မောင်ပိုင်စီးငြိမ်းချမ်းရေး ထာဝရတည်တံ့မည်မဟုတ်

မောင်ပိုင်စီးငြိမ်းချမ်းရေး ထာဝရတည်တံ့မည်မဟုတ်
by -
သျှမ်းသံတော်ဆင့်

ဦးသိန်းစိန်အစိုးရက ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ခြေလှမ်းနေရာမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ထာဝရငြိမ်းခြမ်းရေးတည်ဆောက်လိုတယ်။ တိုင်းရင်းသားတွေဘက်ကလဲ စစ်မှန်တဲ့ ပြည်ထောင်စုကြီး တည်ဆောက်ဖို့ ငြိမ်းချမ်းရေးတည် ဆောက်လိုတဲ့ ဆန္ဒပြင်းပြနေပါတယ်။ သို့ပေမဲ့ ဘာ့ ကြောင့် တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေပါသလဲ။ ညီညွှတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ တွဲဖက်အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးခွန်ဥက္ကာ ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေး မြန်းထားပါတယ်။

UNFC တွဲဖက်အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးခွန်ဥက္ကာ
မေး။    ။မင်္ဂလာပါခင်ဗျား။ အခုတလောကြားနေတာ UNFC အနေနဲ့ ဦးသိန်းစိန်အစိုးရ ရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင် ရေးကော်မတီ နဲ့ တွေ့ဖို့ရှိတယ်လို့ ကြားထားတယ်။ အဲဒါဘယ်လိုအခြေအနေရှိလဲခင်ဗျား။

ဖြေ။    ။ကျနော်တို့ UNFC အနေနဲ့ လောလောဆယ်မှာ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်နဲ့တွေ့ဖို့ မရှိသေးဘူး၊ ဦးအောင်မင်းကိုယ်တိုင်ပြောတာက ကချင်ကိစ္စကျန်သေးလို့ UNFC နဲ့တွေ့ဖို့မဖြစ်နိုင်သေးဘူးလို့ပြောတယ်။ ကချင်ကိစ္စပြေလည်ပြီးတော့မှဘဲ UNFC အဆင့်ကိုတက်မယ်။

မေး။    ။ကချင်ဘက်ကကော ပြေလည်ဖို့အလားရှိလား။

ဖြေ။    ။ကချင်ဘက်ကတော့ ဦးအောင်မင်းနဲ့ မပြီးဘူးထင်တယ်။ ဘာလို့လဲဆိုတော့ ကချင်နဲ့ ထိပ်တိုက်ဖြစ်နေတဲ့ တပ်တွေကို နည်းနည်းနေရာရွှေ့ပေးဖို့ ပြောင်းပေးဖို့ ကချင်ဘက်ကတောင်းထားတော့ အဲဒီစစ်တပ်တွေ ပြောင်းပေးဖို့ ရွှေ့ပေးဖို့ ဦးအောင်မင်းက မပိုင်ဘူး၊ သမ္မတကိုသွားပြောတော့လဲ သမ္မတ ကိုယ်တိုင်က မပိုင်ဘူးဖြစ်နေတယ်။ အဲဒါကြောင့် စစ်တပ်ဘက်က ဗိုလ်ချုပ်ကြီးစိုးဝင်းတို့လို တိုင်းမှူးတို့လို ပါလာရင်တော့ တပ်ရွှေ့ပြောင်းပေးဖို့ နားလည်မှုနည်းနည်းလေးရလာနိုင်တယ်။ အဲဒီက တဆင့်အခြေအနေလေး တိုးတက်လာနိုင်တယ်လို့ယူဆဒါဘဲ။

မေး။    ။KIA က UNFC ရဲ့အဖွဲ့ဝင်ဆိုတော့ အဲဒီကိစ္စအပေါ်  UNFC အနေနဲ့ ဘယ်လိုပံ့ပိုးမှုတွေပေးသေးလဲခင်ဗျား။

