လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြောင့် တိုင်းရင်းသားတွေ "ကိုယ့်ဒေသမှာ ကိုယ့်သတင်းမလုပ်ရဘဲ ရန်ကုန်ကနေ လာလုပ်ရတဲ့ အနေအထားမျိုး ရောက်သွားနိုင်တယ်" … နိုင်ငံတကာမြန်မာ့သတင်းဌာန

လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြောင့် တိုင်းရင်းသားတွေ "ကိုယ့်ဒေသမှာ ကိုယ့်သတင်းမလုပ်ရဘဲ ရန်ကုန်ကနေ လာလုပ်ရတဲ့ အနေအထားမျိုး ရောက်သွားနိုင်တယ်" … နိုင်ငံတကာမြန်မာ့သတင်းဌာန
by -
ကန္တာရဝတီတိုင်း(မ်)

ဇူလိုင်လ ၄ ရက်နေ့မှာ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို တိုင်းရင်းသားမီဒီယာ အများစု ပါ၀င်ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ မြန်မာ့သတင်း (BNI) မှ ကန့်ကွက်ကြောင်း ဇွန်လိုင်လ ၉ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ BNIအဖွဲ့ရဲ့ ပြောခွင့်ရ ဦးခိုင်မြတ်ကျော်နဲ့ နန်းဖောဂေတို့ကို ကန္တာရဝတီတိုင်း(မ်)မှ ဆက်သွယ် မေးမြန်း ထားပါတယ်။

ကေတီ - ပထမဦးဆုံးအနေနဲ့ ပုံနိပ်ခြင်းနဲ့ ထုတ်ဝေခြင်းဥပဒေကို ပြန်ကြားရေးဝန်ကြီးဌာနက ထိန်းချုပ်ခွင့် ရသွားမယ်ဆိုရင် တိုင်းရင်းသားဒေသက မီဒီယာဖွံ့ဖြိုးတိုးတက်မှုအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲဆိုတာကို ပြောပြပေးပါ... ဒီမေးခွန်းကို ဦးခိုင်မြကျော်အနေနဲ့ ဖြေကြားပေးပါခင်ဗျ။

ဦးခိုင်မြတ်ကျော် - အခု ပုံနိပ်ခြင်းနဲ့ ထုတ်ဝေခြင်းဥပဒေဟာ လိုသလို အဓိပ္ပါယ်ဖွင့်ဆိုလို့ ရတဲ့ အတွက် တိုင်းရင်းသား ဒေသတွေမှာ မီဒီယာကို သက်ဆိုင်ရာ အာဏာပိုင်တွေက ထိန်းချုပ်မူ ပိုများလာနိုင်တယ်။ ဒါ့ပြင် လူအခွင့်အရေး ချိုးဖေါက်မူ အများဆုံး ဖြစ်ပွားနေတာက တိုင်းရင်းသား ဒေသတွေမှာဆိုတော့ ဒီဥပဒေကို အကာအကွယ်ယူပြီး အမှန် တရားကို ဖေါ်ထုတ်တဲ့ တိုင်းရင်းသား မီဒီယာတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ခြိမ်းခြောက်တာတို့၊ တရားစွဲတာ ပို လုပ်လာနိုင်တယ်။ နဂိုကမှ တိုင်းရင်းသား သတင်းဌာနတွေကို သူပုန် သတင်းဌာနတွေလို့ စွပ်စွဲထားတာ သူတို့က ဒီဥပဒေနဲ့ အပြတ် နှိပ်ကွက်နိုင်တယ်။ ဒါကြောင့် တိုင်းရင်းသား မီဒီယာတွေရဲ့ လွှတ်လပ်ခွင့်ကို အကြီးအကျယ် ထိခိုက်နိုင်တယ်။ ကိုယ့်ဒေသမှာ ကိုယ်သတင်းမလုပ်ရဘဲ ရန်ကုန်ကနေ လာလုပ်ရတဲ့ အနေအထားမျိုး ရောက်သွားနိုင်တယ်။

ကေတီ - ဘီအဲန်အိုင် ထုတ်ပြန်ချက်ထဲမှာ ဦးခိုင်မြတ်ကျော်ပြောထားတာက သတင်းမီဒီယာတွေအတွက် သီးခြားမှတ်ပုံတင်တာမျိုး မလိုဘူးဆိုတော့ အခုလို အသွင်ကူးပြောင်းရေးကာလမှာ မီဒီယာတွေအနေနဲ့ ဘယ်လိုပုံစံမျိုး သွားသင့်သလဲလို့ မြင်လဲ။

