၇ နှစ်ယောက်မြောက် စဝ်သုစန္ဒီခေါင်းဆောင်ဆုရှင်နဲ့ တွေ့ဆုံမေးမြန်းခြင်း

၇ နှစ်ယောက်မြောက် စဝ်သုစန္ဒီခေါင်းဆောင်ဆုရှင်နဲ့ တွေ့ဆုံမေးမြန်းခြင်း
by -
သျှမ်းသံတော်ဆင့်

အများပြည်သူ ကောင်းကျိုး အတွက် ကိုယ်ကျိုးစွန့်ပြီး သယ်ပိုး ထမ်းဆောင်တဲ့ သျှမ်းလူငယ်တွေ အတွက် စဝ်သုစန္ဒီ လူငယ်ထူးချွန်ဆု Sao Thusandi Leadership Award ကို ၂၀၀၈ ခုနှစ် ကစပြီး နှစ်စဉ် ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ တာချီလိတ်ခရိုင် နားဟိုင်းလုံဒေသ လယ်သမား အခွင့်အရေး အတွက် ကြိုးစား လှုပ်ရှားသူ နန်းကောင်တစ် ခေါ် သားဖွားဆရာမ နန်းလာ ကို သုစန္ဒီခေါင်းဆောင်ဆုရှင်အဖြစ် ရွေးချယ် ချီးမြှင့် ပေးအပ် ခဲ့ပါတယ်။ ဆရာမနန်းလာကို သျှမ်းသံတော်ဆင့် သတင်းဌာနက စိုင်းမိဏ်းက တွေ့ဆုံ မေးမြန်း ထားပါတယ်။

Nang Lar 1

မေး။    ။ စဝ်သုစန္ဒီ လူငယ်ထူးချွန်ဆုကို ဒီနှစ်မှာ ဆုချီးမြင့်တဲ့အဖွဲ့က ဆရာမကို ချီးမြှင့်တယ်။ ဆုရရှိတယ် ဆိုတဲ့အကြောင်းကို ဘယ်ကနေ သိရပါသလဲ။

ဖြေ။    ။ သျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းကနေ သိလာတာပါ။ ဆရာမ စဝ်မယ်သုစန္ဒီဆုကို ဆွတ်ခူးရရှိတယ်၊ ဆုယူရမယ်လို့ ဖုန်းဆက်လာတယ်။ ကျမက စဝ်မယ်သုစန္ဒီဆိုတာ ဘယ်သူလဲဆိုတာတောင် မသိဘူး။ ကျမလည်း သူတို့ကို မေးတာပေါ့နော်။

မေး။    ။ ဘယ်အကြောင်းတွေကြောင့် ဒီဆုကို ဆရာမ လက်ခံရရှိတယ်ဆိုတာ သိရပါသလဲ။

ဖြေ။    ။ ကျမလည်း သူတို့ကို မေးကြည့်ပါတယ်။ သူတို့က ရဲရင့်တဲ့ အမျိုးသမီးဖြစ်တဲ့အတွက် ကြောင့်၊ လယ်သမားအခွင့်အရေးရရှိအောင် ကြိုးစားပေးတဲ့အတွက်ကြောင့်လို့ ပြောတယ်။

မေး။    ။ ဦးဆောင်ပြီး လှုပ်ရှားတယ်ဆိုတာ ဘယ်လိုမျိုးလှုပ်ရှားသလဲ။

ဖြေ။    ။ ရပ်ရွာကိစ္စပါ။ ကုမ္မဏီတွေ နားဟိုင်းလုံဒေသမှာ ရွှေလာတူးတော့ လယ်သမားတွေ ဆုံးရှုံးနစ်နာ တယ်။ လယ်ယာတွေ စိုက်ပျိုးလို့ မရတော့ဘူး။ ဒါကြောင့် ကျမက ဦးဆောင်ပြီး ရွှေတူးလုပ်ငန်းကို ဆန့်ကျင်တယ်။

