ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု၏ ဓာတ်ပုံသတင်းထောက် စောလောအဲ့စိုးအား ကရင်သတင်းဌာန (ကေအိုင် စီ)မှ သတင်းထောက် စောခါးစူးညားမှ ဇန်နဝါရီလ ၉ရက်နေ့တွင် ဆက်သွယ်မေးမြန်းထားချက်ဖြစ်သည်။
စောလော်အဲ့စိုးသည် အဖ ဦးတင်စိုး၊ အမိ နော်မော်လူသာယာတို့၏ သားသုံးဦးအနက် အကြီးဆုံးဖြစ်ပြီး ၁၉၇၁ခုနှစ် မတ်လ ၁၉ရက်နေ့တွင် ကရင်ပြည်နယ်၌ ဖွားမြင်ခဲ့သည်။ ကျောင်းအမည် စောသူရစိုး ခေါ် စောလောအဲ့စိုးသည် မူလတန်းပညာကို ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ဇာသပြင်ကျေးရွာ၊ အလယ်တန်းပညာကို အိန္ဒုကျေးရွာ၊ ထို့နောက် အထက်တန်းအဆင့်ကို ဘားအံမြို့ အထက(၁)ကျောင်းတွင် သင်ကြားခဲ့ပြီး ၁၉၈၇ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။
၁၉၈၈ခုနှစ် အရေးအခင်း ဘားအံမြို့၌ ဓါတ်ပုံကို စတင် ရိုက်တတ်ခဲ့ပြီး အရေးအခင်းအပြီး မြန်မာတနိုင်ငံလုံး တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများ အားလုံးကို နဝတအစိုးရမှ ပိတ်ပစ်လိုက်သည့်အချိန်တွင် ဘားအံမြို့ နှစ်ခြင်းခရစ် ယာန်ဘုရားကျောင်းအတွက် မှတ်တမ်းဓါတ်ပုံ၊ သာရေးနာရေး ဓါတ်ပုံများကို စရိုက်ခဲ့သည်။ အထူးသဖြင့် ဘားအံမြို့ ကန်သာ ယာတွင် ဓါတ်ပုံဆရာအဖြစ် ဘဝကို စတင်ခဲ့သည်။
၁၉၉၁ခုနှစ်၊ နိုဝင်ဘာလတွင် ဖခင်ဖြစ်သူ၏ဆန္ဒကို လိုက်လျောသည့်အနေဖြင့် ရန်ကုန်တက္ကသိုလ်၌ ဥပဒေဘာသာရပ်ဖြင့် ၁၉၉၆ခုနှစ်က ဘွဲ့ရရှိခဲ့သည်။ တက္ကသိုလ်ပညာ အောင်မြင်ပြီးနောက်ပိုင်း မိမိ၀ါသနာပါခဲ့သည့် ဓာတ်ပုံပညာဖြင့် အသက်မွေး ၀မ်းကျောင်းရင်း ဘဝကို ခရီးဆက်ခဲ့သည်။ ၂၀၀၃ခုနှစ်တွင် နိုင်ငံခြားသတင်းဌာန(AFP)ဖြစ်သည့် ပြင်သစ်သတင်းဌာနတွင် ဓါတ်ပုံသတင်းထောက်အဖြစ် ၂၀၀၅ခုနှစ်အထိလည်းကောင်း၊ (European Press photo Agency-EPA) သတင်းဌာနတွင် ၂၀၀၅ခုနှစ်မှ ၂၀၀၇ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်း