စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ အစိုးရအပေါ်အဓိကမူတည်နေ RCSS ပြော

စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ အစိုးရအပေါ်အဓိကမူတည်နေ RCSS ပြော
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အမှတ် ရ၀၁ စစ်ဒေသအခြေစိုက်ရာ နောင်မရွာကို မေလ ၉ ရက်နေ့က အစိုးရတပ်မတော် စကခ ၁၆ က အင်အား ၅၀၀ ဝန်းကျင်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အမှတ် ရ၀၁ စစ်ဒေသအခြေစိုက်ရာ နောင်မရွာကို မေလ ၉ ရက်နေ့က အစိုးရတပ်မတော် စကခ ၁၆ က အင်အား ၅၀၀ ဝန်းကျင်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အစိုးရဘက်က လက် နက်ကြီးနဲ့မပြတ် ပစ်ခတ်လို့ ရွာမီး လောင်မှာကိုစိုးရိမ်ပြီး စခန်းကနေ စွန့်ခွါခဲ့ရတယ်လို့ RCSS ရဲ့စစ် ဒေသမှူးကပြောပါတယ်။ ပြည်ထောင်စုအဆင့်ငြိမ်းချမ်း ရေးတည်ဆောက်နေ ချိန်မှာ အပစ်မရပ်နိုင်သေးတာ ဘာကြောင့်လဲ။ ဒီတိုင်းဆက်သွားနေရင် နိုင်ငံရေးဆွေးနွေးဖို့ဘယ် အခြေအနေရှိနေလဲ။ RCSS/SSA ရဲ့အမြင်ကိုသိရအောင်လို့ ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးလောင်ဝ်ဆိုင် ကို သျှမ်းသံတော်ဆင့်က မေးမြန်းထားပါတယ်။

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင်နှင့် RCSS/SSA ခေါင်းဆောင် တို့ ကျိုင်းတုံမြို့၌ တွေ့ဆုံကြစဉ်

မေး။    ။  နမ့်ခမ်းမြို့နယ် အမှတ် ရ၀၁ စစ်ဒေသဘက်က တိုက်ပွဲပြီးဆုံးသွားပြီ လား။
ဖြေ။    ။ မေလ ၉ ရက်က မွန်းလွဲပိုင်း ၃ နာရီလောက်မှာ ကျနော်တို့စခန်းကနေ ဆုတ်ပေးလိုက်ရပါတယ်။

မေး။    ။ ဘာကြောင့် ဒီအခြေအနေအထိ ဖြစ်ရသလဲခင်ဗျ။
ဖြေ။    ။   အပစ်ရပ်ကတည်းက ကျနော်တို့ကို ဒီနေရာမှာ မနေစေချင်ဘူးလေ။ တရုတ်နယ်စပ်မှာဖြစ်တဲ့ အတွက်ရယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို ကျနော်တို့ တစိုက်မတ်မတ်လုပ်နေတဲ့အတွက် ကြောင့်ရယ်၊ ဂက်စ်ပိုက်လိုင်းလမ်းနဲ့နီးတဲ့အတွက်ကြောင့်ရယ်ပေါ့။ ကျနော်တို့ကို အစ ကတည်းက ရွှေ့ခိုင်းတယ်။ အရင်ကတည်း ကျနော်တို့ နေလာခဲ့တာဖြစ်တဲ့အတွက် ကျနော်တို့ကလဲ မရွှေ့ဘူး။ နောက်ပိုင်း ကျနော်တို့ မခွါ ခွါအောင် သူတို့လုပ်တော့ တာ ဘဲ။ ကျနော်တို့ မူးယစ်ဆေးဝါး တိုက်ဖျက်နေတာ၊ တရုတ်အာဏာပိုင်တွေနဲ့ လက်တွဲပြီးလုပ်နေတာကို သူတို့ မျက်စိဆံပင်မွှေးစူးနေတာလေ။ ဒါကြောင့် ကျနော်တို့ကို အဲဒီမှာပေးမနေချင်တာ။