ဦးခိုင်မြတ်ကျော် - ကျွန်တော်တို့ သတင်းသမား ကျင့်ဝတ် Ethic ဆိိုတာ ရှိပါတယ်။ သတင်းသမား ဖြစ်ရင် အဲဒီကျင့်ဝတ်ကို အနည်းနဲ့အများ လိုက်နာရပါတယ်။ ဒီလိုပါဘဲ ပုံနှိပ်သူတို့ ထုတ်ဝေသူတို့လည်း လိုက်နာကြရတာပါဘဲ။ ဒါက လွှတ်တော်ထိ တင်ပြီးလည်း ဆွေးနွေးစရာ အတည်ပြုစရာ မလိုဘူး။ စာနယ်ဇင်း ကောင်စီလောက်နဲ့ ပြီးမယ့် ကိစ္စတွေပါ။ အခုကြည့်ပါ။ ပုံနှိပ်ထုတ်ဝေခွင့်၊ ဖြန့်ချီခွင့်နဲ့ သတင်းအေဂျင်စီ လုပ်ပိုင်ခွင့်တွေအားလုံးကို ပြန်ကြားရေး ၀န်ကြီးက ချုပ်ကိုင်ထားလိုက်ပြီ။ မှတ်ပုံတင်ခွင့်ကိုကော၊ သက်တမ်းသတ်မှတ်မှုကော၊ သတ်တမ်းတိုးမြှင့်မှုကော ၀န်ကြီးဌာနက ထိန်းချုပ်လိုက်ပြီ။ ဒါဟာ အရင်အစိုးရ လက်ထက်က ထုတ်ထားတဲ့ ဥပဒေအတိုင်းဘဲ။ ဒါဟာ မီဒီယာလွတ်လပ်ခွင့် မဟုတ်တဲ့ အတွက် ဒီလို ကြိုးနီစနစ်တွေကို အခုလို ကာလမျိုးမှာ ဖယ်ရှားပစ်ဖို့ လိုပါတယ်။

ကေတီ - ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အဘက်ဘက်က ပါ၀င်ကြိုးပန်းနေတဲ့ အခြေအနေအောက်မှာ အများပြည်သူ အကျိုးပြုမီဒီယာရဲ့ အခန်းကဏ္ဍက အရေးကြီးလှပါတယ်လို့ ကျနော်တို့ ကေတီအနေနဲ့ ရှုမြင်ပါတယ်။ ပြည်သူလူထုရဲ့ ဘဏ္ဍာငွေကို အသုံးပြုမည့် အများပြည်သူ အကျိုးပြုမီဒီယာမှာ အစိုးရပိုင်သတင်းဌာနက သူတို့တွေနဲ့မဖြစ်သင့်သလို အတိုက်ခံအင်အားစုက သူတွေလဲမပါသင့်ပါဘူူး။ ဒါကြောင့် လက်ရှိမြန်မာ့မီဒီယာလောကမှာ ဘယ်သူတွေဖြစ်သင့်သလဲ။ အဲ့လိုဖြစ်ဖို့ အဆင်သင့်ကော ရှိနေပြီလား... မနန်းဖောဂေအနေနဲ့ ဦးစွာရှင်းပြပေးပါ... ဦးခိုင်မြကျော် အနေနဲ့ကကော ဘယ်လိုမြင်လဲ...။

နန်းဖောဂေ - အများပြည်သူ အကျိုးပြု မီဒီယာဆိုရာမှာ လက်ရှိ မြန်မာ့မီဒီယာလောကထဲက လူထုနဲ့ အစိုးရကို အသေအချာ ချိတ်ဆက်ပေးနိုင်တဲ့၊ မီဒီယာကို နိုင်ငံရေးလက်နက်သဖွယ် အသုံးချခြင်းမရှိတဲ့ သတင်းစာနယ်ဇင်းသမားတွေ ပါ၀င်သင့်ပါတယ်။ အဲလိုဖြစ်ဖို့က ရာခိုင်နှုန်းပြည့် အဆင်သင့် မရှိသေးပါဘူး။ အဓိက တိုင်းရင်းသားပြည်နယ်ဒေသတွေ အပါအဝင် တနိုင်ငံလုံးမှာ သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာဖို့ကို အရင်လုပ်သွားပြီးမှသာ အများပြည်သူ အကျိုးပြုတဲ့ မီဒီယာလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မယ်လို့ မြင်ပါတယ်။
 