ဖြစ်ချိန်အထိ ဓာတ်ပုံ သတင်းထောက်အဖြစ် အလုပ်လုပ်ခဲ့သူ ဖြစ် သည်။ ထိုသံဃာ့အရေးအခင်းတွင်ပင် စစ်အစိုးရ ထောက်လှမ်းရေးအာဏာပိုင်များ၏ လိုက်လံဖမ်းဆီးမှုကြောင့် ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၂၀၀၈ခုနှစ်၊ မတ်လ ၁၉ရက်နေ့တွင် နိုင်ငံရေးခိုလှုံခွင့် အစီအစဉ်ဖြင့် အမေရိကန်ပြည် ထောင်စုကို သွားရောက်အခြေချနေထိုင်ခဲ့သူ ဖြစ်သည်။ စောလောအဲ့စိုး ရိုက်ယူခဲ့သည့် သပိတ်ကိုကိုင်မြှောက်နေသော ကိုရင်လေးတစ်ပါး၏ ဓာတ်ပုံမှာ ကမ္ဘာကျော်ဖြစ်ခဲ့သည်။
မေး - ပထမဦးဆုံးအနေနဲ့ ကိုလော်အဲ့စိုး အကြောင်းကို Click in fear မှတ်တမ်းရုပ်ရှင်အဖြစ် ဖန်တီးပြီးတော့ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်မှာ ဆုရခဲ့တဲ့အထိ လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ စိုင်းကျော်ခိုင်ကို ရင်ထဲက ဘာတွေ ပြောချင်ပါသလဲ။
ဖြေ - သူ့ကိုလည်း အထူးကျေးဇူးတင်ပါတယ်ပေါ့နော်။ နောက်တခုရှိတာက ဖြစ်ပျက်ခဲ့တဲ့ဟာတွေကို သူ့ရဲ့အနုပညာနဲ့ ပြန်ပြီး တော့ ပြည်သူတွေသိအောင် ဖော်ပြပေးတယ်။ အထူးသဖြင့် ဒီရုပ်ရှင်ပြပွဲမှာလည်း ဒီမှတ်တမ်းကို မြန်မာပြည်ကို ပို့ပြီးတော့ ပြိုင် တဲ့အခါမှာ ကျနော့်အကြောင်းဆိုတာထက်ကို တကယ့် ရွှေဝါရောင်တော်လှန်ရေးအကြောင်းကို သူပိုပြီးတော့ သိတယ်။ နောက်ပြီးတော့ သတင်းထောက်တွေရဲ့ အခန်းကဏ္ဍကို လူထုတွေ ပိုပြီးတော့ ထင်ထင်ရှားရှား မြင်လာအောင် တင်ပြတဲ့အ တွက်ကြောင့်မို့လို့ အများကြီး ဂုဏ်ယူမိပါတယ်။
မေး - တကယ်ဆိုရင် ကိုလောအဲ့စိုးက သတင်းဌာနတွေကို အင်တာဗျူးပေးလေ့ မရှိဘူးပေါ့နော်။ ကိုစိုင်းကျော်ခိုင်ကိုကျတော့ ဘယ်လိုဖြစ်လို့ အင်တာဗျူးအမေးခံဖြစ်ခဲ့ရတာလဲ။
