ဆရာကြီး ဦးမောင်ဗသိန်း နာယက အဖြစ် ပါ၀င် ရေးသားပြုစုထားတဲ့ ရခိုင်သင်ပုန်းကြီး ဖတ်စာကို စစ်တွေမြို့ “အမင့် ပျိုးခင်း” ကျောင်းမှာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ကျောင်းသုံး သင်္ခန်းစာတွေနဲ့ ပူးတွဲပြီး ကလေးတွေကို အခမဲ့ သင်ကြားပေးနေပါတယ်။ ဦးစီး သင်ကြား ပေးနေတဲ့ ဆရာမ နှင်းနုခိုင်ကို ကျောင်းသား၊ ကျောင်းသူ ဘယ်နှစ်ဦးကို စတင် သင်ပေးနေပါသလဲလို့ မေးကြည့်တဲ့အခါ ဆရာမ နှင်းနုခိုင်က အခုလို စပြောပါတယ်။
အခု ကျမသင်ကြားပေးနေတဲ့ကျောင်းမှာ ကျောင်းသားကျောင်းသူ အားလုံး ၃၃ ယောက်ရှိပါတယ်။
မေး။ ဘာကြောင့် ရခိုင်သင်ပုန်းကြီးဖတ်စာကို တွဲပြီးသင်ပေးနေတာပါလည်း။
ရခိုင်သင်ပုန်ကြီးဖတ်စာကို တွဲပြီးသင်ရတဲ့ ရည်ရွယ်ချက်က ကျမတို့ မိခင်ဘာသာစကားနဲ့သင်မှ က လေးတွေ တတ်မြောက်ဖို့ လွယ်တယ်လို့ ယူဆတယ်။ ကျမတို့က ကလေးတွေ ဘာကြောင့် သင်ယူတတ် မြောက်မှု နှေးကွေး ရသလဲလို့ လေ့လာကြည့်တဲ့အခါ မိခင်ဘာသာစကား မဟုတ်လို့ ဆိုတဲ့အချက်ကိုတွေ့ ရပါတယ်။ ကလေးတွေကို ငယ်ငယ်လေးကတည်းက မိခင် ဘာသာစကားနဲ့ သင်ရင်စာတတ်မြောက် လွယ်တယ်လို့ ကျမတို့ သိထားတဲ့ အတွက် တွဲပြီးသင်တာပါ။
မေး။ အခုလက်ရှိ “အမင့်ပျိုးခင်းကျောင်း” တကျောင်းတည်းမှာ ဒီ ရခိုင်သင်ပုန်းကြီးဖတ်စာကို သင်နေ တယ်လို့သိရပါတယ်။ တခြား ကျောင်းတွေမှာကော သင်ကြားဖို့အတွက် ဆရာမတို့ အစီစဉ်ရှိပါလား။
အဲဒီလို အစီအစဉ်တွေတော့ ဆွဲထားတာရှိပါတယ်။ ဒါပေမဲ့ ကျမတို့က ဒီဇင်ဘာလကမှ စပြီးလုပ် တာဖြစ်တဲ့အတွက် အဲဒါကို အကောင်အထည်ဖော်ဖို့ နည်းနည်းအခက်အခဲရှိနေပါတယ်။ သင်ချင်တဲ့ နေရာတွေက အများကြီးပါ။ ဒါပေမဲ့ ကျမတို့မှာ အကောင်အထည်ဖော်ဖို့ လူအင်အားကနည်းတယ်။ လူအင်အား ငွေအင်အားလိုက်နိုင်ရင် ဒီရခိုင်သင်ပုန်းကြီး ဖတ်စာကို ဆရာ သင်တန်းပေးပြီး အားလုံး တညီတည်ဖြစ်အောင်လုပ်ပြီး တခြားနေရာတွေမှာလည်း သင်ပေးဖို့ အစီအစဉ်ရှိပါတယ်။
မေး။ ကလေးတွေကို ဒီရခိုင်သင်ပုန်ကြီးဖတ်စာ သင်ပေးတဲ့အတွက် ကလေးမိဘတွေရဲ့ ဆန္ဒတွေကို ဆရာမတို့ ဘယ်လို ကြားရပါလည်း။
