ချင်းမိုင် (မဇ္စျိမ) ။ ။ သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်သည် ပြောင်းလဲလာသည့် အစိုးရ မဟုတ်ဘဲ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသာလျှင် အဓိကဖြစ်ကြောင်း ကချင်အမျိုးသားအစည်းအရုံး KNO ဥက္ကဋ္ဌ ဦးဘောမ်ဝမ်လရော်က ပြောဆို လိုက်သည်။
(KNO ဥက္ကဋ္ဌ ဦးဘောမ်ဝမ်လရော်နှင့် အင်တာဗျူး)
ချင်းမိုင် (မဇ္စျိမ) ။ ။ သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်သည် ပြောင်းလဲလာသည့် အစိုးရ မဟုတ်ဘဲ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသာလျှင် အဓိကဖြစ်ကြောင်း ကချင်အမျိုးသားအစည်းအရုံး KNO ဥက္ကဋ္ဌ ဦးဘောမ်ဝမ်လရော်က ပြောဆို လိုက်သည်။
ကချင့်သမိုင်းကြောင်းနှင့် နယ်ခြားစောင့်တပ် လက်မခံသော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ လက်ရှိ အခြေအနေကို သိရှိနိုင်ရန် KNO က ဧပြီလ ၃ဝ ရက်၊ စနေနေ့တွင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ Pan Kachin ရုံးခန်း၌ ဆွေးနွေးမှုတရပ် ပြုလုပ်ခဲ့သေးသည်။
ထိုဆွေးနွေးပွဲသို့ ချင်းမိုင်းရှိ ခရစ်ယာန်ဘာသာဝင် အသင်းတော်ဆရာများ၊ ကချင်လူငယ်များနှင့် KIO ခေါင်းဆောင်အချို့၊ KIO စစ်မှုထမ်းဟောင်းများ အပါအဝင် လူဦးရေ ၅ဝ ကျော်တက်ရောက်ခဲ့သည်။
၁၉၉၄ ခုနှစ် ဇွန်လမှစ၍ တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန်မြို့တွင် Pan Kachin ဆိုသည့် လူမှုအဖွဲ့ကိုဖွဲ့စည်းခဲ့ ပြီးနောက် ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးများကို လှုပ်ရှားလာခဲ့သည်။
ထို့နောက် ကချင်လူထု အခွင့်အရေး ရရှိရေး၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဒီမိုကရေစီရေးအတွက် ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ မလေးရှား၊ အိန္ဒိယ၊ ကနေဒါ၊ ဗြိတိန်၊ နော်ဝေး၊ ဆွီဒင်၊ တရုတ် စသည့် နိုင်ငံများတွင် KNO ကိုစတင်ဖွဲ့စည်း ခဲ့သည်။ ရုံးချုပ်ကိုမူ ထိုင်းနိုင်ငံနယ်စပ်တွင် အခြေစိုက်ထားသည်။
၁၂ နှစ်ကြာ နိုင်ငံရေးလှုပ်ရှားမှုများတွင် အပြိုင်အဆိုင် သဘောလုပ်ဆောင်မှုများ ရှိခဲ့ပြီး၊ ကချင်လူထုအကြား မတူညီသည့် သဘောကွဲလွဲမှုများ မရှိစေရန် KIO နှင့် KNO ထိပ်ပိုင်းခေါင်းဆောင်များသည် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကာ သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။