ကျနော်တို့ကို တနစ်တကျ စီမံကိန်းချပြီးလာတိုက်နေတဲ့အပေါ်ကြည့်ရင် မြန်မာစစ်တပ်ဟာ  ငြိမ်းချမ်းရေးကို အလေးမထား ဘူး။ ငြိမ်းချမ်းရေးပျက်ချင်ပျက်ပါစေ။ တရုတ်နယ်စပ်ကိုတော့ သူတို့ မရအရတိုက်ယူမှာဘဲဆို တဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေ တာဖြစ်တယ် ဆိုတာ သိသာထင်ရှားနေပါတယ်။ ကျနော်တို့အနေနဲ့တော့ အပစ်ရပ်ထားတဲ့အဖွဲ့အားလုံးအပေါ် ဆိုးကျိုးမသက်ရောက်အောင် သတိနဲ့ လုပ်နေပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့လဲ တိုင်ပင်နေပါတယ်။ ရှေ့ဆက်ဘယ်လိုလုပ်ဆောင်သွားမလဲဆို တာပေါ့။  တကယ်လို့  အစိုးရနဲ့  စစ်တပ်နဲ့ပေါင်းပြီး ကျနော်တို့တိုင်းရင်းသားတွေကို ဆက်လက်ဖိအားပေးမယ့် အနေအထားဆိုရင်တော့ အစိုးရကြိုးစားတည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဟာ အောင်မြင်မယ့်လမ်း မတွေ့ရဘူး။

မေး။    ။ ဦးအောင်မင်းက တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့တိုင်းမှာ -  တိုင်းရင်းသားတွေဆီက ယူဖို့မဟုတ်ပါဘူး။ ပေးဖို့အတွက်အခုလိုတွေ့ဆုံရတာပါလို့ပြောပါတယ်။ ဆိုတော့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ကာလ အထိ RCSS/SSA အနေနဲ့ အစိုးရဆီက ဘာတွေကိုရခဲ့ပြီး ဘာတွေကိုပေးခဲ့ရသလဲ။

ဖြေ။    ။  အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ဖို့အစိုးရကကမ်းလှမ်းလာစဉ် ၂၀၁၁ ကတည်းကနေ အခုချိန်အထိ ဦးအောင်မင်းပြောတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် အချက် ၄ ချက်ဖြစ်တဲ့ ၁- အပစ်ရပ်ရေး ၂- နယ်မြေဖွံ့ဖြိုးရေး ၃- နိုင်ငံရေးဆွေးနွေးချက် ၄- ငြိမ်းချမ်းရေးထာဝရတည်ဆောက်ရေး ဆိုတဲ့အချက် ၄ ချက်ထဲမှာ အကောင် အထည်ဖော်နိုင် တာ တချက်မှမရှိဘူး။ အပစ်ရပ်ရေးဆိုတဲ့အလွယ်ဆုံး အချက်တောင်မှ တွေ့တဲ့နေရာမှာ အခုထိ ချနေကြ တုန်း  ပါ ဘဲ။  နယ်မြေဖွံ့ဖြိုးရေးအတွက်ဆိုတာကလဲ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိတဲ့အပြင် စီးပွါးရေးလုပ်ငန်းရှင်တွေက ကျနော်တို့ သျှမ်းပြည်ထဲမှာရှိတဲ့ မြေပေါ်မြေအောက်သဘာဝ သယံဇာတတွေကို ကိုယ်ကျိုးစီးပွါးအတွက် ခုတ်ဖြတ်တူးဖော် ယူနေကြတယ်။ အစိုးရဆီမှာအခွန်ဆောင်ပြီး လုပ်နေကြတာလေ။ ဒါဆိုရင် ဦးအောင်မင်းပြောသလို အစိုးရဆီက ကျနော်တို့ ရလိုက်တာ - မဟုတ်ဘူးလေ။ အစိုးရကို ကျနော်တို့ကဘဲ ပေးနေရတယ်လေ။