မေး။    ။ ဒီလှုပ်ရှားမှုတွေကို ဆရာမ ကျေနပ်အားရလား။

ဖြေ။    ။ ဟုတ်။ ကျေနပ်အားရပါတယ်။ ကျမ မကျေနပ်ရင် လှုပ်ရှားမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လယ်ယာတွေဟာ ဒီနားဟိုင်းလုံဇာတိကလူတွေရဲ့ လယ်ယာတွေ။ ကျမမိဘတွေရဲ့ လယ်ယာတွေ လည်းပါတယ်။ ကျေနပ်မှုရှိလို့ ကျမလည်း လှုပ်ရှားတယ်။

မေး။    ။ လယ်သမားအခွင့်အရေးအတွက် တိုက်ပွဲဝင်တာ အခွင့်အရေးတွေ ရရှိလာပြီလား။

ဖြေ။    ။ တောင်ကြီးမှာ သတင်းစာရှင်းလင်းပွဲသွားလုပ်တုန်းကတော့ ၀န်ကြီးက ဒီရွှေတူးတာတွေ ရပ်တန့်ဖို့၊ ဆုံးရှုံးမှုအတွက် လျော်ကြေးပေးဖို့၊ ပျက်စီးသွားတာတွေကို ပြန်ပြင်ပေးဖို့ ကုမ္မဏီတွေကို ညွှန်ကြားပါတယ်။ ဒါပေမဲ့ ကုမ္မဏီတွေက မရပ်၊ မပေး၊ မပြင်သေးဘူး။ ဘာမှမလုပ်ပေးသေးဘူး။ ဒါကြောင့် ပြည့်ပြည့်ဝဝ မရသေးပါဘူး။

မေး။    ။ လယ်သမားတွေအတွက် လှုပ်ရှားတဲ့အခါ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရပါသလဲ။

ဖြေ။    ။ ရွာသူရွာသားအားလုံး တစိတ်တဝမ်းတည်း မဖြစ်ကြဘူး။ ကုမ္မဏီက ရွာသားတွေကို ပိုက်ဆံပေးမယ် ဘာညာလာပြောထားတော့ မညီညွှတ်ကြဘူး။ လုပ်ရကိုင်ရခက်တာပေါ့။

မေး။    ။ အာဏာပိုင်တွေက တားဆီးပိတ်ပင်တာတွေ ရှိလား။

ဖြေ။    ။ အခုတော့ ဘယ်သူမှ လာပိတ်ပင်တာတွေ မရှိဘူး။ အရင်ကတော့ စရဖတွေက ကျမကို အမျိုးသမီးတယောက်ဖြစ်ပြီး ဒီလိုလှုပ်ရှားတယ် ဘာညာဆိုပြီး လာချိန်းခြောက်တာတော့ ရှိတယ်။ ဒါပေမဲ့ ကျမလည်း ပြန်တုန့်ပြန်တယ်။ ဒါကြောင့် အခုတော့ လာချိန်းခြောက်တာတွေ မရှိတော့ပါ ဘူး။ တောင်ကြီးမှာ သတင်းစာရှင်းလင်းပွဲသွားလုပ်တုန်းကလည်း ချိန်းခြောက်တာတွေ ရှိတယ်။

မေး။    ။ ဆုံးရှုံးမှုတွေအတွက် လျော်ကြေးပြန်တောင်းတယ်ဆိုတော့ ရွာသူရွာသားတွေ ဘယ်လို များ နစ်နာဆုံးရှုံးခဲ့ရပါသလဲ။

ဖြေ။    ။ နမ့်ခမ်းချောင်းကို ဒေသခံတွေက သုံးရေအတွက် လယ်ယာစိုက်ပျိုးဖို့အတွက် အားထား ကြတယ်။ အခုနမ့်ခမ်းချောင်းလည်း သဲတွေ ရွှံ့တွေ ဓာတုရေတွေကြောင့် နှောက်ကျိပြီး ပျက်စီးသွား ပြီ။ စိုက်ပျိုးရေး အတွက်လည်း သုံးလို့မရဘူး။ ရေနေသတ္တဝါတွေ သေကြေပျက်စီးသလို အဲဒီရေကို သွားသောက်မိတဲ့ ကျွဲ၊ နွားတွေလည်း သေကြေတယ်။ စိုက်ပျိုးလို့ မရတော့ဘဲ ပျက်စီးသွားတဲ့ လယ် ယာမြေဧကပေါင်း ၃၀၀ ကျော် ရှိတယ်။ လယ်ယာမြေသာမက ရွာလည်း ပျက်တော့မဲ့ အရေးနဲ့ ကြုံနေရပါတယ်။

