ပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံ သတင်းစာရှင်းလင်းပွဲမှ အမေးအဖြေများ

ပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံ သတင်းစာရှင်းလင်းပွဲမှ အမေးအဖြေများ
by -
သျှမ်းသံတော်ဆင့်

ပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို ဧပြီလ ၂၅ ရက်မှ ၂၇ ရက်နေ့ထိ မွန်ပြည်နယ် မော်လမြိုင်မြို့ Mawlamyine Strand Hotel ၌ ကျင်းပခဲ့သည်။ ၂၇ ရက် ညီလာခံအပြီး၌ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။ပြည်တွင်းပြည်ပ သတင်းသမားများ၏ မေးမြန်းချက်များကို ကရင့်သတင်းဌာန ကေအိုင်စီမှ နန်းဖော့ဂေ၊ လွတ်လပ်သောမွန်သတင်း အေဂျင်စီမှ နိုင်ကဆော့မွန်နှင့် မွန်ပြည်နယ်အခြေစိုက် သံလွင်တိုင်းမ်ဂျာနယ် အယ်ဒီတာ ကိုမင်းလတ်တို့က ဖြေကြားပေးခဲ့သည်။

Press Conference

သတင်းစာရှင်းလင်းပွဲ၌ သတင်းသမားများ၏မေးမြန်းချက်အား ဖြေကြားပေးနေသော မွန်ပြည်နယ်အခြေစိုက် သံလွင်တိုင်းမ်ဂျာနယ် အယ်ဒီတာ ကိုမင်းလတ်၊ ကရင့်သတင်းဌာန ကေအိုင်စီမှ နန်းဖော့ဂေ နှင့် လွတ်လပ်သောမွန်သတင်း အေဂျင်စီမှ နိုင်ကဆော့မွန်

မေး။    ။ ဘီအဲန်အိုင်အဖွဲ့ဝင်တွေ ပြည်တွင်းမှာ ဝင်ရောက်လုပ်ကိုင်ဖို့ အလားအလာရှိလား။

ဖြေ။    ။ ဘီအဲန်အိုင်အဖွဲ့မှာ တချို့အဖွဲ့လည်း ပြည်တွင်းမှာ ဝင်ရောက်လုပ်ကိုင်နေပြီ။ တချို့က ဝင်ရောက်ဖို့ ပြင်ဆင်နေတာရှိပြီး အခြေအနေကို သုံးသပ်နေဆဲ ဖြစ်ပါတယ်။ (နန်းဖော့ဂေ)

မေး။    ။ တိုင်းရင်းမီဒီယာညီလာခံမှာ ဘယ်လိုအကျိုးအမြတ်ကို ရရှိတယ်လို့ သုံးသပ်ပါသလဲ။

ဖြေ။    ။ ၃ ရက်တာ တိုင်းရင်းမီဒီယာညီလာခံဟာ ပြည်တွင်းမှာ ဘီအဲန်အိုင်ရဲ့ ပထမဆုံး ခြေလှမ်း တရပ်လို့ သုံးသပ်ပါတယ်။ ရည်ရွယ်ချက်က တိုင်းရင်းသားဒေသက အသံတွေကို ပြည်တွင်းမှာ ထဲထဲဝင်ဝင်သိအောင် အဲဒီလိုအနေအထားရှိတာကြောင့် ၃ ရက်တာအတွင်း တက်ရောက်လာတဲ့ ဘီအဲန်အိုင်အဖွဲ့ဝင် မဟုတ်တဲ့ တခြားမီဒီယာအဖွဲ့တွေလည်း ဒီတိုင်းရင်းသားမီဒီယာရဲ့ အခြေအနေ၊ လုပ်ငန်းစဉ်တွေကို တော်တော်များများ သိရှိနားလည်သွားတဲ့ အကျိုးရလဒ်ကို ရရှိတယ်လို့  ကျမတယောက်အနေနဲ့  မြင်ပါတယ်။ (နန်းဖော့ဂေ)

နည်းနည်းဖြည့်စွက်ချင်တာက ကျနော်တို့က တခြားနေရာ ပြင်ပမှာ နှစ်ပေါင်းများစွာ ဒီမီဒီယာ လုပ်ငန်းကို လုပ်နေတယ်။ နိုင်ငံတော်မှာ ပြုပြင်ပြောင်းလဲနေတာနဲ့အညီ ကျနော်တို့ ပြန်လာတော့ ပြည်ပမှာရှိတဲ့ ညီအစ် ကိုတိုင်းရင်းသားမီဒီယာအဖွဲ့အစည်းတွေနဲ့ ဒီပြည်တွင်းမှာ လျက်ရှိအလုပ်လုပ် နေတဲ့ တိုင်းရင်းသားမီဒီယာ အဖွဲ့နဲ့ ပြန်တွေ့ရတဲ့အတွက် မိသားစု ပြန်လည်ဆုံစည်းသလို ခံစားရတယ်။ ဒါကတော့ ကျနော်အတွက် အကျိုးအမြတ်တခုပေါ့ဗျာ။ (နိုင်ကဆော့မွန်)

ကျနော်တို့ စကတည်းကဘဲ မွန်ပြည်နယ် မော်လမြိုင်မြို့ကို အခြေပြုပြီးတော့ ခွင့်ပြုချက်ရပြီးတော့ ပထမဦး ဆုံး သံလွင်ထိုင်းမ်ကို ထုတ်ဝေလာတယ်။ မေလဆို တနှစ်ပြည့်ပြီ။ ပထမအကြိမ် တိုင်းရင်း မီဒီယာညီလာခံကို ဘီအဲန်အိုင်နဲ့ ပူးတွဲကျင်းပခွင့်ရတယ်။ ကျနော်တို့အနေနဲ့ ပထမတချက်က ပြည်တွင်းဂျာနယ်အနေနဲ့ လုပ်ကိုင် တဲ့အခါမှာ နည်းပညာ အတတ်ပညာအရရော သိပ်အားနည်းပါ တယ်။ လိုအပ်ချက်တခုရှိတယ်ဆို လို့တာ ဒီဟာ ကို မဖြစ်မနေ ဖျစ်ညှစ်ပြီးလုပ်တာကို။ အခုဝင်လာ မယ်လို့ ပြင်ဆင်နေကြတဲ့ တိုင်းရင်းသား မီဒီယာ အဖွဲ့နဲ့ လက်တွဲလုပ်ဆောင်ခွင့်ရတယ်။ အနည်းဆုံး ညီလာခံမှာ အမြင်တွေ ဖလှယ်ခွင့်ရတယ်။ အခက်အခဲတွေ အပြန် အလှန် ပြောဆိုခွင့်ရတယ်။ အားသာချက်တွေ အားနည်းချက်တွေ ညှိနှိုင်းခွင့်ရတယ်။ အပြန်အလှန် နားလည်မှု ရခဲ့တယ်။ ရှေး ဆက်ဘယ်လိုတိုးတက်အောင် လုပ်ဆောင်မလဲဆိုတာ လေ့လာခွင့်ရခဲ့တယ်။ ဒါအကျိုးအမြတ်တခု လို့ ယူဆပါတယ်။ (ကိုမင်းလတ်)