မေး။    ။ နိုင်ငံရေးဆွေးနွေးရေးအတွက်ကကော။

ဖြေ။    ။ နိုင်ငံရေးဆွေးနွေးရေးအတွက်လည်း လမ်းတောင်မမြင်သေးဘူး။ ဘဲဥအစ ရှာမရဆိုသလိုဘဲ။  အာဆီယံဥက္ကဌဖြစ်ဖို့ အစိုးရက ကြိုးစားပြနေတာဘဲဖြစ်တယ်။ ကျနော်တို့ယုံရင် အစိုးရဆွဲတဲ့အကွက်ထဲ ဝင်သွား လိမ့်မယ်။ ၂၀၁၅ ရွေးကောက်ပွဲပြီးမှ ဆက်ဆွေးနွေးမယ် လို့ထပ်ပြောလာရင် အကောင်အထည် ဖော်ဖို့ ပိုပြီးတော့တောင်ခက်သွားမယ်။   တခြားတိုင်းရင်းသားတွေလဲ ကျနော်တို့လိုမြင်ရတယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ဦးအောင်မင်းဆီကဘဲ ဖြစ်ဖြစ် အစိုးရဆီကဘဲဖြစ်ဖြစ် ကျနော်တို့ဘာမှမရသေး ပါဘူး။

မေး။    ။ အဲလိုဆိုရင် ဘယ်လိုဖြေရှင်းမလဲ။

ဖြေ။    ။ ကျနော်တို့ တိုင်းရင်းသားတွေဟာ စစ်ဆိုတာကြီးကိုခါးခါးသီးသီးမုန်းနေကြပြီ။ နှစ်ပေါင်း ၆၀ ကြာအောင်ခံနေရတဲ့ အတိတ်ခါးတွေကိုစွန့်လွတ်ချင်ပြီ။ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်ချင်ပြီ။ တခြား သော တိုင်းရင်းသားတွေလဲ ကျနော်တို့ကဲ့သို့ခံစားနေရတယ်လို့ ထင်ပါတယ်။ သို့ပေမယ့် ကျနော်တို့ တိုင်းရင်းသားတွေ ဘက်ကဘဲ ငြိမ်းချမ်းရေးကို တည်ဆောက်ချင်နေရုံနဲ့ မပြီးသေးပါဘူး။ အစိုးရက ငြိမ်းချမ်းရေးတကယ်လုပ်ဖို့ စေတနာမရှိရင်  အောင်မြင်မှုရှိမှာမဟုတ် ဘူး။ ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် အစိုးရအပေါ်မှာ အဓိက မူတည်နေပါတယ် လို့ပြောရတာဖြစ်ပါတယ်။

ဧပြီလနှောင်းပိုင်းက ရပ်ရွာထဲမှာ ဓါတ်ပုံ၊ ပစ္စည်းလှည့်ရောင်းနေတဲ့ ဗမာအမျိုးသား ၄ ဦးပျောက်ဆုံးမှုဟာ သျှမ်းပြည်တပ်မ တော်ရဲ့လက်ချက်လို့ မြန်မာစစ်တပ်ကစွပ်စွဲပြီး သူတို့ကိုပြန်လည်အပ်ပေးဖို့ တောင်းလာ ခဲ့ပါတယ်။ သျှမ်းပြည်တပ်မ တော် က မဖမ်းထားရကြောင်းပြန်လည်အကြောင်းကြားပြီးနောက် စခန်းကိုရှာဖွေဖို့ မြန်မာစစ်တပ်က တောင်းဆိုလာပြီး RCSS ရဲ့တင်းခါးစခန်းကို မေလ ၃ ရက်က မီးရှို့သိမ်းပိုက်လိုက်ပါတယ်။ အဲဒီအချိန်ကစပြီး မြန်မာစစ်တပ်ဟာ အင်အား ဖြည့်တင်း ပြီးတိုက်ခိုက်တာ ကြောင့် မေလ ၉ ရက်နေ့က သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မ တော်ရဲ့ အမှတ် ရ၀၁ စစ်ဒေသ အခြေချရာ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မရွာကိုဝင်ရောက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါ တယ်။