ချင်းမိုင် (မဇ္စျိမ)။ ။ ကချင် လွတ်မြောက်ရေး အဖွဲ့ KIO နှင့် အစိုးရသစ်အကြား ငြိမ်းချမ်းရေး တည်ဆောက်ရန် ကြားဝင်စေ့စပ်သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ကချင်ခရစ်ယာန် သိက္ခာ တော်ရ ဆရာကြီး ဒေါက်တာ ဆဘွဲဂျွမ်က ငြင်းဆိုသည်။
(ဒေါက်တာ ဆဘွဲဂျွမ်နှင့် အင်တာဗျူး)
ချင်းမိုင် (မဇ္စျိမ)။ ။ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရသစ်အကြား ငြိမ်းချမ်းရေး တည်ဆောက်ရန် ကြားဝင်စေ့စပ်သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ကချင်ခရစ်ယာန် သိက္ခာတော်ရ ဆရာကြီး ဒေါက်တာ ဆဘွဲဂျွမ်က ငြင်းဆိုသည်။
နှစ်ဖက်အကြား ငြိမ်းချမ်းရေး ပြန်လည်ရရှိရန် ဒေါက်တာ ဆဘွဲဂျွမ်က စေ့စပ်ပေးနေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ကချင်သတင်းဌာန - KNG က ယခုတပတ် တနင်္လာနေ့တွင် ဖော်ပြခဲ့သေးသည်။
ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် Kachin Baptist Convention - KBC ၏ အထွေထွေ အတွင်းရေးမှူးဟောင်းနှင့် လက်ရှိ ငြိမ်းဖောင်ဒေးရှင်း Shalom Foundation ကို ထူထောင်ခဲ့သူ ရ၅ နှစ်အရွယ် ဆရာကြီး ဆဘွဲဂျွမ်သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် KIO အကြား ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရာ၌ ဦးဆောင်ညှိနှိုင်းပေးခဲ့သူ ဖြစ်သည်။
သို့သော် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်မခံသည့် KIO နှင့် စစ်အစိုးရအကြား ၂ဝ၁ဝ စက်တင်ဘာမှစ၍ ဆက်ဆံရေး ပြတ်တောက်ကာ၊ လုံခြံုရေးအသင့် အနေအထားမျိုးဖြင့် တင်းမာမှုများ ဖြစ်ပေါ်လာခဲ့သည်။ ထိုနှစ် အောက်တိုဘာတွင် KIO ကို သောင်းကျန်းသူဟူ၍ စစ်အစိုးရက စတင်ခေါ်ဝေါ်သုံးနှုန်းခဲ့သည်။
ထိုသို့သော တင်းမာမှုများ ရှိသော်လည်း အခွင့်အရေး ကြံုပါက နှစ်ဖက်ငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းရန် ဆရာကြီးတွင် ဆန္ဒရှိနေသည်။
လက်ရှိ အစိုးရနှင့် KIO အကြား ငြိမ်းချမ်းရေးအတွက် ကြားဝင် စေ့စပ်ဆွေးနွေးမှု အခြေအနေများကို သိရှိရန် ဆရာကြီး ဒေါက်တာ ဆဘွဲဂျွမ်ကို မဇ္စျိမသတင်းထောက် ဖနိဒါက ဆက်သွယ်မေးမြန်းထားသည်။
KIO နဲ့ နအဖ စစ်အစိုးရအကြား ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးနေတယ် ဆိုတာ ဟုတ်ပါသလားရှင့်။
’’အဲဒါ ဘာမှ မလုပ်ရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်ဘက်ကလည်း ဘာမှမပြောလာသေးဘူး။ KIO ဘက်ကလည်း ဘာမှ ဟိုဟာမလုပ်ဘူး။ နှစ်ဦးနှစ်ဖက်ကလည်းပဲ အခြေအနေပေးရင်တော့ သမိုင်းပေးတာဝန် ရှိတာပေါ့လေ’’
