အပစ်အခတ်ရပ်စဲရေး မူကြမ်းအတွက် ခံကတုတ်များ

အပစ်အခတ်ရပ်စဲရေး မူကြမ်းအတွက် ခံကတုတ်များ
by -
မဇ္ဈိမ

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင် ရွက်ရေးအဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး မူကြမ်းနှစ်ခုကို ရန်ကုန်မြို့  မြန်မာ့ငြိမ်းချမ်းရေးဗဟိုဌာနတွင် ဧပြီ ၅ ရက်နှင့် ၆ ရက်တို့က ညှိနှိုင်းဆွေးနွေးရန် လျာထားခဲ့သော်လည်း ပြီးပြတ်ခြင်းမရှိဘဲ ရက်ထပ်တိုး ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိနေသည်။

ဆွေးနွေးမှုရလဒ် အတိအကျကို နှစ်ဖက်ခေါင်းဆောင်တို့က ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့သော်လည်း ဆွေးနွေးမှုများအပေါ် မချင့်မရဲ ထုတ်ဖော်ပြောဆိုမှုများ ပေါ်ထွက်လာခဲ့သည်။ မူကြမ်းအတွက် ဆွေးနွေးမှု ရလဒ်များသည် ၅၀၊ ၅၀ ရာခိုင်နှုန်းသာရှိသေးသည်ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင် ရွက်ရေးအဖွဲ့ဝင် ခွန်ဥက္ကာက ထုတ်ဖော်ပြောဆိုထားသည်။

ခွန်ဥက္ကာ၏ ထုတ်ဖော်ပြောဆိုမှုကို အဓိပ္ပာယ်ဖွင့်ဆိုရပါမူ ရှေ့မတိုးသာ နောက်မဆုတ်သာ အနေအထားတွင်သာ ရှိနေသည်ဟု ဆိုနိုင်သည်။ အလားတူပင် အပစ်အခတ်ရပ်စဲရေး မူကြမ်းအတွက် နှစ်ဖက်စလုံးမှ ခံတုတ်သဖွယ် ချမှတ်ထားသည့် အယူအဆ၊ သတ်မှတ်ချက်များလည်း ရှိနေသေးသည်ဟု ခွန်ဥက္ကာက ဆိုပြန်သည်။

အလားတူပင် မူကြမ်းပါစကားလုံးများနှင့် ပတ်သက်၍ နှစ်ဖက်အမြင် ကွဲပြားလျက်ရှိနေပြီး တိုင်းရင်းသားများ ဘက်က “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ” ဟု သုံးနှုန်းလိုပြီး အစိုးရဘက်ကမူ “တိုင်းရင်းသားလက်နက်ကိုင်များ”ဟုသာ သုံးနှုန်းလိုသည့် အခက်အခဲများလည်း ပေါ်ထွက်လာခဲ့သည်။

ထို့ကြောင့် ရန်ကုန်မြို့တွင် ဧပြီ ၅ ရက်က စတင်ဆွေးနွေးလျက်ရှိသည့် ရလဒ်များအဖြစ် မူကြမ်းကို အချောသတ်နိုင်ရန် ထပ်မံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်ဟူသည့် အထင်ရှားဆုံးရလဒ်တစ်ခုသာ ထွက်ပေါ်လာဖွယ်ရှိသည်။ သို့ဆိုလျင် အပစ်ရပ်မူကြမ်း မည်သည့်ကာလတွင် အချောသတ်ပြီးဆုံးမည်၊ နိုင်ငံရေး ဆွေးနွေးပွဲများ မည်သည့်ကာလတွင် စတင်မည်ကို ခန့်မှန်းရန် ခက်လှသည်။

ပြည်ထောင်စု ငြိမ်းချမ်းမှုဖော်ဆောင်ရေးကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုတို့ ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးမှုအပြီး နိုင်ငံရေးဆွေးနွေးပွဲများ ပြု လုပ်နိုင်ရန် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲသို့ ကေအိုင်အို တက်ရောက်မည်ဟူသည့် ကတိကဝတ်နှင့်အတူ “နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်း ပဋိပက္ခများကို ပထမဆုံးအကြိမ် ရပ်တန့်နိုင်မည်”ဟု မြန်မာ့ငြိမ်းချမ်းရေးဗဟိုဌာနက ထုတ်ပြန်ခဲ့သည်။

အထက်တွင်ဆိုခဲ့သကဲ့သို့ နှစ်ဖက်ခံကတုတ်များသည် နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းပဋိပက္ခများ ရပ်တန့် နိုင်တော့မည်ဟူသည့် အိမ်မက်အတွက် မှေးမှိန်နေသေးသည်ဟု ဆိုရမည်သာဖြစ်သည်။ နိုင်ငံတစ်နိုင်ငံလုံး၏ အနာဂတ် ခြေလှမ်းများအတွက် အခြေခံကျသည့် ဆွေးနွေးမှုများ၊ တိကျသည်မူဝါဒများကို အကျေ အလည် ဆွေးနွေးရမည်ဖြစ်သည်။ သို့သော် ငြိမ်းချမ်းရေးအတွက် နောက်ဆုံးအဆင့်ဖြစ်သော နိုင်ငံရေး ဆွေးနွေးပွဲများအဆင့်အထိ တက်လှမ်းနိုင်ရန် အဆင့်များစွာ၊ ဆွေးနွေးပွဲ မြောက်မြားစွာ လိုအပ်နေဦးမည် သာဖြစ်သည်။

ထို့ကြောင့် ၂၀၁၅ ခုနှစ်သည် မြန်မာ့ငြိမ်းချမ်းရေးအတွက် ပန်းတိုင်ပေလော သို့တည်းမဟုတ် ၂၀၁၅ အလွန်လော မသေချာသေးပေ။ သေချာသည်မှာ နှစ်ဖက်ခံတုတ်များ ရှိနေခြင်းက နှောင့်နှေးမှုများရှိနေ မည်မှာ အသေအချာပင်ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်က အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးပါက သုံးလအတွင်း နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန်ရည်ရွယ်ထားပြီး ပြည်ထောင်စုမှ ခွဲထွက်မည်ဟူသည့် အချက်မှလွဲ၍ ကျန်ရှိအရေးအရာအားလုံးအတွက် တံခါးဖွင့်ထားသည်ဟု ဆိုသည်။

သမ္မတက တံခါးဖွင့်ထားသည်ဆိုသော်လည်း ငြိမ်းချမ်းရေးခန်းမအတွင်းသို့ ၀င်ရောက်မည့် နှစ်ဖက်ပုဂ်္ဂိုလ်များအတွက် ခံကတုတ်များရှိနေသည်ဟု ထုတ်ဖော်ပြောဆိုလာကြပြီဖြစ်သည်။ တစ်ဖက်တွင်မူ စစ်ဘေးဒဏ်သင့်ဒုက္ခသည်များ၊ နယ်မြေမဖွံ့ဖြိုးမှုနှင့်အတူ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ တိုက်ပွဲ များကြောင့် နှစ်ဖက် နိုင်ငံသားများ ကျဆုံးမှုစသည့် ဆုံးရှုံးနေမှုများ ဆက်လက်ဖြစ်ပေါ်မလာရန် လိုအပ်ပါလိမ့်မည်။ သို့အတွက်ကြောင့် နှစ်ဖက် ခံတုတ်များ ဖြေလျှော့ကြရန် တိုက်တွန်းပါသည်။