ဖြေ။    ။ကျနော်တို့ UNFC ကတော့ ကချင်ခေါင်းဆောင်တွေကို တွေ့ဖို့ နောက်ပတ်လောက်  အစည်းအဝေးရှိမယ်၊ အဲဒီမှာ နောက်ဆုံးအခြေအနေတွေကို သုံးသပ်ပြီး ဘယ်လိုကဏ္ဌကနေလုပ်နိုင်မလဲ၊ UNFC အနေနဲ့ ဘယ်ကဏ္ဌကနေပါဝင်ရင် ဘယ်လိုထွက်ပေါက်လေးတွေရနိုင်မလဲဆိုတာ ပြန်ညှိရမယ်။

မေး။    ။ဒါဆို ဗိုလ်မှူးကြီးတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အနေနဲ့ကော အစိုးရကိုယ်စားလှယ်နဲ့ သွားတွေ့ဖို့ရှိလား။

ဖြေ။    ။ကျနော်တို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေနဲ့ကတော့ ဦးအောင်မင်းဖိတ်ထားတာရှိတယ်။ လက်ရှိ ပြင်ဆင်နေ တာလဲရှိတယ်။ သို့သော်လည်းကျနော်တို့အချိန်မကျသေးတော့ ထုတ်မပြောသေးဘူးခင်ဗျား။ အစီအစဉ် တော့ ရှိတယ်၊ ဒီလအတွင်းတွေ့နိုင်မယ်လို့မှန်းထားပါတယ်။ ကျနော်တို့ ဘန်ကောက်မှာတွေ့တုန်း က သူဖိတ် ထားတာဘဲ။ လက်တွေ့ကျတော့ ဘယ်လိုဖြစ်ဦးမယ်ဆိုတာမသိသေးဘူး။ သွားမယ့်သူတွေ ဘာတွေလဲ ပြင်ဆင် ထားတာရှိရင်ရှိမယ်။ ဒါပေမယ့်အချိန်မကျသေးတော့ ထုတ်ဖော်ပြောလို့မရသေးဘူး ဖြစ်နေတယ်။ ပြောထား ရင်လဲ အချိန်ကျလို့ ဖြစ်မလာရင်မကောင်းဘူးလေနော်။

မေး။    ။ဟုတ်ကဲ့ပါ။ ဗိုလ်မှူးကြီးကိုတခုမေးချင်တာက သဘောထားတင်းမာတယ်လို့ နာမည်ကြီးနေတဲ့ ဒုသမ္မတ သီဟ သူရတင်အောင်မြင့်ဦးက အနားယူပြီး အခု သမ္မတသစ်ရွေးချယ်ဖို့လုပ်နေတယ်။ အခုလို ဒုသမ္မတအပြောင်း အလဲရှိလာမယ်ဆိုတော့ ဗိုလ်မှူးတို့လုပ်နေတဲ့ UNFC အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှာတို့၊ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေလုပ်နေဆဲငြိမ်းချမ်းရေးလုပ်ငန်းတို့ဟာ အပြောင်းအလဲရှိနိုင်မလားခင်ဗျ။

ဖြေ။    ။ဒုသမ္မတ တနေရာထဲအစားထိုးတာနဲ့ လုပ်ငန်းခွင်တခုလုံးကိုမထိခိုက်နိုင်ဘူးလို့ထင်တာဘဲ။ လုပ်ငန်း တခု လုံးက စီမံကိန်းကရှိပြီးသားဘဲ။ သမ္မတဦးသိန်းစိန်နဲ့ ဦးအောင်မင်းတို့လဲ တဖွဲ့ပြီးတဖွဲ့ ကြိုးစားတွေ့ နေကြ တာဘဲ။ ဆိုတော့ ပရောစက် (Process) ကတော့ဆက်သွားနေမှာဘဲ။