ဖြေ - ကျနော်လည်း ဒီ(ထိုင်း-မြန်မာ)နယ်စပ်ကို ရောက်ကတည်းက ဘယ်မီဒီယာနဲ့မှ ကျနော်မတွေ့ဘူး။ ကျနော့်ဟာကျနော် အေးအေးဆေးဆေးပဲ နေတယ်။ ဘယ်သူ့ကိုမှ အင်တာဗျူး မပေးချင်ဘူး။ ပေးချင်တဲ့စိတ်လည်း မရှိဘူးလေ။ ဒါပေမယ့် ပဒိုမန်းရှာ (၂၀၀၈ခုနှစ်မှာ လုပ်ကြံခံရတဲ့ KNU အတွင်းရေးမှူးချုပ်)ရဲ့ ရက်လည် တစ်လပြည့်တဲ့ အခမ်းအနားမှာ ကိုသာမည(ဒီဗွီဘီ)နဲ့ ကိုစိုင်းကျော်ခိုင်ကို ကျနော်တွေ့တယ်။ တွေ့တဲ့အခါကျတော့ သူတို့က ကျနော့်ကို ကိုလော်အဲ့စိုး ကျနော့်တို့ကို အင်တာဗျူး ပေးပါ။ မလုပ်ချင်ဘူးဗျာ။ ကျနော် အင်တာဗျူးလည်း မဗျူးချင်ပါဘူး။ ဖြစ်လို့လဲဆိုတော့ သတင်းထောက်တယောက်က သူလုပ် သင့်လုပ်ထိုက်တဲ့ အရာတခုကို သူလုပ်တာပဲလေ။ လုပ်သင့်လုပ်ထိုက်တဲ့အရာကို လုပ်ပြီး ကျနော်ထွက်လာတယ်။ ဒီမှာကျ တော့လည်း ကျနော် မပြောချင်ဘူးပေါ့နော်။ ဒါပေမယ့် စိုင်းကျော်ခိုင်ကပဲ ကျနော့်ကို ပြောတယ်။ ခင်ဗျား လုပ်ဆောင်ခဲ့တဲ့ အရာတွေကို ပြည်သူလူထုတွေ သိအောင် လက်ဆင့်ကမ်းပေးပါလား။ နောက်ပြီးတော့ ခင်ဗျားရဲ့ လုပ်ဆောင်မှုတွေ လူထုတွေ သိစေချင်တယ်။ အဲဒီအချက် ၂ချက်ကိုကျတော့ ကျနော်လည်း မငြင်းတော့ပါဘူး။ လက်ခံလိုက်တယ်။
မေး - ရွှေဝါရောင် သံဃာ့အရေးအခင်းမှာ အခန်းကဏ္ဍတခုကနေ ကိုယ်တိုင်ပါ၀င်ခဲ့တာကို ဒီမှတ််တမ်းရုပ်ရှင်ထဲကနေ ပြန် ကြည့်လိုက်တဲ့အခါ စိတ်ထဲမှာ ဘယ်လိုခံစားရပါသလဲ။
ဖြေ - ကျနော့်စိတ်ထဲမှာ မနေ့တနေ့တုန်းကလိုပဲ ဖြစ်နေတဲ့ အနေအထားတွေကို ပြန်ပြီးတော့ ခံစားမိတယ်လေ။ နောက်တစ် ချက်က ဘာလဲဆိုတော့ ရဟန်းတွေရဲ့ တိုင်းပြည်ချစ်စိတ်၊ အမှန်တရားပေါ်မှာ ဘက်မလိုက်ဘဲနဲ့ ရပ်တည်တဲ့စိတ်၊ ပြည်သူလူ ထုတွေရဲ့ ဒုက္ခ၊ သောကအခက်အခဲတွေကို ပြည်သူပြည်သားတွေနဲ့ တသားတည်းခံစားပြီးတော့ ရှေ့တန်းကနေ မားမားမတ် မတ် ရပ်ခဲ့တဲ့ဟာကို သမိုင်းမှာ ကျနော် ဘယ်တော့မှလည်း မေ့ပျောက်လို့ မရဘူး။ ဒါ အင်မတန်မှ ကြီးမားသော သမိုင်းမှတ် တိုင်တခုပဲလေ။ အဲဒါကို သူတို့တွေရဲ့သတ္တိ၊ စွန်လွှတ်အနစ်နာခံမှု အဲဒါကိုကြည့်ပြီးတော့ ကျနော် သူတို့ကို လေးစားတယ်။ တန်ဖိုးထားတယ်။ နောက် တကယ့် သမိုင်းမှတ်တိုင်တခုကို ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တဲ့အပေါ်မှာလည်း သူတို့ကို ကျနော် အမြဲတမ်း ချီးကျူးပြီးတော့ အမြဲတမ်း လေးစားပါတယ်။ အဲဒါ (Click in fear)ကို ကျနော် ပြန်ကြည့်တိုင်းလေ။