မေး။    ။ ရွှေတူးဖော်ရေးလုပ်ငန်းကြောင့် ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းကို ထိခိုက်တယ်။ အခု ဒေသခံတွေ ဘယ်လိုလုပ်ကိုင်စားသောက်နေပါသလဲ။

ဖြေ။    ။ အခု တောင်ပေါ်တက်ပြီး ယာတွေလုပ်ကိုင်နေကြတယ်။ လုပ်ပေမဲ့ သီးနှံသိပ်မဖြစ်ထွန်း ဘူး။ တဧက စပါး ၁၀ အိတ်ကနေ အိတ်၂၀ လောက်ဘဲ ရကြတယ်။ စိုက်ပျိုးလုပ်ကိုင်ဖို့ မြေမရှိတာ ကြောင့် မတတ်နိုင်လို့သာ သွားလုပ်ရတာပါ။ ဝမ်းရေးအတွက် အခက်အခဲ တွေ့ကြုံနေကြရပါ တယ်။

မေး။    ။ နားဟိုင်းလုံရွာဟာ ထိုင်းနိုင်ငံနဲ့ သိပ်မဝေးဘူး။ ဒီဝမ်းရေးအတွက် အခက်အခဲ တွေ့ကြုံ ရတော့ ထိုင်းနိုင်ငံထဲ ဝင်ရောက်လုပ်ကိုင်တာတွေ ရှိလား။

ဖြေ။    ။ ရှိပါတယ်။ အရင်တုန်းက ရွှေလာမတူးခင်က အမျိုးသမီးတွေ ဘယ်မှမသွားဘူး။ အိမ်မှာ နေပြီ လယ်ယာခြံလုပ်ကိုင်ကြတယ်။ အခုတော့ အသက် ၂၀ နှစ်မပြည့်တဲ့ မိန်းကလေးတွေတောင် ထိုင်းနိုင်ငံ သွားပြီးလုပ်ကိုင်ရတယ်။ တချို့လဲ တမိသားစုလုံးသွားတာ။ လောနိုင်ငံထဲ အလုပ်သွား လုပ်တာလည်း ရှိတယ်။

မေး။    ။ ဝန်ကြီးက လျော်ခိုင်းပေမဲ့ ကုမ္မဏီတွေကလည်း မလျော်ပေးဘူး။ ဒေသခံတွေလည်း တဖြည်းဖြည်းနဲ့ အိုးအိမ်စွန့် ခွာလာကြတယ်။ ကျန်ရှိတဲ့ဒေသခံတွေက ဘယ်လိုပြောကြသလဲ။

ဖြေ။    ။ ကျန်တဲ့ဒေသခံတွေလည်း ငြီးငြူကြတယ်။ စိုက်ပျိုးလုပ်ကိုင်ဖို့ မြေမရှိတော့ ဘယ်လို ဆက်ပြီး နေနိုင်မှာ လဲ။ စိုက်ပျိုးမြေသာမက နေစရာမြေတွေလည်း ပျက်စီးတော့မယ်။ ဒီမှာနေလို့ မဖြစ်တော့ဘူးထင်တယ် လို့ ပြောကြတယ်။ ယောက်တိုင်းလိုလို စိုးရိမ်ပူပန်နေကြပါတယ်။

မေး။    ။ အသက်မွေးဝမ်းကျောင်းအတွက် ဆရာမက ဘာအလုပ်လုပ်ကိုင်ပါသလဲ။

ဖြေ။    ။ ကျမက ရပ်ရွာအတွက် ကျန်းမာရေးပိုင်းမှာ လုပ်ကိုင်ပါတယ်။ Public Health ပါ။ ရပ်ရွာဇာတိမှာဘဲ တာဝန်ပြန်ကျတာပါ။ လယ်ယာခြံကိုတော့ မိဘတွေ မောင်နှမတွေက လုပ်ကိုင်ပါတယ်။

မေး။     ။ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကလည်း အများပြည်သူအတွက်ဘဲ။ ဒီအလုပ်ကို ဘယ်နှစ်က စ-လုပ်တာလဲ။