မေး။    ။ ပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်လာမယ်လို့ ထင်ပါတယ်။ ဒီ ၃ ရက်အတွင်း အဲဒီရည်ရွယ်ချက်တွေ အောင်မြင်ပါသလား။

ဖြေ။    ။ ကျမတယောက်အနေနဲ့ဆိုရင် ဒီညီလာခံကြီးဖြစ်လာဖို့ ရည်ရွယ်ချက် ၃ ချက်ရှိတာလေ။ အဲဒီရည်ရွယ် ချက်တွေ အပြည့်အဝ မဖြစ်သည့်တိုင် အပြည့်အဝနီးပါးတော့ လုပ်ဆောင်နိုင်ပါတယ်။ နောက်တခုက ရှေ့ဆက် ပြီးတော့ ဘာတွေလုပ်မလဲဆိုတာလေးတွေ လုပ်ငန်းစဉ်တွေ အကြမ်းဖျဉ်း ချမှတ်ဖြစ်တယ်ဆိုတော့ ဒါဟာညီ လာခံ ကို ပြီးစလွယ်မလုပ်ဘူး။ ရည်ရွယ်ချက်က လည်း တိုင်းရင်းသားအသံတွေ ပိုပြီးကျယ်လောင်လာဖို့ အတွက် ဆိုတဲ့ ရည်ရွယ်ချက် ပေါ်မှာလည်း လက်တွေ့တကယ်ဘဲလုပ်ဆောင်သွားမဲ့ ကွန်ယက်ပုံစံမျိုး၊ လုပ်ငန်းကော်မတီပုံစံမျိုး ဖွဲ့စည်းနိုင်ခဲ့ တယ်လေ။ အဲဒါက ထိရောက်မှုရှိတယ် အောင်မြင်မှုရှိတယ်လို့ ကျမတယောက်အနေနဲ့ သုံးသပ်ပါ တယ်။ ( နန်းဖော့ဂေ)

statement

ထုတ်ပြန်ကြေငြာချက်

မေး။    ။ ပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို မွန်ပြည်နယ်မှာ ပြုလုပ်ဖို့ ရွေးချယ်ရတဲ့ ရည်ရွယ်ချက်လေး သိပါရစေ။

ဖြေ။    ။ မွန်ပြည်နယ်ကို ရွေးချယ်ရတဲ့ ရည်ရွယ်ချက်ကတော့ ပထမဆုံးက မွန်ပြည်နယ်မှာ အခြေ စိုက်လုပ် ကိုင်နေတဲ့ တိုင်းရင်းသားမီဒီယာတွေ ရှိပြီးသားဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ခိုင်မြဲပြီး သားပေါ့နော်။ သံလွင် တိုင်းမ်က မွန်ပြည်နယ်မှာ လုပ်ကိုင်နေတာ ၁ နှစ်နီးပါးရှိပါပြီ။ နောက်တခုက မွန်ပြည်နယ်အစိုးရ ကလည်း ဒါမျိုးဖြစ်လာဖို့ ကြိုဆိုတယ်။ နံပါတ် ၃ က မွန်ပြည်နယ်ဟာ စာပေ ယဉ်ကျေးမှု သမိုင်းတွေ တကယ် ခိုင်မာတဲ့ ပြည်နယ်ဖြစ်တယ်။ တခြားသော တိုင်းရင်းသားတွေက လည်း ကျနော်တို့ ပြည်နယ်ကို လာပြီး မွန်တိုင်းရင်း သားတွေရဲ့အကြောင်းကို လေ့လာနိုင်တယ်။ ရည်ရွယ်ချက် ၃ ခုနဲ့ မွန်ပြည်နယ်မှာ လုပ်ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း တခြားပြည်နယ် တွေမှာ တိုင်းရင်းသားညီလာခံကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ (နိုင်ကဆော့မွန်)