မေး - ကိုယ်ကိုယ်တိုင် ဓါတ်ပုံသတင်းယောက်အနေနဲ့ ပြည်တွင်းမှာ ကျန်ရှိနေသေးတဲ့ သက်စွန်ဆံဖျား ဓာတ်ပုံလိုက်ရိုက်နေရ တဲ့ ဘဝတူ မိတ်ဆွေဓါတ်ပုံသတင်းထောက်တွေကို ဘာပြောချင်ပါသလဲ။
ဖြေ - နိုင်ငံခြားသတင်းဌာနမှာပဲ အလုပ်လုပ်၊ ပြည်တွင်းက သတင်းဂျာနယ်မှာပဲ အလုပ်လုပ်၊ လုပ်နေကြတဲ့သူ ဓါတ်ပုံသတင်း ထောက်တွေပေါ့နော်။ တခါတလေ ကျနော်တို့ကို အလုပ်က ပေးသော ကျင့်ဝတ်ဆိုတာလည်း ရှိတယ်။ အဲဒီအတိုင်းကိုလည်း အကောင်းဆုံး လေးစားလိုက်နာပါ။ နောက်တစ်ချက်ကလည်း ခေတ်ပျက်နေတဲ့ဟာတွေ အားလုံးမှာ ကျနော်တို့က ပြည်သူ တွေရဲ့၊ သူတို့တွေရဲ့ ရုန်းကန်လှုပ်ရှားမှု၊ ကြံုတွေ့နေရတဲ့ အခက်အခဲတွေ ကျနော်တို့ သတင်းထောက်တွေက အမြဲတမ်း မှတ် တမ်းတင်နေရတာပဲလေ။ ဆိုတော့ ကျနော့်တစ်ယောက်အနေနဲ့ကတော့ ပြည်သူတွေရဲ့ အခက်အခဲ၊ သူတို့တွေရဲ့ ကြံုတွေ့ မှတ်တမ်း။ အဲဒီအခက်အခဲတွေကို သတင်းလိုက်ရတဲ့အခါ ဘယ်တော့မှ အလုပ်သဘောမထားဘူး။ ေဩာ်… ဒါ ငါ့တိုင်းပြည် ပြည်သူပြည်သားတွေ ခံစားနေရတဲ့ သူတို့အခက်အခဲနဲ့ ဘဝမှတ်တမ်းတွေဟာ သမိုင်းမှတ်တမ်းတင်နေသော ဓါတ်ပုံဆရာတစ် ယောက်အနေနဲ့လိုပဲ အဲလို ခံယူတဲ့အခါ ပြည်သူလူထုတွေနဲ့ ကျနော် တသားတည်းဖြစ်တယ်။ ကျနော်ကတော့ အဲလိုစိတ်ကို အမြဲတမ်းထားတယ်လေ။ ဒါကြောင့်လည်း အလုပ်သဘောထက်ကို လစာပေးသော အလုပ်ထက် တကယ့်တိုင်းပြည်ရဲ့ သမိုင်း မှတ်တမ်းတင်နေသော လူတယောက်ဖြစ်တယ်လို့ ဓါတ်ပုံသမားတွေကို ကျနော့်အတွေ့အကြံုအားဖြင့် အဲလိုပဲ ဝေမျှချင်ပါ တယ်။
မေး - ကရင်ထဲမှာဆိုရင် ဓါတ်ပုံသတင်းထောက်ဆိုရင် မရှိသလောက်ပဲဗျာ။ ဒီမှတ်တမ်းရုပ်ရှင်ကြည့်ပြီး တိုင်းပြည်တစ်ခုထဲမှာ ဓါတ်ပုံသတင်းထောက်တစ်ဦးရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးလဲလို့ ထင်ပါသလဲ။
