နိုင်ငံရေးလုပ်ဆောင်နေသည်များကို စောင့်ကြည့်နေသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် တွေ့ဆုံခြင်း

နိုင်ငံရေးလုပ်ဆောင်နေသည်များကို စောင့်ကြည့်နေသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် တွေ့ဆုံခြင်း
by -
မဇ္စျိမ

နိုင်ငံရေးလောကကို ကျောခိုင်းပြီး နဝဒေးပန်းချီပြခန်းကို ဖွင့်လှစ်သူ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် လက်ရှိဘဝကို အေးအေးချမ်းချမ်းဖြင့် ဖြတ်သန်းချင်ပါသည်ဟု မီဒီယာများ၏မေးမြန်းမှုကို ဖြေပေးခဲ့ဖူးသည်။ ၎င်းဖွင့်လှစ်ခဲ့သည့် နဝဒေးပန်းချီပြခန်းသည် မေ ၁၁ ရက်က တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ပန်းချီများနှင့် ပတ်သက်သည့် အနုပညာများကို မေးမြန်းခဲ့သည့်အပြင် လက်ရှိနိုင်ငံရေးအခြေအနေ များကိုလည်း မဇ္ဈိမက ပွင့်လင်းစွာ မေးမြန်းခဲ့သည်။

လက်ရှိပန်းချီစျေးကွက်ကို ဘယ်လို မြင်မိပါသလဲ။

ပန်းချီစျေးကွက်က တက်လာတာပေါ့ကွယ်။ အခု နိုင်ငံခြားသားတွေက မြန်မာတွေရဲ့ပန်းချီကားတွေကို ကြိုက်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာတွေရဲ့ပန်းချီကားတွေက အဓိပ္ပာယ်ရှိတယ်။ ပုံတူတွေ ဆွဲတာမဟုတ်ဘူး။ အဓိပ္ပာယ်ရှိတာတွေ ရေးဆွဲပြီးတော့ တင်ပြတာလေ။ နို်င်ငံခြားသားခရီးသည်တွေ ပိုပြီးတော့သိလာတယ်။ မြန်မာ့ပန်းချီစျေးကွက် ပိုပြီးတော့မြင့်မားလာလိမ့်မယ်။ နိုင်ငံတကာကို ပိုပြီးခြေဆန့်နိုင်လိမ့်မယ်လို့ ဘဘ ထင်မိပါတယ်။

မြန်မာ့ပန်းချီလောကအခြေအနေကို သုံးသပ်ကြည့်ရင်ရော . . .။

ဘဘက ပန်းချီအနုပညာရှင်တွေကို သိပ်ပြီးတော့ အားပေးချင်တာ။ အခု ပန်းချီဆရာတွေကို အားပေးတာပေါ့။ ဟိုတစ်လောကလည်း ဓာတ်ပုံဆရာတွေ ပြသသွားခဲ့ပြီးပြီ။ မြန်မာတွေရဲ့အနုပညာတွေက တချို့ မသိသေးတာတွေ၊ မြုပ်နေတာတွေ အများကြီးရှိတယ်။ မြန်မာတွေရဲ့ ယဉ်ကျေးမှုအနုပညာတွေက အခုချိန်မှာ ပိုပြီးဖော်ထုတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ တဖြည်းဖြည်း မှေးမှိန်တိမ်မြုပ်ပြီးတော့ ပျောက်ချင်သလို ဖြစ်နေပြီ။ ပန်း ၁၀ မျိုးဆိုရင် တချို့ဟာတွေ နည်းနည်းပျောက်ချင်သလိုဖြစ်နေလို့ ဖော်ရထုတ်ရမယ်။ မြန်မာတွေရဲ့ အနုပညာ ယဉ်ကျေးမှုက ပိုပြီး ပုံဖော်ဖို့ကောင်းတဲ့ အချိန်ကာလဖြစ်တယ်။

သဘောက တိမ်မြုပ်နေတဲ့ပန်းချီဆရာ တွေကို ဖော်ထုတ်ချင်လို့ ပန်းချီပြခန်း ဖွင့်တာဆိုရင် . . . ။

ပန်းချီပြခန်းဖွင့်တဲ့ ရည်ရွယ်ချက်က ဘဘက ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတယ်။ ပန်းချီဆရာအများကြီးရှိတဲ့ အောက်မြန်မာနိုင်ငံမှာက ရန်ကုန်ကို အခြေပြုတာပေါ့။ အထက်မြန်မာနိုင်ငံမှာက မန္တလေးကို အခြေပြုတာ။ အလယ်ပိုင်းဆိုရင် မကွေးတို့၊ ပုဂံတို့မှာ တိမ်မြုပ်နေတဲ့ ပန်းချီဆရာတွေ အများကြီးရှိတယ်။ ရှေ့မတိုးနိုင်ဘူး။ သူတို့ စျေးကွက်မရှိတာ စောစောပိုင်းတုန်းကပေါ့။ အခု ဘဘက စျေးကွက်တွေပေါ်ပေါက်လာအောင်လို့ ပန်းချီပြခန်းလေးဖွင့်ဖြစ်သွားတာပါ။ ရည်ရွယ်ချက်ကတော့ အဲဒါပါပဲ။