မေး။    ။ ဘီအဲန်အိုင်က တိုင်းရင်းသား channel ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်နေတယ်ဆိုတော့ ပြန်ကြားရေး  ဝန်ကြီးဌာနအနေနဲ့ လုပ်မဲ့ ပြည်ထောင်စု channel ကို ဘီအဲန်အိုင်အနေနဲ့ ဘယ်လို မြင်ပါသလဲ။ Media Law ကို မကြာခင်မှာ ရေးဆွဲမယ်ဆိုတော့ ဘီအဲန်အိုင်အနေနဲ့ ဒီ Media Law ကို ဘယ်လိုမြင်ပါသလဲ။ ဘယ်လိုသုံးသပ်ပါသလဲ။ ပြီးတော့ တိုင်းဝန်ကြီးဌာနက PSP (Public Service Progressive) system ကို ပြောင်းလဲနေတယ်။ အဲဒီပြောင်းလဲမှုအပေါ်မှာ ဘီအဲန်အိုင်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။    ။ ပြည်ထောင်စု channel အပေါ်မှာ ပထမဆုံးနေ့မှာလည်း ဒု−ဝန်ကြီးက power point နဲ့ ပြသွား တယ်ဆိုတော့ ဒီ channel အပေါ်မှာ ကျမတယောက်အနေနဲ့ သုံးသပ်ရင် တိုင်းရင်းသားတွေ ရဲ့ ယဉ်ကျေးမှု ဓလေ့တွေ ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်တယ်။ ဒါပေမဲ့ ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် ထိထိရောက်ရောက် ဖြစ်ဖို့က လိုအပ်နေသေးတာ အများကြီးရှိတယ်လို့ မြင်ပါတယ်။ အဲဒီမှာ တင်ဆက်သွားမဲ့ သတင်းတွေ ဆောင်း ပါး တွေဟာ မြန်မာဘာသာနဲ့ ထုတ်ပြန်ပြီးဖြစ်တဲ့ဟာ တွေကို တိုင်းရင်းသားဘာသာတွေနဲ့ ဘာသာပြန်ပြီး ထုတ်ပြန်တာထက် ကိုယ်တိုင်ရေးသားထားတဲ့ ဟာတွေကို ထုတ်လွှင့်တာ ပိုဖြစ်သင့်တယ်။ မီဒီယာလောရေးဆွဲ မဲ့အပေါ်မှာ ကျမတို့ကတော့ ဥပဒေ ပိုင်းတွေကို ကျွမ်းကျင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရေးဆွဲတဲ့အခါမှာ တိုင်းရင်းသားမီဒီယာ တွေရဲ့ အခန်းကဏ္ဍကို ထဲထဲဝင်ဝင် ထည့်သွင်းဖော်ပြသွားမယ်ဆိုလို့ရှိရင် အင်မတန် အားကောင်း တဲ့ စတုတ္ထမဏ္ဍိုင်ရဲ့ ကြီးမားတဲ့ အားကောင်းချက်လို့ မြင်ပါတယ်။ (နန်းဖော့ဂေ)

ပြန်ကြားရေးဝန်ကြီးဌာနက အစိုးရပိုင် မီဒီယာတွေကို Public Service Progressive လုပ်မဲ့ ကိစ္စကိုတော့ အထူးကြိုဆိုပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့လုပ်ငန်းလို့ ယူဆပါတယ်။ ဒီမိုကရေစီကူး ပြောင်းတဲ့ကာလမှာ တကယ်တမ်း အချက်အလက်တွေ အရေးကြီးနေတဲ့ ကာလမှာ အစိုးရရဲ့ ဝါဒဖြန့်ချိရေးလောက်နဲ့ မလုံလောက် ပါဘူး။ ပြောင်းလဲကာလမှာ ပြည်သူတွေ အမှန်တကယ် လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေး၊ ချစားတဲ့ ကိစ္စ တွေ လွတ်လွတ်လပ်လပ်နဲ့ ပြည်သူတွေရဲ့ အသံတွေကို အစိုးရရဲ့ မီဒီယာမှာ ပေါ်လာဖို့ အရေးကြီးတယ်။ တိုင်းရင်းသားဒေသမှာ တိုင်းရင်းသား တွေရဲ့အသံတွေကိုလည်း ဒီ service ထဲမှာ ပါ၀င်လာနိုင်ဖို့ အတွက် လည်း အစိုးရက လက်ခံမယ်ဆို ရင် ကျနော်တို့ဘက်က အကြံပေးဖို့ အများကြီးရှိပါတယ်။ (နိုင်ကဆော့မွန်)

မေး။    ။ Peace Process နဲ့ ပတ်သက်ပြီး တိုင်းရင်းသားမီဒီယာတွေက ပါ၀င်ဖို့ အရေးကြီးတယ် ဆိုပေမဲ့ ဒီထွက်လာတဲ့ Statement ထဲမှာ Peace Process နဲ့ ပတ်သက်ပြီး ရေးထားတာ မတွေ့ရ ဘူး။ Peace Process နဲ့ ပတ်သက်ပြီး တိုင်းရင်းသားမီဒီယာတွေက ဘယ်လိုပါဝင်လုပ်ဆောင်သွား မှာလဲဆိုတာ ပြောပေးစေချင်ပါတယ်။

ဖြေ။    ။ ညီလာခံရဲ့ ထုတ်ပြန်ချက်မှာ issue တခုအနေနဲ့ တိုက်ရိုက်ကြီးမပါပေမဲ့ တတိယအပိုဒ်က Peace Process ကို ညွှန်းဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ကျမအနေနဲ့ပြောချင်တာက ဘီအဲန်အိုင် အဖွဲ့ ထဲမှာပါတဲ့ တိုင်းရင်း သားမီဒီယာတွေဖြစ်စေ၊ ဘီအဲန်အိုင် အဖွဲ့ဝင်မဟုတ်တဲ့ စပြီးလှုပ်ရှားနေတဲ့ တိုင်းရင်းသားမီဒီယာတွေ ဒီငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မှာ စောင့်ကြည့် ရေး သားထုတ်ဝေသွားဖို့  တတ်နိုင်တဲ့နည်းလမ်းကနေ ပါဝင်သွားဖို့ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ဒါပေမဲ့ statement ထဲမှာ မပါသည့်တိုင်အောင် လုပ်ဆောင်သွားမဲ့ ရည်ရွယ် ချက်ကတော့ Deciphering  Peace Process တအုပ်ထည်းနဲ့ ပြီးသွားမှာ မဟုတ်ဘူး။ အပစ်ရပ်ပြီးတော့ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ နိုင်ငံရေးစကားပြောဆိုမဲ့ အပိုင်းအထိ တိုင်းရင်းသားမီဒီယာတွေက စောင့်ကြည့်ရေးသားနိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ (နန်းဖော့ဂေ)

မေး။    ။ Media Law နဲ့ ပတ်သက်ပြီး Myanmar Journalist Network က အစိုးရနဲ့ပေါင်းပြီး workshop လုပ်နေတယ်။ Media Law နဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေက ဘယ်လိုပါဝင်သွား မှာလဲ။ သူတို့နဲ့ ပူးပေါင်းမှာလား။ တိုက်တွန်းရုံဘဲလား။ ဘယ်လိုသွားမှာလဲ။