သဘောတူညီမှုတွင် အမျိုးသားရေးကို အတူလက်တွဲ ဆောင်ရွက်သွားရန်၊ တိုင်းရင်းသားများ တန်းတူအခွင့် အရေး ရရှိရေးအတွက် နိုင်ငံရေး ဖြေရှင်းသွားရန်နှင့် တိုင်းရင်းသားများ ပါဝင်သည့် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေး ကြိုးပမ်းသွားရန်တို့ ပါရှိသည်။
KNO နှင့် KIO တို့၏ လှုပ်ရှားမှုအခြေအနေများ၊ လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် အစိုးရသစ်အပေါ် သဘောထားကို သိရှိရန် KNO ဥက္ကဋ္ဌ ဦးဘောမ်ဝမ်လရော်ကို မဇ္စျိမသတင်းထောက် ဖနိဒါက တွေ့ဆုံ၍ မေးမြန်းထားသည်။
ကချင်လူမျိုးတွေရဲ့သမိုင်းကြောင်းကို ဘာကြောင့် ဆွေးနွေးတာလဲရှင့်။
‘‘နံပါတ်တစ်က ကျနော်တို့ ကချင်လူငယ်တွေ ကချင်လူမျိုးတွေရဲ့ သမိုင်းကို နားလည်ဖို့၊ ဖြစ်လာတဲ့နိုင်ငံရေး အခြေအနေတွေကို နားလည်ဖို့ ပြောပြတာပါ။ အခြေအနေတွေ အားလုံးသိထားမှ နောက် ဘယ်လို ရပ်တည်မယ်ဆိုတာတွေ သူတို့တွေ နားလည်လာမယ်။ အဲဒါကြောင့် ဆွေးနွေးဖြစ်တာ’’
လက်ရှိအစိုးရနဲ့ KIO ကြားက အခြေအနေရော ဘယ်လို ရှိနေလဲရှင်။
‘‘မြန်မာအစိုးရကနေ KIO ကို သောင်းကျန်းသူအဖွဲ့လို့ ပြောတာရှိတယ်။ ဒါပေမဲ့ KIO ဘက်ကတော့အစိုးရ ဘက်က မတိုက်ရင် KIO ဘက်က မတိုက်ဘူး။ အပစ်ရပ်စဲထားတာကို သူတို့ဘက်က မရုပ်သိမ်းရင် ကျနော်တို့ KIO ဘက်ကလည်း အပစ်ရပ်စဲရေးကို ဆက်ကိုင်ထားမယ်ဆိုတာပဲ ကိုင်စွဲထားတယ်’’
အစိုးရသစ် သမ္မတ သိန်းစိန်အပေါ်မှာရော ဘယ်လိုမြင်လဲ။
‘‘ကျနော် မြင်တာက သမ္မတ သိန်းစိန်တို့အဖွဲ့က ဘာမှ ပြောင်းလဲ၊ ကွာခြားသွားတယ် မမြင်ဘူး။ အဖွဲ့ကလည်း ဒီအဖွဲ့ပဲ။ Personally သိန်းစိန်ပဲဖြစ်ဖြစ်၊ သိန်းဇော်ပဲဖြစ်ဖြစ် အရေးကြီးတာက ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ။ ဒီအခြေခံဥပဒေ မကောင်းဘူးဆိုရင် သူကလည်း ဖွဲ့စည်းပုံကို ဆန့်ကျင်ပြီးတော့ လုပ်လို့ မရဘူးလေ။ ဒီအပေါ်မှာပဲ သွားရမှာပဲ’’
ဒီအစိုးရသစ်ကရော KIO အပေါ် ဆက်ဆံရေး ကောင်းမွန်လာနိုင်မလား။
‘‘အစိုးရသစ်အနေနဲ့တော့ ဘာမှ ပြောဆိုလာတာ မရှိသေးဘူး။ KIO ဘက်ကလည်း ဘာမှ မပြောလာသေးဘူး။ သမ္မတ သိန်းစိန်ဘက်ကလည်း ကမ်းလှမ်းဖို့ မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ ညီလာခံ အတူလုပ်တယ်။ အဲဒါကိုလည်း ထောက်ခံထားတယ်။ အဲဒီတော့ အဲဒါကို ပြန်ပြီး ဆွေးနွေးမယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ပဲ လိုတော့တယ်။ အဲဒါမဟုတ်ရင် တခြားပြောဖို့ မရှိတော့ဘူး’’
သူ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ သင့်သလား။