ပြခန်းမှာ ပြသရင် အခမဲ့နီးပါးပြသလို့ ရတယ်လို့ ကြားရတယ်။

ပိုက်ဆံတွေ အများကြီးယူပြီး ပြသခွင့်ပေးတာမဟုတ်ဘူး။ ဒီမှာရှိတဲ့ ပြခန်းက ပိုက်ဆံယူတာ မဟုတ်ဘူး။ ပြခန်းရောင်းရလို့ ရှိရင်တော့ သူတို့က ကော်မရှင်ပေးပါတယ်။ မရောင်းရရင်တော့ သူတို့က အရင်းပဲပေါ့။ ဘာမှပေးစရာလည်း မလိုဘူး။ ပန်းချီဆရာရဲ့ အမြင်၊ အတွေးအခေါ်၊ အယူအဆတွေနဲ့ ဘယ်လိုပဲပြပြ ဘဘက ၀င်ပြီးတော့ မစွက်ဖက်ဘူး။ ရဲ့ပန်းချီပြခန်းမှာ ဘာကန့်သတ်ချက်မှ မရှိဘူး။ မငြင်းဆန်ဘူး။ ဘာကားမပြရဘူးလို့လည်း ကန့်သတ်ချက် မရှိဘူး။ အထူးသဖြင့် ဘယ်လိုဟာတွေပြမယ်ဆိုတာတော့ ဘဘကို ပြောပေါ့ကွယ်။

မြန်မာ့ပန်းချီက နိုင်ငံတကာကို ထိုးဖောက်နိုင်တယ်လို့ မြင်မိလား။

ပန်းချီအနုပညာလက်ရာတွေ တိုးတက်လာတာကိုတော့ တွေ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ယဉ်ကျေးမှု တက္ကသိုလ်ကြီးဖွင့်တယ်လေ။ အဲဒီမှာ ပန်းချီသင်တန်းတွေ ရှိတယ်လေ။ အဲဒီက ပန်းချီဆရာတွေကလည်း ဘွဲ့ရတွေလေ။ ဘွဲ့ရတဲ့ပန်းချီဆရာတွေ တိုးတက်လာတဲ့အခါကျတော့ နိုင်ငံတကာကို ပိုပြီးထိုးဖောက် လာနိုင်တယ်လေ။ အဲဒီတော့ အခြေအနေက ယခင်ထက် စာရင်တော့ ပိုပြီးတိုးတက်လာပါတယ်။ အများကြီးလည်း ကောင်းလာပါတယ်။

ကမ္ဘာကျော်ဖို့၊ စျေးကွက်မြင့်မားဖို့ ပြည်ပကို သွားရောက်ပြသမှုအပေါ် ဘယ်လိုမြင်လဲ။

ပန်းချီလက်ရာ တိုးတက်လာဖို့၊ စျေးကွက်မြင့်မားဖို့အတွက် ပြည်ပကိုပဲ လက်ညှိုးထိုးတာတော့ မဟုတ်ဘူးကွာ။ ကိုယ့်နိုင်ငံမှာပဲ စျေးကွက်က ရှိဖို့ကောင်းတယ်။ နိုင်ငံခြားသွားပြမှပဲ နိုင်ငံခြားစျေးကွက်ကို မီမယ်ဆိုတာ အပြည့်အဝ မမှန်နိုင်ဘူး။ နိုင်ငံခြားသားတွေကလည်း မြန်မာနိုင်ငံက ပန်းချီကားတွေကို လာလေ့လာတယ်။ သူတို့ ကြိုက်ပြီးတော့ ပိုက်ဆံမပါရင် သူတို့က မှတ်သွားတယ်။ ဘယ်သူရေးတာလဲဆိုပြီးတော့ပေါ့။ ပြီးတော့မှ သူတို့က ဟိုကနေ လှမ်းမှာတာပေါ့။ စျေးကွက်က ကိုယ့်နိုင်ငံတွင်းမှာပဲ စျေးကွက်ဖြစ်အောင်လို့ ဖန်တီးတာက အဓိကအကျဆုံးပဲ။ နိုင်ငံခြား သွားပြမှ ရောင်းကုန်က အမြတ်ရမယ်၊ ပိုပြီး ဖြစ်ထွန်းတယ်ဆိုတာက နိုင်ငံခြားမျှော်တဲ့ အတွေးအခေါ်ပဲ။

လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ် ပြောပေးပါ။

ဘဘ နိုင်ငံရေးအကြောင်း မပြောဘူးကွာ။ အနုပညာယဉ်ကျေးမှုအကြောင်းပဲ ပြောချင်တယ်။ နိုင်ငံရေးဘဝ အကြောင်း ဘာမှမပြောဘူး။ သူတို့လုပ်ဆောင်နေတာတွေကို ကြည့်နေတယ်။ အခုမပြောသေးဘူး။ အချိန်ရောက်ရင်တော့ ပြောမှာပေါ့။