ပစ္စုပ္ပန်ကာလ မြန်မာ့နိုင်ငံရေး ရေချိန်သည် ရှေ့နောက် ၀န်မမျှ၍ ထမ်းပိုး မငြိိမ်သည်ကို ထိန်းကာသွားနေရ သည့် ရေထမ်းသမား နှင့် တူနေသည်။ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်ရှိ မြန်မာအစိုးရတို့ အပစ်အခတ်ရပ်စဲရေး လုပ်လာခဲ့သည့် ၂နှစ်ခွဲကာလအတွင်း အလွတ်သဘော တွေ့ဆုံမှုအကြိမ် နှစ်ရာကျော်၊ တရားဝင် တွေ့ဆုံ မှုအကြိမ် ခုနှစ်ဆယ်ကျော်အပြင် လူထုအခြေပြုအဖွဲ့များနှင့် အကြိမ်တစ်ရာကျော် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ ၀န်ကြီးဦးအောင်မင်းက ပြည်ထောင်စုလွှတ်တော်၌ တင်ပြရှင်းလင်းသွား ခဲ့သည်။
လတ်တလောဝယ် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ၏ တတိယအကြိမ် ညီလာခံ(ကွန်ဖရင့်)ကို ကချင်ပြည်နယ်၊ ကချင် လွတ်မြောက်ရေးအဖွဲ့(KIO) ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ဇူလိုင်လ ၂၄ရက်မှ ၂၆ရက်အထိ ကျင်းပရန် နဂို လျာထားခဲ့သော် လည်း သုံးရက်နှင့်မပြီးစီးနိုင်သည်မှာ တိကျ သေချာ ခိုင်မာသော ရလဒ်ကောင်းတစ်ခုကို အဖြေရှာနေသည့်သဘောဟု ယူဆမိ ပါသည်။ ညီလာခံ၏ တတိယရက်၌ သဘာပတိတစ်ဦးဖြစ်သူ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဥက္ကဌက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနှင့် ငြိမ်းချမ်းစွာ ဖြေရှင်းနေသည့် နိုင်ငံရေးတိုက်ပွဲတွင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုကို အခြေခံကာ တရားသေဝါဒ၊ အယူအဆများကို သတိထား ရှောင်ကြဉ်ရန်လိုအပ်သည်ဟု ၎င်း၏မိန့်ခွန်းတွင် ဆိုထား၏။
နိုင်ငံပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံအတွင်းရှိ ဘက်ပေါင်းစုံ ခေါင်းဆောင်များ၊ ပံ့ပိုးကြားနေ အင်အားစုများနှင့် ပြည်သူလူထုတို့ ဘက်တစ်ဖက်ချင်းစီ၌ အသွားအပြန် သဘောမျိုး ပုံမှန် ဆောင်ရွက်သင့်သကဲ့သို့ အဓိကညှိနှိုင်းနေကြရသူများကလည်း မျှတ သော အလျှော့အတင်းမျိုးကို လုပ်ဆောင်သင့်သည်။ လက်တွေ့ကျသော၊ မှန်ကန်သော လုပ်ငန်းယန္တရားကို အကောင်အထည် ဖော်ရာတွင် ဘက်နှစ်ဖက်စလုံး အနေဖြင့် မိမိဘက်ပိုင်းအပြင် အခြားတစ်ဖက်ဘက်က ၀င်ကြည့်စဉ်းစားသင့်သော်လည်း ယင်း သို့စဉ်းစားရာ တွင် ရင်ဆိုင်လာခဲ့ပြီးသော သမိုင်းဖြစ်စဉ်များကိုလည်း ချန်ရစ်ထား၍မသင့်ပေ။ တစ်မြေတည်းနေ တစ်ရေတည်း သောက်ကြသူ တိုင်းရင်းသားလူနည်းစုများအပေါ် ကျူးလွန်ခဲ့သမျှ၊ ပြုမူခဲ့သမျှကိုခွင့်လွှတ်၍မူရ နိုင် ကောင်းသော်ငြား မေ့ဖျောက် ၍ မရစကောင်းမို့ ထိုထိုအချင်းအရာများနှင့် နှိုင်းယှဉ်ချိန်ဆ၍သူ့ဘက်ကိုယ့် ဘက် အဆိုးအကောင်း မျှတစွာ လုပ်ဆောင်နိုင်မှ သာ Win-Win ရလဒ်ကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။
အလားတူ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ညှိနှိုင်းဆောင်ရွက်ရာ၌ သတ္တိရှိဖို့ထက် သတိတရား ရှိထားဖို့လည်း အလွန် အရေးကြီးပေသည်။ မိမိတို့အကြား တွေ့ဆုံခဲ့သမျှ အခေါက်ရေတိုင်းနှင့် ဆွေးနွေးခဲ့သမျှ အချက်တိုင်းကိုလည်း တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များအနေဖြင့် သုံးသပ်ဆင်ခြင်နေသည်ဟုလည်း ယုံကြည်သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိ နှိုင်းရေးအဖွဲ့ (Nationwide Ceasefire Coordinating Team –NCCT) ၏ သက်တမ်း ၈လတွင် ခိုင်မာသည့်ရလဒ်တစ်ခုမျှ မထွက်ပေါ်သေးသော်လည်း လက်ရှိအစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ်ထားသည့် ၂နှစ်ခွဲကာ လရောက်သည့်တိုင် မစဲသေးသော တိုက်ပွဲများက မြိုင်ဆိုင်နေဆဲဖြစ်သည်ကိုလည်း လျစ်လျူရှု၍ မရနိုင်ပေ။
တိုင်းရင်းသားခေါင်းဆောင်များ လက်ရှိ ထိပ်တိုက် ရင်ဆိုင်တွေ့ဆုံနေရသူမှာ နှစ် ၆၀ကျော်ကြာ မိမိတို့၏ ရန်သူဖြစ်ခဲ့ပေရာ တစ် နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရာတွင် အပြန်အလှန် ယုံကြည်မှုကို မျှော်လင့်ရင်း လုံးဝဥဿံု ပူးပေါင်းဆောင်ရွက်သည် ထက် အလွန်အကျွံမဖြစ်သော တက်ချည်ဆုတ်ချည် နည်းဗျူဟာဖြင့်သာ စခန်းသွားသင့်နေပေသေးသည်။ အချိန်နှင့်ဒီရေသည် လူကိုမစောင့် ဟူသောစကားရှိ၏။ သို့သော် မြန်မာ့သမိုင်းတစ်လျှောက်လုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက အ မျိုးသားရေးကို အခြေခံကာ တောင်းဆိုနေခဲ့သည့် “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေး” တိုက်ပွဲပန်းတိုင်အ တွက်မူ လက်ရှိ နိုင်ငံရေးအချိန်နှင့် နိုင်ငံရေးဒီရေ၏ မတူကွဲပြားမှုများကို မဟာဗျူဟာ၊ နည်းဗျူဟာမျိုးစုံဖြင့် သေချာ ခိုင်မာစွာ တည်ဆောက်သင့်ပါကြောင်း သုံးသပ်လိုက်ရပေသည်။