‘‘အကျဉ်းသားတွေကို လွှတ်ကို လွှတ်ပေးရတော့မယ်။ဖမ်းဆီးထားဖို့ မသင့်တော့ဘူး။ အစိုးရ ပြောင်းလဲသွားပြီလေ။ အရင် စစ်အစိုးရရဲ့ မူအရ အကျဉ်းကျခံနေရတယ်ဆိုတော့ ဒီအစိုးရသစ်ရဲ့ အကျဉ်းသားတွေ မဟုတ်တဲ့အတွက် ဒီမိုကရေစီအရေး လုပ်ဆောင်တဲ့ နိုင်ငံရေးသမားတွေဆိုတော့ လွှတ်ကို လွှတ်ပေးရမယ်။ တကယ်လို့ မလွှတ်ပေးဘူးဆိုရင် သူတို့ အစိုးရက ဒီမိုကရေစီအစိုးရ မဟုတ်တော့ဘူး၊ပြည်သူ က ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ မဟုတ်တော့ဘူး။ ကျနော်တို့ မြင်တာက တကယ်ပဲ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ ဖြစ်တယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပါ။ အဲဒါကို လိုချင်တယ်’’
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ကချင်လူထုအရေးအတွက် လုပ်ပိုင်ခွင့် ဘယ်လောက်ရမယ်လို့ ယူဆလဲ။
‘‘ပြည်နယ်ဝန်ကြီးချုပ်က ဒီဖွဲ့စည်းပုံ အခြေခံဥပဒေထဲကနေပဲ လုပ်ခွင့်ရှိတယ်ဆိုတာပဲ ရမယ်။ ဒါတောင်မှ ဒီဖွဲ့စည်းပုံမှာတောင် လုပ်ခွင့်မရတာလည်း ရှိမယ်။ အားလုံးက အပေါ်ကနေ အမိန့်နဲ့ ညွှန်ကြားတာကိုပဲ လုပ်ခွင့်ရမယ်။ ဒီအခြေခံ ဖွဲ့စည်းပုံက သူလိုချင်သလို လုပ်ထားတာပဲလေ။ ဒါကြောင့် သူကကချင်ပြည်သူ လူထုအတွက် ဘာတွေ လုပ်ပေးနိုင်မယ်ဆိုတာ ဘာမျှော်လင့်ချက်မှ မရှိဘူး’’
UNFC-ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖယ်ဒရယ်ကောင်စီ အစည်းအဝေးက မကြာခင် လုပ်တော့မယ်လို့ သိရတယ်။ အဲဒီမှာ ဘာတွေ ဆွေးနွေးဖို့ ရှိလဲ။
‘‘အဓိကတော့ တိုင်းရင်းသား အဖွဲ့အစညး်တွေရဲ့ စစ်ရေးအရ ဘယ်လိုလုပ်ပြီး စုပေါင်းဖြေရှင်းမယ်ဆိုတာတွေ၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ဖို့ ဘယ်လိုနည်းနဲ့ လုပ်ဖို့ဆိုတာတွေ ဆွေးနွေးဖို့ ရှိတယ်။ လက်တွေ့ လုပ်ဆောင်သွားဖို့တွေ ပြန်ဆွေးနွေးမယ်။ လူတွေလည်း ထပ်ပြီး ပြင်ဆင်ဖွဲ့သင့်ရင် ဖွဲ့မယ်’’
KIO နဲ့ KNO (ကချင်အမျိုးသား အစည်းအရုံး) သဘောတူပြီးနောက် ဘာတွေ အကောင်အထည် ဖော်နေပြီလဲ။
‘‘အခု KIO နဲ့ KNO လက်မှတ်ထိုးထားပြီဆိုရင် တရားဝင် ဖြစ်သွားတယ်။ ထိရောက်တဲ့ လုပ်ဆောင်မှုတွေ မရှိသေးတာက ကျနော်တို့က မြန်မာအစိုးရကို ရုပ်သိမ်းပြီးတော့ ဖယ်ဒရယ် ပြည်ထောင်စု ပြောင်းမယ်။ အခုတော့ စစ်တပ်အင်အားနဲ့ပတ်သက်လို့ စည်းရုံးရေးလုပ်တာတွေ၊ တခြားတိုင်းရင်းသား အဖွဲ့တွေနဲ့ပူးပေါင်း ဆောင်ရွက်မှု လုပ်တယ်။ အဲဒါတွေပဲ လုပ်နေပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ပြည်သူလူထုကို ခေါ်ပြီးအစည်း အဝေးကြီးကို နောက်တလလောက် အကြာမှာ လုပ်သွားမှာပါ’’
ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ လူငယ်တွေ သောက်သုံးမှု ပိုများလာတယ်လို့ သိရတယ်။ အဲဒါ ဘာကြောင့် ဖြစ်ရတာပါလဲ။