ဖြေ။    ။ Media Law ရေးတဲ့အခါမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ ပါဝင်သွားဖို့ ကျနော်တို့ ကြိုးစားမှာ ဖြစ်ပါတယ်။ သူတို့လှုပ်ရှားနေတာ တော်တော်ကြာပြီ။ ဒါပေမဲ့ အခုမှ တိုင်းရင်းသား မီဒီယာညီလာခံကို ကျင်းပတယ်ဆိုတော့ နည်းနည်းတော့ နောက်ကျတာပေါ့လေ။ ဒါပေမဲ့ စာနယ်ဇင်းကောင်စီနဲ့ ဆွေးနွေးတော့ သိပ်နောက်ကျသေးတာတော့ မဟုတ်ဘူးပေါ့နော်။ ဒီကြား ထဲမှာ ကျနော်တို့ကိုယ်တိုင် မီဒီယာလောရေးဆွဲတဲ့ထဲမှာ ပါဝင်နိုင်အောင် သူတို့နဲ့ ဆက်သွယ်ပြီး တော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ (နိုင်ကဆော့မွန်)

မေး။    ။ ဘီအဲန်အိုင်က ပြည်တွင်းကို ဝင်လာဖို့ အစီအစဉ်ရှိလား။ ဝင်လာရင် ဒီ Burma ဆိုတဲ့ အသုံးအနှုန်းကိုဘဲ ဆက်သုံးမှာလား။ ဒီထုတ်ပြန်ချက်ကို ဘယ်အဆင့်ထိ တင်သွားဖို့ရှိလဲ။

ဖြေ။    ။ ဝင်မလားဆိုတာ အဖွဲ့ဝင်တွေရဲ့ အနေအထားပေါ်မှာ မူတည်ပါတယ်။ တချို့အဖွဲ့တွေက ဝင်နေပြီ ဖြစ်သလို တချို့အဖွဲ့ကလည်း သူတို့မှာ အခက်အခဲရှိတယ်။ ဝင်ရောက်လာဖို့တော့ ပြောလို့ မရသေးဘူး။ ဘာပဲဖြစ်ဖြစ် နှစ်ဖက်လုပ်ဆောင်နေရတဲ့အပိုင်းမျိုးရှိတယ်။ အဲဒါကလည်း ကျမတို့ ဘီအဲန်အိုင် အဖွဲ့ဝင် ပေါ် မှာဘဲ မူတည်တာ မဟုတ်ဘူး။ တဖက်ကလည်း ပြည်တွင်းမှာ မီဒီယာလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဆက်သွယ်ရေး တွေ၊ လျှပ်စစ်မီးတွေမှာ အခက်အခဲရှိတာကြောင့် ဘီအဲန်အိုင်အဖွဲ့ဝင် တွေ လုပ်ဆောင်နေတဲ့ online media မျိုးအတွက် ဘယ်လိုမှ အဆင်မ ပြေဘူး။ ဒါကြောင့် online media အတွက်တော့ ဘီအဲန်အိုင်အဖွဲ့ဝင်တွေက ပြည်ပမှာဘဲ အခြေစိုက်နေရမဲ့ အဲဒီအနေအထား မှာ ရှိတာပေါ့နော်။ (နန်းဖော့ဂေ)

မီဒီယာလောကိစ္စနဲ့အတူ တိုင်းရင်းသားမီဒီယာတွေရဲ့ အခွင့်အရေးနဲ့ ကာကွယ်ပေးရေးအပိုင်းမှာ ကျနော်တို့က ပထမ ဒီ Press Council နဲ့ ပူးတွဲလုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။ ဒုတိယအနေ နဲ့ ပြည်ထောင်စုလွှတ် တော်မှာရှိတဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းပြီး တော့ တိုင်းရင်းသားဒေသမှာ မီဒီယာဖွံ့ဖြိုးရေးကိစ္စ ကာကွယ်ရေးကိစ္စတို့ကို ဆောင်ရွက်သွားဖို့ ရှိပါ တယ်။ နောက်တချိန်တည်းမှာဘဲ ကျနော်တို့က သက်ဆိုင်ရာပြည်နယ်အစိုးရမှာလဲ multi media လုပ်နိုင်အောင် အစိုးရကို ချည်းကပ်စကား ပြောမယ်။ အဲဒါမျိုး စီစဉ်ထားပါတယ်။ (နိုင်ကဆော့မွန်)

မေး။    ။ နိုင်ငံရေးပါတီမှာ မီဒီယာတွေ ရှိပါတယ်။ ဒီမီဒီယာတွေ ဘယ်လိုလုပ်ဆောင်သင့်သလဲ။ တိုင်းရင်းသားဒေသမှာ ဖြစ်ပျက်နေတာကို သတင်းအမှား/အမှန်တွေ မီဒီယာမှာ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်သင့်သလဲ။ (အလွတ်သဘောလို့ ပြောပါတယ်။)

