၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ မြန်မာအတွက် အရှက်ဟက်တက် ကွဲခဲ့လေပြီ။ အာဆီယံ ထိပ်သီးစည်းဝေးပွဲနှင့် ကမ္ဘာ့ခေါင်းဆောင်များ လာရောက်ကြမည့် ထိပ်သီးစည်းဝေးပွဲများက တစ်လပင် မလိုတော့သည့်အချိန်တွင် ရန်ကုန်မြို့လယ်ခေါင်၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လိုလားသူများက အစိုးရကို မနေ့က ဆန္ဒပြကြသည်၊ နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့် အခွင့်အရေးပေးရန် တောင်းဆိုသည်။ တာဝန်သိသည့် တာဝန်ရှိသည့် အစိုးရတစ်ရပ်အတွက် အရှက်မဲ့စေခဲ့ပြီ၊ မပေးသဖြင့် မရသာဖြင့်သာ တောင်းဆိုရသည် မဟုတ်ပါလော။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို တစိုက်မတ်မတ် တောင်းဆိုသော အဖွဲ့အစည်းပေါင်း ၄၀ ကျော်က အလွတ်သတင်းထောက် ကိုပါကြီးကို စစ်တပ်က သတ်ဖြတ်လိုက်မှုကို စုံစမ်းစစ်ဆေးပေးရန် တောင်း ဆိုကြ သည်။ ဥပဒေမဲ့လုပ်ရပ် (ဝါ) အဓမ္မ ပြုကျင့်မှုကို လက်မခံဟု ဆိုကြသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ အသံခြစ်ကာ အော်ဟစ်လိုက်သော "ကိုပါကြီးလို အဖြစ်ဆိုးမျိုး နိုင်ငံသားတွေ မကြံုရအောင် ကြိုတင် ကာကွယ်တာလည်း ဖြစ်တယ်" အသံသည် လူထုပရိ သတ်ကို လှုပ်နှိုးလိုက်သလို ဖြစ်သည်။ ကိုယ်မထိသေး၍၊ ကိုယ်မခံရသေးရသောကြောင့် အနေသာသည်ဟု ထင်မှတ်မနေရန် နိုင်ငံရေးသမား ကိုကိုကြီးက သတိပေးလိုက်ခြင်းဖြစ်သည်။
နှစ်ပေါင်း ၅၀ ခန့် စစ်အာဏာရှင်များအောက် ရောက်ခဲ့ရသော၊ ပြားဝပ်နေအောင် ဖိနှိပ်ခံခဲ့ရသော ပြည်သူများ၊ အရပ်ဘက် အဖွဲ့အစည်းများက ကြိုတင်ကြေညာထားသည့်အတိုင်း ရန်ကုန်မြို့လယ်ခေါင် စုရပ်သို့ ထွက်ခဲ့ကြ သည်။ စစ်တပ်ဖြစ်စေ၊ အစိုးရဖြစ်စေ မတရားလုပ်မှုကို သူတို့သည် ငြိမ်ခံမနေကြတော့၊ မတရားမှုကို မတရားကြောင်း ဆန္ဒထုတ်ဖော်ကြသည်။ သူတို့ လိုလားသည့် တရားမျှတမှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ကို တောင်းဆိုကြသည်။
အစိုးရသည် ပြညသူ့အစိုးရ မဟုတ်ကြောင်း ကိုပါကြီးအသတ်ခံရသည့် ဖြစ်ရပ်က သက်သေခံနေသည်။ စစ်တပ်နှင့် ရဲတပ်ဖွဲ့သည် လက်ယဉ်နေကြောင်း လက်ပံတောင်းတောင်တွင် မီးလောင်ဗုံး သုံးသည့်ဖြစ်ရပ်နှင့် ကိုပါကြီး သတ်ဖြတ်ခံရမှုများကို သာဓကဆောင်ရင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ဟောပြောသည်။