‘‘နံပါတ်တစ်က နိုင်ငံရေးမကောင်းလို့ပဲ။ နိုင်ငံရေးတည်ငြိမ်မှု မရှိလို့ဘဲ။ နိုင်ငံရေးပေါ်လစီ မကောင်းတော့ စီမံခန့်ခွဲရေးတွေ ပျက်စီးသွားတယ်။ လူတွေကလည်း အကျင့်ပျက်စီးကုန်တယ်။ အဲဒါကို ပြန်ပြင်ပေးမယ့် အဖွဲ့အစည်း မရှိတော့ဘူး။ အဲဒီမှာ ကျနော်တို့ အမျိုးတွေ ပိုပြီး စဉ်းစားရမှာက နိုင်ငံရေးစိတ်ဓာတ်၊ဒီစစ်အစိုးရ ကို ဆန့်ကျင်ဖို့။ တော်လှန်လိုတဲ့ စိတ်တွေ မရှိအောင်၊ အားလုံးကို မူးယစ်ဆေးဝါးတွေ သုံးစွဲသူတွေ ဖြစ်အောင် လုပ်တဲ့ ပေါ်လစီတွေ ရှိတယ်။ ဥပမာ ဘိန်းရောင်းတဲ့ လူတွေတောင် ရဲတွေ ပါနေတာပဲ။ အခု မြစ်ကြီးနားမှာ အရင်က ဘိန်းရောင်းပြီး အခု မရောင်းတဲ့ လူတွေကိုတောင် ပြန်ဖမ်းဆီးတာတွေ လုပ်တယ်လို့ သိရတယ်။ သူတို့အစိုးရရဲ့ ပေါ်လစီမှာ ပါရင်ပါမယ်။ အဓိကတော့ အစိုးရက စီမံခန့်ခွဲမှု ညံ့လို့ပဲ’’
‘‘ကျနော်တို့ ၁၉၉၄ ခုနှစ်ကနေ စစ်အစိုးရနဲ့ အပစ်ရပ်စဲတဲ့နောက်ပိုင်း ဘိန်းတိုက်ဖျက်ရေးတွေ ပုံမှန် လုပ်ခဲ့ တယ်။ ဘိန်းမစိုက်ပျိုးဖို့ ကင်ပိန်းတွေ လုပ်တယ်။ ပြည်သူတွေကို ပညာပေးတာတွေ ဟောပြောတာတွေ လုပ်တယ်။ ၂ဝဝ၄ နောက်ပိုင်း သိပ်ပြီး မလုပ်နိုင်ခဲ့ဘူး’’
အစိုးရဘက်က ဘိန်းစစ်ဆင်ရေး လုပ်နေတယ်လို့ လူတွေက ပြောဆိုနေတယ်။ အဲဒီအပေါ်မှာရော ဘယ်လို အထောက်အထားတွေ ရှိလို့ ပြောဆိုကြတယ်လို့ ထင်လဲ။
‘‘နံပါတ်တစ်က ဘိန်းရောင်းဝယ်တဲ့ လူတွေနဲ့ သူတို့ အစိုးရဌာနတွေက ပေါင်းပြီးတော့ ရောင်းခွင့်ပြုထားတယ်။ နံပါတ်နှစ်က အစိုးရ တပ်စခန်းတွေအနားမှာ ဘိန်းတွေ စိုက်ခွင့်ပေးထားတာတွေ၊ အဲဒီဘိန်းစိုက်တဲ့ပြည်သူ တွေကနေ အခွန်တွေ ကောက်စား၊ ဒီလိုဖြစ်နေတာက ကြာပါပြီ။ ဒါကြောင့် ဘိန်းစစ်ဆင်ရေးနဲ့ ကျနော်တို့ကို တိုက်နေတယ်လို့ တမျိုး ပြောလို့ရမယ်။ နောက် ဒီရာမတို့၊ ဘိန်းဖြူတို့ ဆိုတာက ကချင်တွေလုပ်တာမဟုတ် ဘူး။ တရုတ် စီးပွားရေးသမားတွေနဲ့ ပေါင်းပြီးတော့ လုပ်နေကြတာပဲ’’
တခြား ဘာတွေ ပြောဦးမလဲ။
‘‘တခြားကတော့ နိုင်ငံရေးအရ ပြောမယ်ဆိုရင် ဒီအစိုးရသစ်က အရင်ကလို သိပ်ပြီး ပြောင်းလဲဖို့ မရှိဘူး။ အဲဒါကြောင့် ဘာကြောင့် မပြောင်းလဲဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေက လူတွေရဲ့ ဘဝလုံခြံုမှုကို မပေးနိုင်တဲ့ ဖွဲ့စည်းပုံဖြစ်လို့ပဲ။ တခုပဲ ရှိတယ်။ ကျနော်တို့အတွက် စစ်ရေးနဲ့ ပြောင်းလဲလိုက်ပြီး ပြည်သူတွေ ရွေးချယ်တဲ့ ဒီမိုကရေစီအစိုးရဖြစ်ဖို့ ပြည်သူအားလုံးရဲ့ တာဝန်ပဲ။ ဒါကြောင့် ကြိုးစားရအောင်၊ ပြောင်းကို ပြောင်းလဲလာမယ်’’