၁၉၈၈ခု သြဂုတ်လ၊ ၈ ရက်တွင် မိမိတို့တိုင်းပြည်၌ ပြည်သူတို့၏ ဒီမိုကရေစီ တောင်းဆို အုံကြွမှုကြီး ဖြစ်ပွားခဲ့သည်။ ရှစ်လေးလုံး အရေးတော်ပုံကြီးအဖြစ် ကမ္ဘာကျော်ခဲ့သည်။ သည်ကနေ့သည်ကား ယင်းရှစ်လေးလုံးအရေးတော်ပုံကြီး ၂၆ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။ ပြည်သူတို့သည် ရှစ်လေးလုံး အရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနားများကို နိုင်ငံအနှံ့ပြုလုပ်ကြလိမ့်မည်ဖြစ်သည်။
ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပွားရခြင်း၌ အကြောင်းရင်းများစွာရှိသည်။ မည်မျှပင် အကြောင်းရင်းများ ရှိသည်ဖြစ်ပစေ၊ အရေးအကြီးဆုံးနှင့် အခြေခံကျသော အကြောင်းရင်းမှာ လူထုကြီးတစ်ရပ်လုံး စီးပွားရေး ကျပ်တည်းလွန်းလာသည့်အတွက် နိုင်ငံရေးအရ ဒီမိုကရေစီ အပြောင်းအလဲတစ်ခု ဖန်တီးကာ မိမိတို့၏ စီးပွားရေးအကျပ်အတည်း လွတ်မြောက်စေရေးကို ဖော်ဆောင်ပေးနိုင်မည့် ဒီမိုကရေစီ အစိုးရတစ်ရပ် ပေါ်ပေါက်ရေးနှင့် ယင်းသို့သော အစိုးရ၏ ဦးဆောင်မှုဖြင့် မိမိတို့ဘဝ ဆင်းရဲတွင်းမှ လွတ်မြောက်ရေးပင် ဖြစ်သည်။ ဤသို့ဖြင့် အန်္တိမပန်းတိုင်ဖြစ်သော ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီရေးများကို လက်ဝယ်ရရှိရေးပင်ဖြစ်သည်။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော စစ်တပ်မှ တိုင်းပြည်အာဏာ သိမ်းယူပြီးနောက်ပိုင်း၂၆ နှစ်တာ ကာလကြာမျှ စစ်အစိုးရသည် တစ်ပါတီအာဏာရှင် စနစ်ဖြင့် အာဏာဆက်လက်တည်မြဲရေးကိုသာ အဓိက ဗဟိုပြုရပ်တည်ခဲ့ပြီး တိုင်းပြည် စည်ပင်ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စများကို လျစ်လျူရှုထားခဲ့သည်။ အသွင်အမျိုးမျိုးသော ပြည်သူတို့၏ ဆန္ဒပြတောင်းဆိုမှုများကို ဖိနှိပ်အုပ်ချုပ်သည့်နည်းဖြင့်သာ တစ်စိုုက်မတ်မတ် ဖြေရှင်းနေခဲ့ပြီး ပြည်သူတို့၏အလိုဆန္ဒအမှန်ကို လက်ခံနိုင်စွမ်းမရှိခဲ့ချေ။ ထို့ကြောင့်ပင် ဇူလိုင် ရ ရက်လို ကျောင်းသားအရေးအခင်း၊ ဦးသန့်အရေးအခင်း၊ ကျွန်းဆွယ်အရေးအခင်း၊ ရခိုင်ဆန်လုပွဲအရေးအခင်းနှင့် ရှစ်လေးလုံး အရေးတော်ပုံလို အရေးအခင်းကြီးများ ပေါ်လာခဲ့ရခြင်းဖြစ်သည်။ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်တွင် ဖြစ်ပွားသည့် လူထုအုံကြွမှုကြီးတွင်မူ တစ်ပါတီအာဏာရှင်စနစ် ဖျက်သိမ်းသွားခဲ့ရသည်အထိ ထိရောက်ပြင်းထန်ခဲ့တော့သည်။ သို့သော် ကံမကောင်းအကြောင်းမလှစွာ စစ်တပ်က တိုင်းပြည်အာဏာ သိမ်းခဲ့ပြီး မိမိတို့ပြည်သူများမှာ စစ်အာဏာရှင်
လက်အောက် နှစ်ပေါင်း နှစ် ၂၀ ကျော် ဆက်လက် နေထိုင်ခဲ့ကြရပြန်၏။ ၂၀၁၁ ခု၊ မတ်လ ၃၀ ရက်တွင်မူ ဦးသိန်းစိန်အစိုးရ ပေါ်ပေါက်လာခြင်းဖြင့် တိုင်းပြည်သည် ဒီမိုကရေစီလမ်းစပွင့်လျက် ပြည်သူတို့ လိုလားတောင့်တခဲ့ရသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီးသည်လည်း အသက်ဝင်လာ စပြုခဲ့လေသည်။
အမှန်စင်စစ် သည်ကနေ့ မိမိတို့တိုင်းပြည် မျက်မှောက်ပြုစပြုသည့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးလုပ်ငန်းစဉ် များမှာ ဟိုယခင် ရှစ်လေးလုံးအရေးတော်ပုံကြီးတွင် ပြည်သူတို့ တောင်းဆိုခဲ့သည့် ရည်မှန်းချက်များ ပင်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် သည်ကနေ့ မိမိတို့တိုင်းပြည် လက်ဝယ်ရရှိစပြုသည့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည််ပေါင်းစည်းရေး အကျိုးဆက်များသည်ကား ဟိုယခင် ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် ဆက်လက်မွေးဖွားလာရသည့် အကျိုးဆက်၊ သို့မဟုတ် ရှစ်လေးလုံး အရေးတော်ပုံကြီး၏ အသီးအပွင့်များဖြစ်သည်ဟုပင် ပြောဆိုနိုင်ပေသည်။ သို့သော် လက်ရှိအခြေအနေမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးကိစ္စများမှာ နေ့ချင်းညချင်း လုံးဝပြည့်စုံစွာ ရရှိလာစရာ အကြောင်း မရှိနိုင်သေးချေ။ အထစ်အငေါ့များ၊ လွန်ဆွဲအားပြိုင်မှုများကို မလွဲမသွေ ဖြတ်သန်းကြံုတွေ့ကြရဦးမည်မှာလည်း မြကြီးလက်ခတ်မလွဲပေ။
ထို့ကြောင့် မိမိတို့အနေဖြင့် ရှစ်လေးလုံးအရေးတော်ပုံကြီး၏ အသီးအပွင့်များဟု ယူဆရသည့် ဤလက်ဝယ်ရရှိခါစ နိုင်ငံရေးအပြောင်းအလဲများ၊ ပြုပြင်ပြောင်းလဲမှုများကို မိမိတို့လက်အတွင်းမှ ပြန်လည် လက်လွတ်ဆုံးရှုံးမသွားရလေအောင် သတိကြီးစွာ လုပ်ကိုင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပေသည်။