ဖြေ။    ။ တိုင်းရင်းသားမီဒီယာတွေ ညီလာခံတခု ကျင်းပတယ်။ ရည်ရွယ်ချက်က တိုင်းရင်းသား မီဒီယာဖွံ့ဖြိုး ရေး ပေါ့နော်။ နိုင်ငံရေးပါတီက ထုတ်နေတဲ့ မီဒီယာတွေကို ဘယ်လိုလုပ်သင့်တယ် ဆိုတာ ကျနော် တို့အနေနဲ့ အကြံပေးဖို့ မသင့်ဘူးလို့ ထင်ပါတယ်။ တိုင်းရင်းသားဒေသက သတင်း တွေ အမှားတွေ အမှန်တွေ ကိစ္စက တော့  တိုင်းရင်းသားမီဒီ ယာ တွေ ဘာဖြစ်လို့ ဖွံ့ဖြိုးသင့်သလဲဆို တဲ့ မေးခွန်းရဲ့ အဖြေဘဲ။ အဖြစ်အပျက်တွေကို အမှန်အတိုင်းတင်ပြနိုင်ဖို့နဲ့ အဖြစ် အပျက်တွေကို မှားရင်လည်းမှားတယ်လို့ တင်ပြနိုင်ဖို့ပါဘဲ။ ညီလာခံ တလျောက်လုံးမှာလည်း ဆွေးနွေးခဲ့တယ်။ တခါ တလေ ကျရင် တိုင်းရင်းသားဒေသမှာဖြစ်နေတာ အရေးကြီး တယ်။ ဒါဟာ ပြည်ထောင်စုတခု လုံးနဲ့ သက်ဆိုင်တယ် လို့လည်း ယူဆတယ်။ သို့သော်  ညီလာခံတလျှောက်လုံး မှာ main stream မီဒီယာလို့ သုံးလာတာပေါ့နော်။ လက်ရှိမီဒီယာ တွေက ဒါတွေကို cover မလုပ်ဘူး။ မတင်ပြဘူးပေါ့နော်။ မတင်းပြဘူးဆိုတော့ တိုင်းရင်းသားဒေသမှာ ဒါဟာ ပြည်ထောင်စု မပြိုကွဲရေး နဲ့ သက် ဆိုင် တယ်၊ ပြည်ထောင်စုတခုလုံးနဲ့ သက်ဆိုင်တယ်၊ ဒါဟာဒီလိုဘဲ ပျောက်ကွယ်သွားတော့မှာ လားဆိုပြီးတော့ တိုင်းရင်းသားတွေ ယူဆကြတယ်။ အဲဒီယူဆတာကတော့ ဟုတ်ပြီ။ တကယ်လို့ သူတို့ မတင်ပြရင် ဘယ်လိုလုပ် မှာလဲ။ သတင်းမှား သတင်းမှန် ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်မလဲဆိုပြီးတော့ တိုင်းရင်းသားမီဒီယာတွေ ပေါ်လာတယ်။ အဲဒီတိုင်းရင်းသားမီဒီယာတွေ ဖွံ့ဖြိုးဖို့ လိုအပ်တယ်။ ဖွံ့ဖြိုးတဲ့အပြင် ဂုဏ်သိက္ခာရှိရှိနဲ့ မှန်မှန် ကန်ကန်နဲ့ ရနိုင်တဲ့ အဆင့်အတန်းထိ ရောက် လာဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ (ကိုမင်းလတ်)

ကျမလည်း ဖြည့်စွက်ချင်ပါတယ်။ နိုင်ငံရေးပါတီမှာ သူ့မီဒီယာနဲ့သူရှိဆိုပေမဲ့ နိုင်ငံရေးပါတီဆိုတာ နိုင်ငံရေး လုပ်နေတဲ့ အဖွဲ့အစည်းပေါ့နော်။ ပါတီအောက်က ပြန်ကြားရေးအနေနဲ့ဘဲ သွားမှာ ပေါ့နော်။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးပါတီဆိုတာ လူထုကို ကိုယ်စားပြုတယ်လို့ ယူဆထားကြတာပေါ့ နော်။ လွတ်လပ်တဲ့ မီဒီယာအပိုင်းနဲ့ ဆိုလို့ရှိရင်တော့ အခြေခံလူထုရဲ့ နစ်နာဆုံးရှုံးမှု ဖော်ပြတဲ့ အပိုင်းဆိုလို့ရှိရင် နိုင်ငံရေးပါတီအပြင် လူထုနဲ့ဆက် ဆံနေတဲ့ အရပ်ဘက်အဖွဲ့တွေ အများကြီးရှိတာ ပေါ့နော်။ လူထုအခြေပြုအဖွဲ့ကနေ သတင်းရယူမှုလည်း ရှိမှာပေါ့နော်။ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ဒေသမှာ ထဲထဲဝင်ဝင် လူထုနဲ့ဝင်ထွက်တွေ့ဆုံမေးမြန်း ရေးသားမယ်ဆိုလို့ရှိရင်တော့ လူထုရဲ့ ခံစားချက်ကို တကယ်ရေးသားထုတ်ဝေနိုင်မှာဖြစ်လို့ လွတ်လပ်တဲ့ တိုင်းရင်းသားမီဒီယာက ရပ်တည်ချင်ပါတယ်။(နန်းဖော့ဂေ)

နိုင်ငံရေးပါတီတွေရဲ့စာစောင်၊ ဝါဒဖြန့်စာစောင်တွေကို ကျနော်ပြောချင်တာက  ဒီအချိန်မှာ လိုအပ်နေတာက မိမိတို့နိုင်ငံရေးပါတီ ကျော်ကြားဖို့ထက် ပြည်သူလူထု တကယ်လိုအပ်နေတဲ့အရာ တွေကို public service အနေနဲ့ လုပ်ပေးဖို့ ပိုကောင်းတယ်။ အဲဒါများများလုပ်ပေးဖို့ တိုက်တွန်း ချင်တယ်။ အားလုံးလိုအပ်နေတဲ့ အရာဖြစ်တယ်။ မိမိပါတီဘဲကောင်းတယ်၊ မိမိပါတီခေါင်းဆောင် ဘဲကောင်းတယ်ဆိုတာထက် ပြည်သူ တွေ ကြားမှာ ပေါ်နေတဲ့ပြဿနာ ဘယ်လိုရှိတယ်၊ ဘယ်လို ဖြေရှင်းသင့်တယ်ဆိုတဲ့ အဖြေရှာတာမျိုး။ နောက် ပြည် သူ လူထုက ကျန်းမာရေးကိစမှာ နားမလည် တဲ့ဟာတွေ အများကြီးရှိတယ်။ အဲဒါကို ဘယ်လိုလုပ် ပညာပေး ကြမှာလဲဆိုတဲ့ public service ပုံစံ မျိုး ပိုပြီးသွားစေချင်တယ်။ ပြိုင်ဆိုင်မှုအတွက် လူထုကို အကျိုးပြုတဲ့ အရာတွေကို ရေးစေချင်တယ် ပေါ့နော်။ (နိုင်ကဆော့မွန်)

မေး။    ။ ပြည်တွင်းထဲ ဝင်လာဖို့ ရှိတယ်လို့ ကြားနေရတယ်။ ဝင်လာရင် ဘယ်လိုနာမည်နဲ့ ဆက်လက် လှုပ်ရှားသွားမှာလဲ။ တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးဖို့ ဘယ်လိုကဏ္ဍတွေကို ဦးစားပေးလုပ် ဆောင်သွားမှာလဲ။