ဖြေ။    ။ ၂၀၀၆ ခုနှစ်ကတည်းကပါ။

မေး။    ။ ဒီစဝ်သုစန္ဒီ လူငယ်ထူးချွန်ဆုကို ရရှိတဲ့အတွက် ကျနော်တို့လည်း ဝမ်းမြောက်ဂုဏ်ယူ ပါတယ်။ ဒီဆုကို ရရှိပြီးနောက် ပြည်သူတွေအတွက် ဘာတွေများ ဆက်လုပ်ပေးမှာလဲ။

ဖြေ။    ။ ကျမ ပြည်သူ့အကျိုးအတွက် ဆက်လုပ်သွားမယ်။ ကျမ မဆက်လုပ်ရင် ဒေသခံတွေလည်း ကိုယ့်ရပ်ရွာမှာ နေလို့ရတော့မှာ မဟုတ်ဘူး။ ကျမတို့မိသားစုလည်း နေလို့ရမှာ မဟုတ်ဘူး။ ဒါကြောင့် ဒေသခံတွေနဲ့ ပူးပေါင်းပြီး ဆက်လှုပ်ရှားသွားမယ်။ ကျမတို့ တောင်းဆိုထားတာတွေ မရမချင်း ဆက်ကြိုးစားသွားမယ်။

မေး။    ။ လူငယ်တွေကို ဘယ်လိုအားပေးစကားပြောချင်ပါသလဲ။

ဖြေ။    ။ လူငယ့်အင်အားလည်း လိုအပ်တယ်။ လယ်သမားအရေးဟာ အရေးကြီးတယ်။ ဒါကြောင့် ကုမ္မဏီတွေ ရပ်ရွာမှာ စီမံကိန်းတခုခုလာလုပ်တော့မယ်ဆိုရင် လူငယ်တွေအားလုံး ဆန့်ကျင်ကန့် ကွက်ကြပါလို့။

မေး။    ။ ဆရာမအနေနဲ့ နောက်ဆုံး ဘာမှာ မှာကြားချင်ပါသလဲ။

ဖြေ။    ။ ကျမတို့ အချင်းချင်း စည်းလုံးညီညွှတ်ကြပါ။ ကူညီဖေးမကြပါ။ ကျမတို့ စည်းလုံးညီညွှတ်မှု မရှိရင် “နွားကွဲရင် ကျားဆွဲမယ်”ဆိုတဲ့အတိုင်း ဖြစ်သွားမယ်။ ဒီလိုဆိုရင် ဘယ်အရာမဆို အောင်မြင် မှာ မဟုတ်ဘူး။ အားလုံးလက်တွဲကြိုးစားကြပါ။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းလင်းကျေးရွာအုပ်စု နားဟိုင်းလုံဒေသမှာ ကုမ္မဏီတွေက ရွှေလာ ရောက်တူးဖော်တာကြောင့် လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးသလို ရပ်ရွာအတွင်း သဲတွေ ဖုံးလွှမ်းလာပါတယ်။ ဒါကြောင့် ဆရာမ နန်းလာက ရွာသူရွာသားတွေကို ဦးဆောင်ပြီး ရွှေတူးဖော် ရေးလုပ်ငန်း ကို ရပ်တန့် ဖို့၊ ဆုံးရှုံးမှုတွေအတွက် လျော်ကြေးပြန်ပေးဖို့၊ ပျက်စီးသွားတဲ့ လယ်ယာ ချောင်းမြောင်းတွေ ကို ပြန်လည်ပြု ပြင်ပေးဖို့ ဂျူလိုင်လအတွင်း တောင်ကြီးမြို့မှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆို ခဲ့ပါတယ်။

ဆရာမ နန်းလာဟာ လုံးယာကျောက်နဲ့ ပါ့တစ်တို့ရဲ့ သားသမီး ရ ယောက်ထဲက အထွေးဆုံးသမီး ဖြစ်ပါတယ်။ ဆရာမနန်းလာရဲ့ ဇာတိကတော့ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းလင်း ကျေးရွာအုပ်စု နားဟိုင်းလုံရွာက ဖြစ်ပါတယ်။