နိုင်ငံတကာ၏ ထောက်ခံမှုနှင့် နိုင်ငံတကာက လက်ခံမှုတို့ကို သဘောကျနေသော သမ္မတဦးသိန်းစိန်အစိုးရနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ တပ်မတော်တို့အတွက် ကိုပါကြီးအသတ်ခံရမှုက သတိထား ဆက်ဆံကြ ရန် နိုင်ငံတကာကို ထပ်မံ အသိပေးလိုက်သလိုလည်း ရှိသည်။ ကိုပါကြီးသည် ကွယ်လွန်ခဲ့သော်လည်း အချက်ပေး ခေါင်းလောင်း ထိုးနိုင်ခဲ့သည်။
ထိုင်းနိုင်ငံတွင် ဗြိတိသျှစုံတွဲတစ်တွဲ အသတ်ခံရမှုတွင် မြန်မာနှစ်ဦးကို တရားခံများအဖြစ် စွပ်စွဲ ဖမ်းဆီးထား သည်။ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာသံရုံးက အမှုမှန် ပေါ်ပေါက်အောင် ကြိုးပမ်းနေသည်၊ ပြည်သူများက နစ်နာသူ ပြည်သူများ ဘက်ကရပ်သည့် သံရုံးနှင့် အစိုးရကို သဘောကျနေကြသည်။ ယခုတော့ မြန်မာနိုင်ငံ သား အလွတ်သတင်းထောက်ကို မြန်မာစစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်ပစ်လိုက်သည်။ ဘယ်သူက လာကူပါမည်နည်း။
တိုင်းပြည်သည် ရှေ့သို့လှမ်းချင်နေသူ များများပါမှ ရှေ့သို့ရောက်မည်ဖြစ်သည်။ ယခုကား အစိုးရနှင့် စစ်တပ်သည် ရှေ့သို့ လှမ်းမည့် ခြေလှမ်းများကို ကိုပါကြီးအား သတ်ဖြတ်လိုက်ခြင်းဖြင့် ရိုက်ချိုးလိုက်သကဲ့သို့ ရှိသည်။ သတင်းစာလွတ်လပ်ခွင့် အနည်းငယ် ရသဖြင့်သာ ကိုပါကြီးအမှုကို ပြည်သူတို့ သိခွင့်ရခြင်းဖြစ်သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လိုလားသူတို့ များပြား အားကောင်း သဖြင့်သာ ကိုပါကြီးကို အရင်းတည်ပြီး ရန်ကုန်မြို့လယ်ခေါင်မှနေ၍ ကမ္ဘာသိ မြန်မာသိ မဟုတ်မခံ ဆန္ဒပြနိုင်ခြင်းဖြစ်သည်။
မဇ္ဈိမက သတင်းထောက်များ၏ လုံခြံုရေးကို တောင်းဆိုသည်၊ နိုင်ငံသားများ၏ တစ်ဦးချင်း လွတ်လပ်ခွင့်ကို လည်း တောင်းဆိုသည်။
သမ္မတဦးသိန်းစိန်အစိုးရနှင့် သမ္မတက ခန့်အပ်ထားသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့အားလည်း "တရားဥပဒေအထက်တွင် မည်သူမျှမရှိ" ဆိုသည့် အဆိုအမိန့်အတိုင်း တရားဥပဒေမဲ့ ပြုကျင့်ခြင်း များ ကို ရှောင်ကြဉ်ရန်နှင့် နိုင်ငံသားတစ်ဦးချင်း၏ အခွင့်အရေးများကို ကာကွယ်ပေးပါရန် မဇ္ဈိမက ထပ်မံတောင်း ဆိုသည်။
မြန်မာနိုင်ငံသား တစ်ဦးချင်းဖြင့် ပေါင်းစပ်ဖွဲ့စည်း တည်ထောင်ထားသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ကမ္ဘာ့အလယ်တွင် ထပ်မံ အရှက်မရစေရန်နှင့် တိုင်းပြည်နှင့် လူထုအကျိုးရည် အစိုးရနှင့် တပ်မတော် ဖြစ်စေ ရန် ရက်ရက်စက်စက် အသတ်ခံခဲ့ရသည့် ကိုပါကြီးအမှုမှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မတီ အမြန်ဖွဲ့၍ တရားဥပဒေ စိုးမိုးသော မြန်မာအဖြစ် ကမ္ဘာကို ပြရန်ဆောင်ရွက်ပါမည့်အကြောင်း အခါခါ အထပ်ထပ် တောင်းဆိုသည်။