ဖြေ။    ။ မေးခွန်းက အနာဂတ်နည်းနည်းဆန်တဲ့အတွက် ဖြေရတာ နည်းနည်းခက်ပါတယ်။ ကြိုးစားဖြေ ပေးပါ့ မယ်။ နောင်နှစ်မှာ တိုင်းရင်းမီဒီယာညီလာခံ ကျင်းပဖို့ ရှိပါတယ်။ ကျနော်တို့ ဆုံးဖြတ်ချက် အရပေါ့နော်။ အဲဒီ မှာ ကျနော်တို့ ဘီအဲန်အိုင်ထက် ကြီးမားကျယ်ပြန့်တဲ့ တိုင်းရင်းသားမီဒီယာအဖွဲ့ကြီးတခုပေါ်ပေါက်လာဖို့ ကြိုး စား သွားမှာဖြစ်ပါ တယ်။ နောက်ပိုင်းပေါ်လာတဲ့ အဖွဲ့အစည်းကို ဘာနာမည်နဲ့ ဘယ်လိုပေါ်မှာလဲ ဘယ်သူ တွေ ပါမလဲ ဆိုတာကိုတော့ ဒီအချိန်မှာ ဘာမှပြောလို့မရသေးဘူးပေါ့နော်။ တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးရေးမှာ က တိုင်းရင်းသားမီဒီယာအားလုံးက ခက်ခဲတဲ့နေရာမှာ ရှိနေကြတယ်။ ချင်းတောင်မှာရှိတယ်၊ ကရင်ပြည်မှာ ရှိ တယ်၊ သျှမ်းပြည်မှာရှိတယ်။ ထားဝယ်မှာရှိကြတယ်။ ကျနော်တို့အားလုံးက ကွန်ယက်ပုံစံနဲ့ ပူးပေါင်းသွားဖို့ ရှိပါတယ်။ Training တခုလုပ်တော့မယ်ဆိုရင် ဒီ training ကို သက်ဆိုင်ရာအဖွဲ့က လာရောက်တက်ရောက် တာမျိုး အစီစဉ်တွေရှိတယ်။ နောက်ပြီးတော့ အခု လောလောဆယ်လိုအပ်နေတဲ့ တိုင်းရင်းသားတွေ ညီညွှတ်ဖို့ လိုအပ်တယ်။ ငြိမ်းချမ်းရေး မြန်မြန်ရှိမှ သတင်းလွတ်လပ်ခွင့်အပါအဝင်  တခြားသော လူမှုရေး တိုးတက်မှုကို အမြန်ဆုံး လုပ်လို့ရမှာ ဖြစ်တဲ့အတွက် ဒီတနှစ်တွင်းမှာတော့ Peace Journalism သဘောမျိုး ကြိုးစား ဆောင်ရွက်သွားဖို့ ရှိပါတယ်။ (နိုင်ကဆော့မွန်)

မေး။    ။ အစိုးရက Ethnic issue ကို ရေးတာမကြိုက်ဘူး။ ကျနော်တို့ကို သူတို့က သိပ်ပြီးနှစ်သက် တာ မဟုတ်ဘူး။ တကယ်လို့ တိုင်းရင်းသားမီဒီယာတွေ ဝင်လာမယ်။ နောက် register တင်မယ်။ တကယ်လို့ အစိုးရက ကန့်သတ်ချက်နဲ့ ထားလို့ရှိရင် ဘယ်လိုလုပ်မှာလဲ။ နောက်တခုက သူတို့ လုပ်ထားတဲ့ မီဒီယာလောမှာ ဖြည့်စွက်ချင်တဲ့ဟာ ဘာတွေရှိလဲ။

ဖြေ။    ။ ကျနော်တို့က လွတ်လပ်တဲ့ သတင်းမီဒီယာအဖွဲ့အစည်းဖြစ်တာနဲ့အညီ ဒီမှာ register လုပ်တယ်။ တရားဝင်ဖြစ်အောင် ရပ်တည်မယ်။ သို့ပေမယ့် လွတ်လပ်မှုကိုတော့ လျှော့မှာ မဟုတ်ဘူး။ သတင်းမှန် အခြေ အနေ မှန်ကိုတော့ ရေးသားသွားမှာ ဖြစ်တယ်။ Media Law နဲ့ ပတ်သက်ရင် ခုနက ရှင်းပြသွားသလိုဘဲ Media Law ရေးဆွဲတဲ့နေရာမှာ ပါဝင်နိုင်အောင် ကြိုးစားနေတယ်။ မီဒီယာလောမှာ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍ မပါရင် တော်တော့်ကို အားနည်းလိမ့်မယ်။ နောက်ပြီး တချိန်တည်းမှာဘဲ အားလုံးက ပြောပြော နေတဲ့ အမျိုး သား ပြန်လည်သင့်မြတ်ရေးမှာ လည်း အားနည်းနေမှာဖြစ်တယ်။ ဒါကြောင့် Media Law ရေးဆွဲ တဲ့အခါမှာ ရေးဆွဲတဲ့သူတွေကို ကျနော်တို့ အကြံပြုမယ်။ ပါဝင်နိုင်အောင် ကြိုးစားပြီးတော့ ဒီတိုင်း ရင်းသား တွေရဲ့ မီဒီယာ ကိစ္စ ၊ ဘာကြောင့် တိုင်းရင်းသားမီဒီယာတွေ ရှိသင့်သလဲ၊  တိုင်းရင်းသားမီဒီယာတွေကို ဘယ်လို ကာကွယ် ပေး သင့်သလဲ၊ တိုင်းရင်းသားသတင်းထောက်တွေကို ဘယ်လိုကာကွယ်ပေးရမှာလဲဆိုတဲ့ ကိစ္စတွေကို ဆွေးနွေး မှာ ဖြစ်တယ်။ ကျနော်တို့ စိုးရိမ်တာက Media Law ရေးဆွဲတဲ့သူက တိုင်းရင်းသား တွေရဲ့ feeling ကို နားမလည် တဲ့အခါမှာ general ရေးလိုက်မယ်။ ကျနော်တို့ အကြောင်းကို အဓိကထား မရေးဘူးပေါ့နော်။ ဖြစ်နိုင်ရင်တော့ တိုင်းရင်းသားမီဒီယာကိစ္စကို specialize  အခန်းတခု အနေနဲ့ ရေးနိုင်ဖို့ အကြံပြုသွားမယ်။ ကျနော်တို့ ကိုယ် တိုင် ဝင်ရောက်ရေး ဆွဲခွင့်ရမယ်ဆိုရင်လည်း ရေးဆွဲသွားမယ်။ အခုဆိုရင် Media Law မူကြမ်းကို လေ့လာ နေဆဲ ဖြစ်တယ်။ အဲဒီမူကြမ်းထဲမှာ ဘယ်နေရာမှာ ဘာတွေဖြည့်စွက်ရမှာ လဲဆိုတာ ကျနော်တို့ ဆက်လက်ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ (နိုင်ကဆော့မွန်)

