ရှိပါ သလဲ။ ပူးတွဲ အကောင် အထည် ဖေါ်တဲ့ လုပ်ငန်း မျိုးပေါ့ ရှိပါ သလား။
ဖြေ။ ။ အခု လက်ရှိမှာ ဆိုရင် အတူတကွ ပူးပေါင်း ဆောင်ရွက် ရမဲ့ အပိုင်းတွေ ရှိလာ သလို ကျနော်တို့ ဘာသာ ကျနော်တို့ လုပ်ဆောင် နေတာလည်း ရှိပါတယ်။ အဖွဲ့ အစည်းက မတူ ပေမယ့် ပြည်သူ လူထု အတွက် ဆိုရင် ပူးပေါင်း လုပ်ဆောင် သွားရ မှာဘဲလေ။ အဲဒီတော့ KNU ဆိုလည်း ပြည်သူ အတွက် DKBA တို့ကလည်း ပြည်သူ အ တွက်ဘဲ လုပ်နေ ကြတယ်။ အဲဒီ လိုပါပဲ BGF က ဗိုလ်မှူးချုပ် စောချစ်သူ တို့ကလည်း ကရင် ပြည်သူ လူထု အတွက် လုပ်ပေး နေတာ ရှိသလို ဗိုလ်မုတ်သုန် တို့ကလည်း သူ့ဒေသမှာ သူလုပ်ဆောင် ပေးနေ တာပါပဲ။ ဒီတော့ ကရင် လူထုနဲ့ ကရင် ပြည်နယ် အတွက် ဆိုရင် ပူးပေါင်း လုပ်ကြမယ် ဆိုတဲ့ ခံယူချက်က တူတူပါပဲ။
မေး ။ ။ အစိုးရ ကိုရော တခြား တိုင်းရင်း သားနဲ့ ပြည်သူ လူထု တွေကိုရော ဘာတွေ ထပ်ဖြည့် ပြောချင် ပါသလဲ။
ဖြေ ။ ။ ကျနော်တို့ နိုင်ငံ ငြိမ်းချမ်းအောင် တိုးတက်အောင် ကျနော်တို့ တဖွဲ့တည်း လုပ်လို့ မပြီး ဘူးလေ။ ကျနော်တို့ ကရင် အချင်းချင်း ပူးပေါင်းမယ်၊ တိုင်းရင်း သားတွေ အားလုံး ပါ၀င်မယ်။ ပြည်သူ လူထုနဲ့ အစိုးရ အာဏာ ပိုင်တွေ ကပါ စစ်မှန်တဲ့ စေတနာနဲ့ ပူးပေါင်းပြီး လက်တွဲ လုပ်ဆောင် ကြမယ် ဆိုရင် နိုင်ငံလည်း ငြိမ်းချမ်း လာမယ်။ ကျနော်တို့ ကရင် ပြည်နယ်လည်း ငြိမ်းချမ်း လာမယ်။ ကမ္ဘာ ကိုပါ ရင်ဘောင်တန်း နိုင်တဲ့ အဆင့် ရှိပါတယ်။ ဒါပေမဲ့ အစိုးရ ဘက်ကသာ ရှိသင့် ရှိထိုက်တဲ့ စီစဉ် မှုတွေ ပူးပေါင်း ဆောင်ရွက် မှုတွေ၊ လက်တွဲပြီး မဆောင် ရွက်ဘူး ဆိုရင်တော့ ငြိမ်းချမ်း ရေးက မျှော်လင့် စရာ မရှိ ပါဘူးလို့ ပြောချင် ပါတယ်။