မေး။    ။ကချင်ဖက်မှာလဲတိုက်ပွဲတွေမရပ်သေးဘူး။ သျှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ ဆိုရင်လဲ တပ်စခန်းတချို့ ဆုတ်ပေး လိုက်လို့သာ တိုက်ပွဲက ခေတ္တငြိမ်သွားတာ ဆိုတော့ ငြိမ်းချမ်းရေးခရီးစဉ်နဲ့ပတ်သက်ပြီး ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။    ။ဦးအောင်မင်းတို့အဖွဲ့က  အပစ်အခတ်ရပ်တဲ့အဆင့်ရောက်အောင် အုပ်စုခွဲပြီးလုပ်ထား ကတဖက်၊ အပစ် အခတ်ရပ်စဲရေးရပြီဆိုတာက နိုင်ငံရေးအရ အမြတ်ထုတ်တာ။  အဲဒီနိုင်ငံရေးလုပ်တဲ့အဖွဲ့က လုပ်နေပြီးပြီ။ စစ်တပ်ကလဲ  နယ်မြေစိုးမိုးနိုင်အောင် စစ်တပ်ရဲ့အနေအထားကိုမြင့်တင်ဖို့ ပြင်ဆင်တဲ့အခါကျတော့ တပြိုင် နက်ထဲလုပ်နေတယ်လို့ ကျနော်ထင် တယ်။ နိုင်ငံရေးအဖွဲ့ကလည်း နိုင်ငံရေးအမှတ်ရအောင်လုပ်၊ စစ်တပ် ကလဲ နယ်မြေစိုးမိုရေးအတွက်လုပ်၊ စစ်တပ်ရဲ့အနေအထားလဲမပျက်အောင် ၊ငြိမ်းချမ်းရေးလုပ်တဲ့လူကလဲ သူရထားတဲ့အဆင့် မပျက်အောင် အဲဒီနည်းနာကိုသုံးနေတယ်လို့ကျနော်ထင်တယ်။ ဒါကြောင့် ဟိုးအရင်တုန်း ကလို အပစ်ရပ်ပြီးတော့ ကြိုက်တာလုပ်၊ လိုလိုအခွင့်မျိုးမပေးထားဘဲနဲ့၊ တဖက်ကလဲငြိမ်းချမ်းရေးပြော တဖက်ကလဲအနေအထိုင်ကျဉ်းကျပ်အောင် ကောင်းကောင်းမွန်မွန်မနေရအောင် လုပ်နေတာ လို့ကျနော် ထင်ရတယ်။

မေး။    ။ဒါဆိုရင်ရေရှည်မှာ ထာဝရငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုတဲ့ရည်ရွယ်ချက်က ဖြစ်လာနိုင်မှာလား။

ဖြေ။    ။အစိုးရနဲ့ စစ်တပ်တို့ပြောချင်တဲ့ထာဝရငြိမ်းချမ်းရေးက နိုင်ငံတနိုင်ငံမှာ စစ်တပ်တတပ်သာရှိရမယ်။ တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး သူ့အောက်မှာသွားနေရမယ်။ အဲ့ချိန်မှာ ဘယ်သူ့ကိုမှတိုက်စရာ မလိုတော့တဲ့အတွက်တကယ်ကိုငြိမ်းချမ်းသွားပြီ လို့ သူယူဆတယ်။တိုင်းရင်းသားတွေအခွင့်အရေး လူနည်းစုတွေအတွက်အခွင့်အရေးတွေပေးပြီး နိုင်ငံရေးအရအဖြေရှာ၊ နိုင်ငံရေးအဖြေရတဲ့အခါကျတော့ ပဋိပက္ခမရှိတော့ဘူး။ မရှိရင်ငြိမ်းချမ်းတယ်။ ဒါကတိုင်းရင်းသားဘက်က မြင်တဲ့ငြိမ်းချမ်းရေး။ ဒီအမြင် ၂ ခုက ကွာခြားတယ်။ အစိုးရမြင်တဲ့ငြိမ်းချမ်းရေးနည်းအတိုင်းသွားမယ်ဆိုရင်တော့ တချိန်ချိန်မှာ ပြန်ပျက်မှာဘဲ။ နိုင်ငံရေးအဖြေရှာပြီးစစ်မှန်တဲ့ဆုံးဖြတ်ချက်ချနိုင်မှာသာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရမှာလို့ ကျနော်မြင်ပါတယ်။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။