ကျမလည်း နည်းနည်းပြောချင်တာက တိုင်းရင်းသားသတင်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို ရေးတဲ့ အခါ အခက်အခဲရှိတယ်လို့ ပြောတာကြောင့် တကယ်တမ်း အစိုးရဖက်ကလည်း ငြိမ်းချမ်းရေး ဖော်ဆောင်နေတယ်။ တကမ္ဘာလုံးသိအောင် သူတို့က ပြောနေတယ်။ ဒီအနေအထားပေါ်မှာ တိုင်းရင်းသားမီဒီယာမဟုတ်တဲ့ တခြား မီဒီယာတွေကလည်း ရေးသင့်တယ်။ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နေတဲ့ ကော် မတီ အထူးသဖြင့် MPC ကိုလည်း ဒါမျိုးတွေက မဖြစ်သင့်ဘူးဆိုတဲ့စာမျိုးတွေနဲ့ ကိုနိုင်ကဆော့မွန် ပြောသလို ဥပဒေမှာ ခွဲခြားတာမျိုး မဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။  မီဒီယာဥပဒေ နဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေက အတွေ့အကြုံရှိခဲ့တယ်။ ဆင်ဆာရှိတဲ့ခေတ် တုန်းက တိုင်းရင်းသားဘာသာစကားနဲ့ ပုံနှိပ်ထုတ်ဝေဖို့ သွားတင်တဲ့အခါ သူတို့ပြောလေ့ရှိတာက တော့ မူဝါဒလည်းမရှိဘူး၊ ဥပဒေပြဌာန်း တာလည်း မရှိဘူး၊ တိုင်းရင်းသားဘာသာနဲ့ ရေးထားတဲ့ ဂျာနယ်ကို censorship  လုပ်ဖို့ ဖတ်မဲ့သူလည်း မရှိဘူးပေါ့။ အဲဒီလိုမျိုး အကြောင်းပြချက်တွေ ရှိခဲ့ တယ်။ ဒါကအရင်က အခြေအနေ။ နောက်ပိုင်း သူတို့ခွင့်ပြုလာတယ်။ မီဒီယာဥပဒေကို ပြန်ကြား ရေးဝန်ကြီးဌာနက ရေးပြီးတော့ တင်တယ်။ မကျေနပ်တာတွေ ဖြစ်ခဲ့တဲ့အတွက် အပြောင်းအလဲတွေ ဖြစ်ခဲ့တယ်။ ဝန်ကြီးအသစ်တက်လာတော့ အားလုံးအတူတူ ဆွဲကြမယ်လို့ ပြောတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက တခါထပ်တင်ပြန်တယ်။ ဝန်ကြီးအပြောင်းအလဲကြောင့် MJA တွေ MJNတွေ လည်း အကြီးအကျယ် လှုပ်ရှားခဲ့ကြတယ်။ ဒါကို all inclusive ဖြစ်အောင် ရေးကြမယ်လို့ ပြောတယ်။ အဲဒီလို လှုပ်ရှားနေတဲ့အခါမှာ ပြန်ကြားရေးဝန်ကြီးဌာနက ဥပဒေတခု ထွက်လာတယ်။ ဆိုလိုတာက ဥပဒေ process က ပုံမှန် မဟုတ်ဘူးပေါ့နော်။ အခြေအနေတခုကို အဲဒီလို ဖြတ်သန်းခဲ့ရတယ်ဆိုတော့ အားလုံးပါဝင်ပြီး သေချာညှိနှိုင်း ဆွေးနွေး တိုင်းပင်ပြီးရေးတဲ့ ဥပဒေဟာ အားလုံးက ပိုပြီးလက်ခံနိုင်မယ်။ ငါတို့လည်းပါတယ်၊ ငါတို့လည်းရေးထားတယ်ဆိုပြီးမှ ဘယ်လိုမှ ငြင်းလို့မရတဲ့ ပါဝင်ပတ်သက်မှု ဒါကတဖက်။ နောက် ဘာတွေ ထည့်သွင်းချင်သလဲဆိုရင် ခုနက ဥပမာလေး ပေါ့။ တိုင်းရင်းသားဘာသာစကားနဲ့ ပုံနှိပ်ဖြန့်ဝေခြင်း သို့မဟုတ် အသံလွှင့်ခြင်း ဒါမျိုးတွေကို တိတိကျကျ ပြဌာန်းထား ဖို့လိုတယ်။ ဒီမှာ စောတက တက်စရာတခုရှိတယ်။ တိုင်းရင်း သားဘာသာစကားနဲ့ ပုံနှိပ်ခွင့်ပြုပြီးမဟုတ်ဘူးလား ဆိုလို့ရှိ ရင်လည်း ပြုနေပါပြီ။ “ သွင်တိုင် ” ( မွန်ဘာသာစကား ၊ အသံထွက် ဆနောင်းတိုင်း၊ အဓိပ္ပါယ် ဓူဝံကြယ်) က အခွင့် ရပြီ။ ဒါပေမဲ့ နည်းဥပဒေအရ ပုံနှိပ်ခွင့်ရထားတာ မဟုတ်ဘူး။ လာတင်ရင် အိုကေရတယ်၊ ဘယ်လို ထုတ်ပါလို့ ပြောပြီး ခွင့်ပြု လိုက်တဲ့ သဘောဘဲ။ ဆိုလိုတာက ဘယ်ဥပဒေ၊ ဘယ်ပုဒ်မ၊ ဘယ်အပိုဒ် ကြောင့် တိုင်းရင်းသားဘာသာစကားနဲ့ ထုတ်ဝေ ခွင့် ရှိတယ်ဆိုတဲ့ တကယ်တမ်းခိုင်မာတဲ့ ထုတ်ဝေခွင့်မျိုး မဟုတ်ဘူးလို့ ယူဆတယ်။ မီဒီယာလောမှာ ဘာတွေဖြည့် စွက် ချင်သလဲဆိုရင် တိုင်းရင်းသားဘာသာစကားနဲ့ ပုံနှိပ်ရေးသား ထုတ်ဝေခြင်းဖြစ်စေ အသံလွှင့်ခြင်းဖြစ်စေ ရုပ်သံလွှင့်ခြင်း ဖြစ်စေ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိသည်ဆိုပြီး ဘာပဲဖြစ်ဖြစ်ပေါ့။ ဒါဟာ တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးဖို့ ခိုင်မာတဲ့ ပြဌာန်းချက်တရပ် ဖြစ်လာလိမ့်မယ်။ မင်း တို့ထုတ်သွား ဆိုလို့ရှိရင် နည်းဥပဒေအရ ထုတ်တာမဟုတ်ဘူးလို့ ခံစားရတယ်။ (နန်းဖော့ဂေ)