ဖြေ - ကျနော် ဓါတ်ပုံဆရာ စဖြစ်ကတည်းက ငါဟာ တိုင်းပြည်ရဲ့ သမိုင်းမှတ်တိုင်တခုခုကို မှတ်တမ်းတင်နိုင်သော လူတစ် ယောက် အရမ်းဖြစ်ချင်တယ်။ ကျနော်အမြဲတမ်း ဓါတ်ပုံစရိုက်ခဲ့တဲ့ ၁၉၈၈ခုနှစ်ကနေပြီးတော့ ၂၀၀၇ခုနှစ်အထိ နှစ်ပေါင်း ၁၉နှစ်နီးပါးပေါ့နော်။ ဒီဓါတ်ပုံတွေကို ကျနော်ရိုက်တဲ့အခါမှာ အခက်အခဲတွေလည်း ကျနော်အများကြီး ကြံုရတယ်။ အထူးသ ဖြင့် ကျနော် ဓါတ်ပုံကို အတိုင်းအတာတခုအထိ ရိုက်တတ်နေပါစေ။ ရွှေဝါရောင်အရေးအခင်းလို တကယ့်သမိုင်းဝင်တဲ့ အဖြစ် အပျက် မပေါ်လာဘူးဆိုရင် ကျနော့်ဓါတ်ပုံတွေလည်း သမိုင်းမှတ်တမ်းတင်နိုင်မှာ မဟုတ်ဘူးလေ။ အဲဒီအတွက်ကြောင့်မို့လို့ ကိုယ့်စိတ်ထဲမှာ အနေအထားတခုထိ အမြဲတမ်း အဆင်သင့်ဖြစ်နိုင်အောင် ကျနော်ကြိုးစားတယ်။ ကျနော့်ဟာကျနော် စာဖတ် တယ်။ ကိုယ့်ကိုယ်ကို အမြဲတမ်းအချိန်မှာ အဆင်သင့်ရှိနေဖို့ အရေးကြီးတယ်။ နောက်ဖြစ်ပျက်လာတဲ့အနေအထား သမိုင်း တစ်ကွေ့တာဝန် ကျနော်တို့ အကောင်းဆုံး ထမ်းဆောင်နိုင်ဖို့အတွက် အမြဲပြင်ဆင်ထားဖို့လိုတယ်။ ကင်မရာကိုင်တဲ့သူ အများ ကြီး ရှိတယ်။ ဒါပေမယ့် ကိုင်တဲ့လူတွေရဲ့ သူတို့ရင်ထဲမှာရှိတဲ့ ခံယူချက်ချင်း မတူကြဘူး။ အဲဒီပေါ်မှာ မူတည်ပြီးတော့ လူတွေ ရဲ့ တန်ဖိုး ကွဲသွားတာပဲ။ ဒါကြောင့် ကိုယ်ကင်မရာ ကိုင်တာချင်းပဲ အတူတူ၊ ကလောင်ကိုင်တာကိုလည်း အတူတူပဲနော်။ ကိုယ့်ရဲ့ ရည်ရွယ်ချက်က ကိုယ့်ရဲ့နှလုံးသားက ကိုယ့်ရဲ့တန်ဖိုးကို ပြဌာန်းတယ်လို့ အဲလိုပဲ ခံယူတယ်။
မေး - ရွှေဝါရောင်သံဃာ့အရေးအခင်းကြောင့် ပြည်ပကို တိမ်းရှောင်တဲ့နောက်ပိုင်း ကိုယ်တတ်ကျွမ်းထားတဲ့ ဓါတ်ပုံပညာနဲ့ တိုင်းပြည်အကျိုးအတွက် ဘယ်လိုအခန်းကဏ္ဍကနေ ဆက်ပြီး လုပ်ဆောင်ပေးသွားဖို့ ရှိပါသလဲ။