ဦးခိုင်မြတ်ကျော် - ကျနော့်အမြင်ကတော့ ဘယ်အဖွဲ့အစည်းကမှ နိုင်ငံတော် ဘဏ္ဍာကို သုံးပြီး မီဒီယာနဲ့ ပါတီအကျိုး၊ ပုဂ္ဂိုလ် တစုံတဦး အကျိုးကို လုပ်တာကို မလိုလားဘူး။ နိုင်ငံတော် အနေနဲ့ ရေဒီယို၊ ရုပ်မြင်သံကြားကိုတော့ တစ်စုံတစ်ရာ အတို်င်းအတာထိ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် ၀ါဒဖြန့် လက်နက် အဖြစ် အသုံးမပြုဖို့ လိုပါတယ်။

ကေတီ - နောက်ဆုံးမေးခွန်းအနေနဲ့... တိုင်းရင်းသားတွေရဲ့အသံတွေ၊ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ မီဒီယာတွေ ဖွံ့ဖြိုးတိုးတက်မှုရှိလာဖို့ ဘီအဲန်အိုင်အနေနဲ့ လက်ရှိဘာတွေ လုပ်နေပြီလဲ...။ အတိုက်ခံအင်အားစုနည်းတဲ့ လက်ရှိလွတ်တော်ကနေ အခုလို မီဒီယာတွေအပေါ် ထိန်းချုပ်မှုတွေလုပ်ဖို့ ဥပဒေတွေရေးဆွဲအတည်ပြုတဲ့ အခြေအနေကိုကော ဘယ်လိုကြိုးပမ်း ကျော်ဖြတ်ကြမလဲ... နှစ်ဦးစလုံးဖြေပေးပါခင်ဗျ။

ဦးခိုင်မြကျော် - တိုင်းရင်းသား မီဒီယာတွေကို တချို့က အသိအမှတ်ပြုဖို့ တောင်းဆိုကြတာကို တွေ့ရပါတယ်။ ဒါဟာ ဖက်ဒရယ်လို နိုင်ငံရေးစနစ် မဟုတ်တဲ့အတွက် တောင်းဆိုဖို့ မသင့်ဘူးလို့ မြင်တယ်။ ဒါဟာ မိမိတို့ကြိုးစားမူနဲ့ ဆိုင်တယ်။ တိုင်းရင်းသား မီဒီယာတွေ ကြိုးစားကြပါ။ တကယ်တိုးတက်လာပြီး နိ်င်ငံတကာ ရင်ဘောင်တန်းလာနိုင်တဲ့အထိ ဖြစ်လာရင် တိုင်းရင်းသား မီဒီယာကို အသိအမှတ် မပြုလို့ကို မရတော့ဘူး။ ဒါကြောင့် အရာရာကို ကျော်လွှားဖို့ဆိုရင် တိုင်းရင်းသား မီဒီယာတွေ ကြိုးစားကြဖို့ လိုပါတယ်။ တစ်ဘက်တော့ တိုင်းရင်းသား မီဒီယာ ညီညွတ်ရေးကို ခိုင်ခန့်အောင် တည်ဆောက်ထားဖို့ လိုပါတယ်။

အခုလို မလိုလားအပ်ဘဲ အစိုးရကထုတ်တဲ့ ဥပဒေတွေကို ကျော်လွှားမယ်ဆိုရင် အများပြည်သူ အကျိုးကို ရှေးရှုတဲ့ တိုင်းပြည် ကောင်းစားရေးကို လိုလားတဲ့ မြန်မာနိုင်ငံက မီဒီယာ အဖွဲ့အစည်းကြီးတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ လက်တွဲပြီး တိုက်ပွဲဝင်ဖို့လိုပါတယ်။

နိုင်ငံတကာ မြန်မာ့သတင်း (BNI) အဖွဲ့ဝင်များ
1-Independent Mon News Agency     မွန်                                                                    
2-Kachin News Group                      ကချင်                                                                 
3-Kaladan Press                              ရိုအင်ဂျာ                                                                 
4-Kantarawaddy Times                    ကရင်နီ(ကယား)                                                                
5-Phophtaw News Association           မွန်                                                                              
6-Karen News                                 ကရင်                                                                  
7-Khonumthung News                     ချင်း                                                                        
8-Mizzima News                              မဇ္ဈိမ                                                                 
9-Narinjara News                            ရခိုင်                                                               
10-Network Media Group                 သတင်းမီဒီယာကွန်ယက်                                                       
11-Shan Herald Agency for News      ရှမ်း

Most read this week