မိဘတွေရဲ့ဆန္ဒဆိုရင် လက်ရှိအခြေအနေမှာ ကျမတို့က နေရာအခက်အခဲ ကုန်ကျစရိတ်အခက်အခဲ တွေကြောင့် ကလေး တွေကိုအကန့်အသတ်နဲ့လက်ခံထားပါတယ်။ ကျမတို့ဘက်က ဒီထက်ပိုလုပ်နိုင် မယ်ဆိုရင် ကလေးတွေရဲ့မိဘတွေက အများကြီးသင်လိုကြပါတယ်။ ဒါက ကျမတို့ ရပ်ကွက်လေး တခုတည်းမှာပါ။ စစ်တွေ တစ်မြို့လုံး အတိုင်းအတာတောင် မဟုတ်သေးဘူး။ မိဘတွေဘက်ကလည်း လိုလိုလားလားရှိပါတယ်။ ကျမတို့ အခုသင်နေတာက မူလတန်းအဆင့် ၁ တန်း၊ ၂ တန်း၊ ၃ တန်းတွေကို သင်ပေးတာဆိုတော့ တချို့ကလည်း ဗမာဘာသာနဲ့ ရောသွားမှာ လားဆိုပြီး စိုးရိမ် ကြပါတယ်။ ကျမတို့တော့ သိပ်ငယ်ရွယ်တဲ့ အချိန်မှာ စပြီးသင်လိုက်တာ ဖြစ်တဲ့အတွက် မရောဘူးလို့ ယုံကြည်ပါတယ်။ အခုလက်ရှိမှာတော့ ကျောင်းသင်ရိုးကိုလည်း လေ့ကျင့်ပါတယ်။ တဘက်မှာလည်း ရခိုင်သင်ပုန်းကြီးကိုလည်း လေ့ကျင့် ပါတယ်။
မေး။ ကလေးတွေကို ရခိုင်သင်ပုန်ကြီးဖတ်စာကို အရင်ကလည်း ထိတွေ့မှုမရှိသေးဆိုတော့ အခု ဆရာမတို့ ပထမဆုံးအနေနဲ့ ကလေးတွေကို စပြီးသင်ပေးတဲ့အခါ အခက်အခဲရှိပါလား။
အခက်အခဲတော့မရှိပါ။ ဘာကြောင့်လည်းဆိုရင် အခုသင်နေတဲ့ကလေးတွေက ငယ်ငယ်လေးတွေပါ။ သူတို့က စာကို စပြီးသင်ရတဲ့ အရွယ်ဖြစ်တဲ့ အတွက် ကျမတို့က ကဗျာရွတ်ဆိုတဲ့ ပုံစံမျိုးနဲ့ သင်ပေးတဲ့ အတွက် ကလေးတွေအတွက် အခက်အခဲမရှိပါ။ တိုးတက်မှုရှိပါတယ်။
မေး။ အခုလို ရခိုင်သင်ပုန်ကြီး ဖတ်စာကို ဆရာမတို့ အပြင်မှာ သင်ပေးနေတဲ့ အပေါ်မှာ ပညာရေး ၀န်ကြီး ဌာန အပါအဝင် အစိုးရအာဏာပိုင်တွေဘက််က တစ်စုံတရာ လာရောက် ဟန့်တား စစ်ဆေးတာတွေရှိပါလား။
မရှိပါ။ အခုလက်ရှိမှာ ကျမတို့က စနေ၊ တနင်္ဂနွေ နှစ်ရက်သာ သင်ပါတယ်။ အမင့်ပျိုးခင်းကျောင်းမှာ ကျမတို့ ရခိုင်သင်ပုန်ကြီးဖတ်စာကို အစပျိုးပြီးသင်နေပါတယ်။ ဒါနဲ့ပတ်သတ်လို့ ဌာနဆိုင်ရာ တစ်ခုကလည်း ဟန့်တားစစ်ဆေးတာမရှိပါ။ ပြီးတော့ ကျမတို့ကျောင်း ဖွဲ့စည်းရာမှာလည်း ပညာရေးဌာနက အရာ ရှိတွေ၊ မြို့နယ်ပညာရေးမှု၊ ပြည်နယ်ပညာရေးမှူး အငြိမ်းစားတွေပါ၀င်ပြီး စနစ်တကျ ဖွဲ့စည်းထားတဲ့ အတွက် ကလေးပညာရေးနဲ့ပတ်သတ်လို့လည်း အကြံကောင်းတွေ ရပါတယ်။ လမ်း ညွန်ချက်တွေ အများကြီးရပါ တယ်။ အားလုံးက ၀ိုင်းဝန်းပြီး အားပေးတဲ့ အနေအထားရှိပါတယ်။