ဖြေ - ဓါတ်ပုံကတော့ မြန်မာပြည်မှာ မဟုတ်ပေမယ့် ဒီ(အမေရိကန်)မှာလည်း ကျနော်ရိုက်ဖြစ်တယ်။ အထူးသဖြင့် ကျနော် ဒီမှာရောက်တဲ့အခါမှာ ကျနော် စာပိုဖတ်ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဖတ်လို့မရတဲ့ စာအုပ်တွေ အတော်များများ ဒီမှာ ရှာဖတ်ဖြစ် တယ်။ မြန်မာပြည်ထဲက စာအုပ်တွေကိုလည်း ကျနော်မှာယူပြီးတော့ ဖတ်တယ်။ နောက်ပြီးတော့ ကျနော်စာတွေကို စရေးတာ ပေါ့။ ကျနော်ဒီမှာ ဗမာပြည်မှာလို ဓါတ်ပုံမရိုက်နိုင်ပေမယ့် ပြည်ပကို ရောက်လာတဲ့၊ ပြည်ပကို ထွက်ပြေးလာရတဲ့ နည်းပေါင်း မျိုးစုံနဲ့ ဒီ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံကနေတဆင့် ရောက်လာကြတဲ့ ဒီဘက်ဘဝ မှတ်တမ်းတွေကို ကျနော်စပြီး တော့ ဓါတ်ပုံမှတ်တမ်းလည်း လုပ်သလို စာရေးဖို့အတွက် ကျနော်ပြင်ဆင်တယ်။ အတိုင်းအတာတခုထိ ရေးနိုင်သလောက် တော့ ရေးမယ်။ နောက်ပြီးတော့ ဒီမှာ ကျနော်ဆည်းပူးလို့ရသော ပညာကို ကျနော်ဗမာပြည်ကို တချိန်ချိန် ပြန်တဲ့အခါမှာ ကျနော်တတ်ကျွမ်းသောပညာ၊ ဖြတ်သန်းခဲ့သော အတွေ့အကြံုတွေကို နောင်လာမယ့် မျိုးဆက်သစ်တခုမှာ အတတ်နိုင်ဆုံး အကောင်းဖြန့်ဝေသွားမယ်လို့ ကျနော် ခံယူတယ်။
မေး - နောက်ဆုံးအနေနဲ့ ကိုလော်အဲ့စိုးရဲ့အကြောင်းကို မှတ်တမ်းထားတဲ့ ဒီမှတ်တမ်းရုပ်ရှင် ဆုရွေးခံရတာကို သိလိုက်ရတဲ့အ ချိန်မှာ ရင်ထဲက ဘာစကားတွေများ အများသိအောင် ပြောချင်ပါသလဲ။
ဖြေ - နံပါတ်တစ်အချက်က အထူးသဖြင့် ဗမာပြည်တွင်းတွင်းထဲမှာရှိတဲ့ ပြည်သူလူထုတွေ ဒီ(ရွှေဝါရောင် သံဃာ့အရေးအခင်း) အဖြစ်အပျက် တကယ့်သမိုင်းဖြစ်ရပ်မှန် ပုံရိပ်တွေကို သူတို့မြင်ခွင့်ရတဲ့အတွက်ကြောင့် ကျနော် အရမ်းဝမ်းသာတယ်။ ဟိုတုန်း က နိုင်ငံခြားသတင်းထောက်ဆိုတာက ရိုက်တာလေ။ ဒါပေမယ့် ရွှေဝါရောင်အရေးအခင်းမှာ ကျနော်နိုင်တဲ့ အခန်းကဏ္ဍကနေ ကျနော် ပါ၀င်ခွင့်ရတယ်။ အထူးသဖြင့် တိုင်းပြည်ကိုချစ်သော ဓါတ်ပုံသတင်းထောက်တွေရဲ့ ကဏ္ဍကို သိခွင့်ရသွားတာကို လည်း ကျနော် အများကြီး ၀မ်းသာဂုဏ်ယူမိပါတယ်။ ဒါပါပဲ။