ပြည်ပရောက် မြန်မာများကို အကူအညီပေးပါ

ပြည်ပရောက် မြန်မာများကို အကူအညီပေးပါ
by -
မဇ္စျိမ

နိုင်ငံတကာတွင် ရောက်ရှိနေသည့် မြန်မာများက မိမိတို့အခက်ခဲ ကြံုရသည့်အခါ သက်ဆိုင်ရာမြန်မာသံရုံးများ ၏ အကူအညီပေးနိုင်မှုအပေါ် ညည်းတွားမှုများ မကြာခဏ ကြားရလေ့ရှိသည်။ နိုင်ငံကူးလက်မှတ် သက်တမ်း တိုးလိုမှုအပါအဝင် အခြားသိလိုသည့် မေးခွန်းများကို ဖုန်းဆက်မေးမြန်းခြင်းတို့အတွက် မြန်မာသံရုံး အရာရှိများ၏ ဖြေကြားမှု၊ ဆက်ဆံမှုများအတွက် အားမလိုအားမရ ဖြစ်မှုများ၊ ဝေဖန်မှုများ၊မကျေမနပ်ဖြစ်မှု များ ထွက်ပေါ်လာတတ်သည်။

နိုင်ငံတကာရှိ သံရုံးများသည် မိမိတို့နိုင်ငံသားများ အခွင့်အရေးအတွက် တတ်နိုင်သမျှ အကာအကွယ် ပေးကြရမည်မှာ သံရုံးများ၏ ၀တ္တရားနှင့် တာဝန်တစ်ခုလည်း ဖြစ်သည်။ အနောက်နိုင်ငံများသာမက ဒေသတွင်းနိုင်ငံများသည် မိမိတို့နိုင်ငံသား တစ်ဦး၊ တစ်ယောက်က အခြားသောနိုင်ငံတစ်နိုင်ငံတွင် အခက်အခဲဖြစ်နေခြင်း သို့မဟုတ် တစ်စုံတစ်ရာသော အရေးပေါ်ပေါက်ပါက သက်ဆိုင်ရာသံရုံးများက အရေးတယူ လိုက်လံဖြေရှင်းတတ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။

အနီးစပ်ဆုံးသာဓကအဖြစ် သန်္တိသုခဖြစ်စဉ်နှင့်ဆက်စပ်လျက် လူဝတ်လဲ ဖမ်းဆီးခြင်းခံထားရသည့်မြန်မာနိုင် ငံဇာတိ၊ အင်္ဂလန်နိုင်ငံသားများဖြစ်ကြသည့် ဆရာတော် ဦးဥတ္တရနှင့် အခြားသောကိုယ်တော်တစ်ပါးတို့ အတွက် အင်္ဂလန်သံရုံးမှ အရာရှိများ၊ ထောင်ဝင်စာ သွားရောက်တွေ့ဆုံခြင်း၊ ဆရာတော်များလွတ်မြောက် ရန် သံရုံးအရာရှိများ ကြိုးစားနေကြသည်ကို တွေ့ရှိရမည်ဖြစ်သည်။

မိမိနိုင်ငံသားတစ်ဦးကို မည်မျှအလေးထားသည်၊ စောင့်ရှောက်သည်ကို အတုယူဖွယ် တွေ့မြင်ရသည်။ မိမိတို့နိုင်ငံအတွင်း နိုင်ငံခြားသား ခရီးသွားများကို ကူညီပါဟူသည့် ဆိုင်းဘုတ်စိုက်ထူထားသည်ကို နေရာအနှံ့အပြား တွေ့ရှိရသည်။ ပြည်ပ နိုင်ငံသားများ မြန်မာနိုင်ငံသို့လာရောက်စဉ် မိမိတို့ နိုင်ငံသားများက တတ်နိုင်သမျှ အကူအညီပေးရန် တာဝန်ရှိသည်မှာ သဘာဝကျလှပါသည်။ ထို့အတူ ပြည်ပရောက် မိမိနိုင်ငံသားများအတွက် ပြည်ပနိုင်ငံသားများက အကူအညီ မပေးသော်မှ မိမိတို့ သက်ဆိုင်ရာမြန်မာသံရုံးများ က အကူအညီပေးရန် လိုအပ်လှသည်။

နိုင်ငံရေး မတည်မငြိမ်ဖြစ်နေသည့်နိုင်ငံသို့ ရောက်ရှိနေခြင်း၊ ပဋိပက္ခဖြစ်နေသည့် နိုင်ငံသို့ရောက်ရှိနေခြင်း၊ စစ်မက်ဖြစ်ပွားရာ နိုင်ငံတစ်နိုင်ငံသို့ မိမိတို့နိုင်ငံသားများ ရောက်ရှိနေခြင်းတို့အတွက် သက်ဆိုင်ရာ သံရုံးက ကြေညာချက်များ ထုတ်ပြန်ခြင်း၊ လမ်းညွှန်ချက်ပေးခြင်း၊ အခြေအနေဆိုးရွားပါက မိမိနိုင်ငံသို့ အမြန်ဆုံး ပြန်လာနိုင်ရန် အကူအညီပေးခြင်းတို့ ဆောင်ရွက်လေ့ရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။ အလွန် အတုယူဖွယ်ကောင်းသည့် ဓလေ့နှင့် လုပ်ဆောင်မှုများဖြစ်သည်။

လတ်တလော အဖြစ်အပျက်များအဖြစ် ထိုင်းနိုင်ငံတွင် အာဏာသိမ်းပြီးနောက် နိုင်ငံတွင်း တရားမဝင် ၀င်ရောက်ရောက်ရှိနေသူများကို စစ်ဆေးဖမ်းဆီးနေသည်ဖြစ်ရာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် အလွန်စိုးရိမ်ဖွယ် အခြေအနေတွင်ရှိသည်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အကူအညီပေးနေသည့် အဖွဲ့အစည်းများကလည်း မြန်မာသံရုံး၏ အကူအညီပေးနိုင် မှုအပေါ် များစွာ မျှော်လင့်လျက်ရှိနေသည်။ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသို့သွားရောက်အလုပ် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား သိန်းနှင့်ချီရှိသော အလုပ်သမားများအရေးအတွက်အလွန်စဉ်းစား သင့်သည့် အချက်များလည်းဖြစ်သည်။

မိမိတို့နိုင်ငံသားများ အခွင့်အရေးအတွက် ကြေညာချက်ထုတ် ကန့်ကွက်ခြင်း၊ အခွင့်အရေး တောင်းဆိုတင်ပြ ပေးခြင်း၊ အကာအကွယ်ပေးခြင်းများကို အခြားသောနိုင်ငံများကဲ့သို့ မလုပ်ဆောင်ပေးနိုင်သော်လည်း ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ တိုင်ကြားမှုများ၊ တင်ပြမှုများအတွက်လည်း အရေးတယူ လုပ်ဆောင် ဖြေရှင်းပေးရန် သံရုံးအရာရှိများတွင် တာဝန်ရှိသည့်နည်းတူ မိမိနိုင်ငံသားတစ်ဦးတစ်ယောက်ကို သံရုံးတာဝန် ရှိသူ တစ်ဦးဦးက မချေမငံဆက်ဆံမှုများလည်း မပြုသင့်ပေ။

Most read this week