မေး။    ။ မီဒီယာလောနဲ့ ပတ်သက်ပြီး ဘယ်လိုခံယူထားသလဲ။ ဘယ်လိုအကြုံပြုချင်လဲ။

ဖြေ။    ။ ကျနော်တယောက်တည်းအနေနဲ့ ပြောရမယ်ဆိုရင် ကျနော်လေ့လာခဲ့ရသမျှ Journalism နဲ့ Mass Journalism အရ ကိုယ့်ဆရာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဆရာက ဘာပြော သလဲဆိုတော့ မီဒီယာနဲ့ ပတ်သက်လို့ရှိရင် ဘာလောမှ မရှိသင့်ဘူး။ ရှိသင့်ရင်လည်း တကြောင်းတည်းဘဲရှိတယ်တဲ့။ အဲဒါက လွတ်လပ်သော ရေးသားထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို တားမြစ်စေတဲ့ မည့်သည့်ဥပဒေမျိုးမှ ရေးသားပြဌာန်း ခြင်းမပြုရ ဆိုတဲ့ တကြောင်းတည်းဘဲရှိတယ် လို့ဘဲ ပြောတယ်။ ကျနော်ကတော့ ဆရာရဲ့ လွှမ်းမိုးမှုကို ခံရ တယ်။ သို့သော် မြန်မာနိုင်ငံရဲ့ အခြေ အနေက တမျိုးဖြစ်တယ်လို့ ယူဆတယ်။ မြန်မာနိုင်ငံက ဖြတ်သန်းခဲ့တဲ့ အနှစ် ၆၀ ပေါ့။ နိုင်ငံရေး သမိုင်းတွေအရ တမျိုးဖြစ်တော့ အများက လိုအပ်တယ်လို့ ယူဆတယ်လို့ ကျနော်ထင်တယ်။ (ကိုမင်းလတ်)

ကမ္ဘာကို လေ့လာလိုက်မယ်ဆိုရင် Media Law ရှိတဲ့ နိုင်ငံရှိသလို မရှိတဲ့နိုင်ငံလည်းရှိတယ်။ တကယ့်မီဒီယာကို အလွတ်လပ်ဆုံးပေးထားတဲ့နိုင်ငံက အမေရိကန်ဖြစ်တယ်။ သူ့မှာလောတော့ မရှိဘူး။ ဖွဲ့စည်းပုံ စာကြောင်း တကြောင်းတည်းနဲ့ဘဲ ဒီနေ့ထိ အမေရိကန် သတင်းထောက်တွေ မီဒီယာအဖွဲ့တွေ လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်။ ကျနော်တို့ နိုင်ငံမှာတော့ အခြေအနေအရ Media Law လိုအပ်တယ်လို့ ထင်တယ်။ Media Law  က ဖိနှိပ်တဲ့မီဒီယာလောမဟုတ်ဘဲနဲ့ လွတ်လပ်မှုကို အာမခံပြီးမှ တိုင်းသူပြည်သားတွေရဲ့ အခွင့်အရေး အားလုံးကို ကာကွယ်ပေးတဲ့ Media Law ဖြစ်ရမယ်။ သတင်းထောက်တွေကို အကာအကွယ်ပေးတဲ့ Media Law  ဖြစ်ရမယ်။ စီးပွားရေးသမားဘက်ကို လိုက်ပြီးတော့ သတင်းထောက်ကို ဖိနှိပ်တဲ့ Media Law မျိုး မဖြစ်စေရ ဘူး။ ကျနော်တို့ အားလုံးက ကောင်းမွန်တဲ့ Media Law တခု လိုချင်ပါတယ်။ (နိုင်ကဆော့မွန်)

လက်ရှိနိုင်ငံရေးအခြေအနေအရ ကျမတို့နိုင်ငံမှာ Media Law တော့ ပြဌာန်းဖို့လိုတယ်။ သတင်းသမားတွေကို ကာကွယ်ပေးတဲ့ တိကျခိုင်မာတဲ့ လောဖြစ်ဖို့လည်း လိုတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့နိုင်ငံမှာ မီဒီယာပွင့်လင်းလာတာ သိပ်မကြာသေးဘူး။ ပရမ်းပတာ မဖြစ်ဖို့ ထိန်းချုပ်မှုလည်း လိုတယ်။ အဲဒီတော့ ကျင့် ဝတ်အပေါ်မှာ သွားပြီးတော့ တည့်တည့်မတ် မတ်နဲ့ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ဖို့ကို မီဒီယာလော လိုအပ်တယ်လို့ ကျမတယောက် အနေနဲ့ မြင်တယ်။  (နန်းဖော့ဂေ)

ဒုတိယအကြိမ် တိုင်းရင်းမီဒီယာညီလာခံကြီးကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ ၂၀၁၄ အတွင်း ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

Most read this week