လိုအပ်ရင် ကြားဝင်ပေးသွားမယ်ပေါ့နော်။
’’ဒါကတော့ မပြီးပြတ်သေးတဲ့ လုပ်ငန်းဆိုတော့ ဆက်လုပ်ရမှာပေါ့။ သမ္မတသစ်ကလည်း သူ့မိန့်ခွန်းမှာ ရှိပြီးသားလေ။ နိုင်ငံတော်ဘက်က ဘယ်လိုမူတွေ ရှိတယ်ဆိုတာလည်းပဲ သိဖို့ လိုသေးတာကိုး။ တဖက်က KIO တွေလည်း ဒီအတိုင်းနေလို့ မဖြစ်တော့ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ဒီပြဿနာတွေကို စားပွဲပေါ်မှာ ရှင်းမှရမယ့် ကိစ္စဖြစ်ပါတယ်။ အဲဒီတော့ နှစ်ဦးနှစ်ဖက်ကလည်းပဲ စိတ်ရှည်လက်ရှည် လုပ်သွားရင် ပြီးသွားမယ်လို့ မျှော်မှန်းတာပေါ့လေ’’
ဘယ်အချိန်က စပြီး KIO နဲ့ စတင် ဆွေးနွေးဖြစ်ခဲ့တာလဲ။
’’BGF (နယ်ခြားစောင့်တပ်) နဲ့ ပတ်သက်ပြီးတော့မှ ဆွေးနွေးခဲ့တယ်လေ။ နောက်ဆုံးအနေနဲ့ နှစ်ဦးနှစ်ဖက် သဘောတူထားတဲ့ အချက်အလက်ပေါ် မူတည်ပြီးတော့မှ မနှစ်က ၂ဝ၁ဝ သြဂုတ်လ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ဆွေးနွေးခဲ့တယ်။ အဲဒီကနေ စပြီးတော့မှ KIO ကလည်း မိဘပြည်သူတွေကို ဖိတ်ပြီးတော့ လိုင်ဇာမှာ တနိုင်ငံလုံး အတိုင်းအတာ ဖိတ်ပြီးတော့ ဆွေးနွေးခဲ့တာပါ။ အဲဒီမှာလည်း BGF ပဲ ညှိနှိုင်းကြတာပဲ။ ပြည်သူလူထုလည်း ဘယ်လို သဘောထားတယ်ဆိုတာ ဆန္ဒခံယူခဲ့တာပဲ’’
KIO အဖွဲ့ ခေါင်းဆောင်တွေနဲ့ ထပ်ပြီး တွေ့ဆုံ ဆွေးနွေးဖြစ်ခဲ့သေးလားရှင့်။
’’ဒီနှစ် KIO ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးနေ့မှာတော့ တွေ့တယ်။ ဒါပေမဲ့ အဲဒီငြိမ်းချမ်းရေးကိစ္စနဲ့ တွေ့တာ မဟုတ်ပါဘူး။ တခြားလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့မှ တွေ့ကြတာပါ’’
အရင်တုန်းက ဘယ်သူတွေ ပါဝင်ပြီးတော့ ဒီငြိမ်းချမ်းရေးကိစ္စကို ဘယ်လိုစေ့စပ်ညှိနိုင်းမှုတွေ ကြိုးပမ်းခဲ့တာလဲ။
’’၁၉၉၄ တုန်းကဆိုရင် သံအမတ်ဟောင်း ဦးလှဝေါမ် ပါတယ်။ နောက် ဦးခွန်မြတ်၊ ကျနော်ရယ်ပေါ့။ တခြား ပုဂ္ဂိုလ်တွေလည်းပဲ နောက်ကနေ ပါဝင်တာရှိပါတယ်။ ကျနော်တို့ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ မပြီးပြတ်သေးတဲ့ ၁၉၈ဝ-၈၁ ခုနှစ်တုန်းက လုပ်ခဲ့တဲ့လုပ်ငန်း မပြတ်ဘူး။ အဲဒီတော့ KIO ခေါင်းဆောင်တွေဘက်က ဒီကိစ္စက မပြီးပြတ်ဘူးနော်။ တနေ့နေ့ကျရင် ဒီကိစ္စကို ပြန်ပြီးတော့ ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ အဲဒီအခါလည်းပဲ ကူညီကြပါ ဆိုပြီးတော့ လမ်းခွဲကြတာကိုး။ နောက် ၈၉ ခုနှစ်မှာ KIO ဘက်က ဒီလိုနေလို့ မဖြစ်ဘူးဆိုတဲ့ဟာ ပြန်ပေါ်လာတဲ့ အခါကျတော့ သက်ဆိုင်ရာ နိုင်ငံတော်အစိုးရကနေ ပြန်ပြီး တီးခေါက်ကြည့်တာပေါ့နော်။ တီးခေါက်ပြီးတော့ လုပ်ခဲ့တာ။ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းစွာနဲ့ အဖြေရှာဖို့ ဆိုတာကို နှစ်ဦးနှစ်ဖက် သဘောတူ လက်မှတ်ထိုးပြီးတော့ မနှစ်က စက်တင်ဘာအထိပေါ့’’