မေး။ ရခိုင်သင်ပုန်းကြီး ဖတ်စာကို ရခိုင်ပြည်နယ်တခုလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် သင်နိုင်ဖို့ ဘာတွေလိုအပ်နေ တယ်လို့ ဆရာမ ထင်ပါလည်း။
ရခိုင်သင်ပုန်ကြီးဖတ်စာကို ရခိုင်တပြည်လုံး အတိုင်းအတာနဲ့ သင်နိုင်ဖို့အတွက်ဘာလိုလည်းဆိုရင် ပုံနှိပ်စာအုပ် လိုပါတယ်။ အခု ကျမတို့မှာ အဖြူ အမဲ ပုံနှိပ်စာအုပ်နဲ့ သင်နေတာပါ။ Four colar ပုံနှိပ် စာအုပ်ရိုက်ဖို့အတွက် ကျမတို့ စီစဉ်နေပါတယ်။ နောက်တခုက ရခိုင် တပြည်နယ်လုံး အတိုင်းအတာ နဲ့ ကျမတို့ ဆရာသင်တန်းလုပ်ဖို့ အစီအစဉ် ရှိပါတယ်။ အဲဒါကို လုပ်ဖို့အတွက် ကူညီပေးဖို့ ငွေကြေး အင်အား လိုပါတယ်။ လက်ရှိအနေအထားမှာ ရခိုင်ပြည်နယ် တစ်ခုလုံးမှာ ဒီလိုကျောင်းငယ် လေးတွေ အများကြီးရှိပါတယ်။ အဲဒီကျောင်းတွေက ဆရာတွေကို စုစည်းပြီး ကျမတို့ သင်တန်းတစ်ခု လုပ်ဖို့ စီစဉ်ထားတာရှိပါတယ်။ အဲဒါအတွက် အဓိကလိုအပ်နေတာက သင်တန်းစရိတ် တစ်ခု လိုနေပါတယ်။
မေး။ ရခိုင်သင်ပုန်းကြီးဖတ်စာကို ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ကလေးတွေကို သင်ပေးနိုင်ရင် ဘယ်လို အကျိုးရှိမယ်လို့ ထင်ပါလည်း။
ဒါက ကျမတို့မှာ ရခိုင်ဆိုပြီး အမျိုးသားရေး လက္ခဏာတရပ်အနေနဲ့ ရပ်တည်မယ်ဆိုလို့ရှိရင် ကျမတို့မှာ ကိုယ်ပိုင်စကား၊ စကားကတော့ ကျမတို့မှာရှိနေသေးတယ်။ စာပေလည်း ခိုင်ခိုင်မာမာရှိခဲ့ပါတယ်ဆိုတာကို ကျမတို့က ရည်ရှည်အတွက် ခိုင်ခိုင်မာမာ သက်သေထူနိုင် ဖို့လိုပါတယ်။ စကားရှိသေးတဲ့အတွက် လူမျိုးရှိနေတဲ့အနေအထားဘဲ ရှိနေတာကို ရခိုင်က၊ ကျမတို့ ရခိုင်လူမျိုးဟာ စာရှိတဲ့လူမျိုး၊ ယဉ်ကျေးမှုရှိတဲ့ လူမျိုးအဖြစ် အရှည်တည်တန်းဖို့အတွက်ဆိုရင် ဒီလုပ်ငန်းဟာ အထောက်အကူတရပ်ဖြစ်လိမ့်မယ်လို့ ကျမတို့ယုံကြည်ပါတယ်။
(အမင့်ပျိုးခင်းကို မြန်မာလို ပြန်ရင် အမေ့ပျိုးခင်းလို့ အဓိပ္ပါယ်ရပါတယ်။)