စစ်အစိုးရသစ်ဘက်ကရော ဒီကိစ္စနဲ့ ပတ်သက်လို့ ပြောဆိုလာတာတွေ ရှိပြီလား။
’’ဘာမှ မပြောလာပါဘူး။ ကျနော်တို့လည်းပဲ နိုင်ငံတော် သမ္မတကနေ မိန့်ခွန်းမှာရှိတဲ့ အမိန့်ကိုပဲ နားထောင်နေတာပေါ့လေ။ အစိုးရပေါ် မူတည်တာပေါ့။ နည်းလမ်းတွေတော့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော် သမ္မတကြီးကလည်း ငြိမ်းချမ်းရေးတံခါး အမြဲတမ်း ဖွင့်ထားတယ်ဆိုတော့ နည်းလမ်းရှာရမှာပေါ့’’
ငြိမ်းချမ်းရေးကိစ္စ ဖြစ်လာမယ်၊ မဖြစ်လာဘူး ဘယ်လိုထင်ပါသလဲ။
’’အကောင်းဘက်ကတော့ တာဆူသွားမှာပေါ့။ တာဆူသွားတဲ့ နေရာမှာလည်းပဲ ဘာပဲဖြစ်ဖြစ် ကိုယ့်ဖြစ်ချင်တာကို လုပ်လို့ မဖြစ်ဘူးပေါ့။ ဖြစ်နိုင်တာကို လုပ်သွားဖို့ပါ။ အဲဒီကနေ ဖြည်းဖြည်းတက်လာဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့က စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်ရမယ်လေ။ ဒီစစ်မှန်တဲ့ ငြိမ်းချမ်းရေးကို နှစ်ဦးနှစ်ဖက် တာဆူနေတာ။ ဝမ်းသာစရာတော့ ရှိတာပေါ့လေ။ နိုင်ငံတော်ကိုလည်း ကျနော်တို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေ ပြောပြီးသားပါ။ တကယ်ပဲ တနိုင်ငံလုံးအတိုင်းအတာ နှစ်ဖက်အကျိုးရှိတာကို လုပ်ရမှာပေါ့။ ဒါ ဖြစ်လာမှာပါ။ ကျနော်က ဒီလိုပဲ မြင်ပါတယ်’’
KIO ရဲ့ သဘောထားကရော ဘယ်လိုရှိလဲ။ ဆရာကြီးကို ညှိနိုင်းပေးဖို့ ပြောလာတာ ရှိလား။
’’KIO ဘက်ကတော့ ဘာပဲဖြစ်ဖြစ် ပြောလာတာ မရှိပါဘူး။ သူတို့က ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ပဲ။ နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းဖို့၊ အဖြေရှာသွားဖို့ပါပဲ’’
စစ်အစိုးသစ်ဘက်က စေ့စပ်ဆွေးနွေးဖို့ ကမ်းလှမ်းလာမှုကို စောင့်နေတာလား။
’’ကျနော့်အနေနဲ့ဆိုရင် သမ္မတသစ်က မိန့်ခွန်းမှာပါတဲ့အတိုင်း နိုင်ငံတော်က လမ်းဖွင့်ပေးထားတယ်လို့ ကျနော် ခံယူတယ်လေ’’
တခြား ဘာများ ပြောလိုပါသေးလဲရှင့်။
’’အခုတော့ ဘာမှ ပြောဆိုဖို့ မရှိဘူး။ ဒီငြိမ်းချမ်းရေး ကိစ္စက အခွင့်အရေး ကြံုလာရင် မပြီးပြတ်သေးတဲ့ ကိစ္စရပ်ဖြစ်တော့ ဆက်လုပ်ရမှာပေါ့။ ဟိုတုန်းက အသွင်မျိုးနဲ့ ဟုတ်ချင်မှ ဟုတ်မှာပေါ့’’