ဒေါက်တာတူးဂျာ ကြံ့ဖွံ့ပါတီဝင်ရန် ကြိုးပမ်း

ဒေါက်တာတူးဂျာ ကြံ့ဖွံ့ပါတီဝင်ရန် ကြိုးပမ်း
by -
ဖနိဒါ

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ နုတ်ထွက်ကာ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန် ကချင်တိုးတက်ရေးပါတီ KSPP ကို ဦးဆောင်ဖွဲ့စည်းခဲ့သူ ဒေါက်တာတူးဂျာက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP သို့ ဝင်ရောက်ရန်အတွက် လျှောက်လွှာတင်ထားသည်။ ...

ချင်းမိုင် (မဇ္စျိမ) ။       ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ နုတ်ထွက်ကာ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန် ကချင်တိုးတက်ရေးပါတီ KSPP ကို ဦးဆောင်ဖွဲ့စည်းခဲ့သူ ဒေါက်တာတူးဂျာက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP သို့ ဝင်ရောက်ရန်အတွက် လျှောက်လွှာတင်ထားသည်။
  
ရွေးကောက်ပွဲဝင်ရန် အားခဲခဲ့သော သူ၏ KSPP ပါတီသည် ကချင်ပြည်နယ်ရှိ မြို့နယ် ၁၈ ခုတွင် ပါတီရုံးများ ဖွင့်လှစ်ခဲ့သလို၊ အဖွဲ့ဝင် ၄ဝဝဝ ကျော်လည်း စုစည်းနိုင်ခဲ့သည်။ သို့သော် ရွေးကောက်ပွဲကော်မရှင်က KSPP ခေါင်းဆောင်များသည် KIO နှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲကာ ပါတီထောင်ခွင့် ပိတ်ပင်ခဲ့သည်။
 
ထို့နောက် ဒေါက်တာတူးဂျာ အပါအဝင် အဖွဲ့ဝင် ၁၄ ဦးက တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ရန် ထပ်မံကြိုးစားခဲ့သော်လည်း ယှဉ်ပြိုင်ခွင့် ပယ်ချခံခဲ့ရပြန်သည်။
 
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထဲ ဝင်ရောက်ရန် စာတင်ထားခြင်းနှင့် ပတ်သက်၍ ဒေါက်တာတူးဂျာကို မဇ္စျိမသတင်းထောက် ဖနိဒါက ဆက်သွယ်မေးမြန်းထားပါသည်။
 
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထဲ ဝင်ဖို့ ဘယ်တုန်းက စာတင်ခဲ့တာလဲရှင့်။ 
 
“လွန်ခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာပါ။ ရက်အတိအကျ မမှတ်မိတော့ဘူး။ အန်ကယ်ကိုယ်တိုင် စာသွားတင်တာပါ’’ 
 
အန်ကယ်နဲ့အတူ တခြားလုပ်ဖော်ကိုင်ဘက်တွေရော ပါသေးလား။ 
 
“ကျနော်နဲ့အတူ အဖွဲ့အစည်း (KIO - ကချင်လွတ်မြောက်ရေးအဖွဲ့) က ထွက်လာတဲ့ တခြားပုဂ္ဂိုလ်တွေကတော့ မပါပါဘူး။ ကျနော်တယောက်ထဲပါ။ ပါတယ်ဆိုတာလည်း မကြားဘူးနော်။ ကျနော်တို့အချင်းချင်းလည်း ဆက်သွယ်ရေး မရကြဘူးလေ။ ဒါကြောင့်မလို့ ဒီသတင်းနဲ့ ပတ်သက်ပြီးတော့မှ ရှင်းလင်းတင်ပြချင်တာကတော့ ကျနော် တယောက်ထဲပါ၊ တခြားလူတွေ မပါပါဘူး။ ကျနော်ကလည်း စေတနာသန့်သန့်နဲ့ သဘောထား ဖြူဖြူစင်စင်နဲ့ လုပ်ဆောင်တယ်ဆိုတာ မီဒီယာကို ရှင်းပြချင်ပါတယ်’’
 
ဘာကြောင့်မို့ ကြံ့ဖွံ့ပါတီထဲဝင်ဖို့ ဆုံးဖြတ်ရတာလဲရှင့်။ 
 
“အစောပိုင်းကတည်းကနေ၊ ပြီးခဲ့တဲ့ ညီလာခံတက်ပြီးတဲ့နောက် ပေါ်ပေါက်လာမယ့် အခြေခံ ဥပဒေသစ်အသွင် ဆောင်ရွက်သွားမယ့် နိုင်ငံရေးအခင်းအကျဉ်းမှာ ပါဝင်လုပ်ဆောင်ချင်တဲ့ ဆန္ဒရှိခဲ့တယ်။ အဲဒါကြောင့်မလို့ ဒီအဖွဲ့အစည်း (KIO) ကနေလည်း အပြီးအပိုင် နုတ်ထွက်ပြီးတော့မှ ဒီဥပဒေဘောင်ထဲကနေ မြို့ပေါ်ရောက်လာတယ်။ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ပါတီတရပ် ထောင်ကြည့်တယ်။ ဒါပေမဲ့ အဆင်မပြေခဲ့ဘူး။ ပါတီကလည်း မရပ်တည်နိုင်ခဲ့ဘူး။ အဲဒါကြောင့် ကျနော့်အနေနဲ့ နိုင်ငံရေး ဆက်လုပ်နိုင်တဲ့ နည်းလမ်းကို ရှာပါတယ်။ တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေမှာ နိုင်ငံရေးအရ အခြေခံကျကျ ပြောင်းလဲမှု ပေးရမယ်။ လွှတ်တော်တွေ ပေါ်လာတယ်။ ပါတီစုံစနစ်၊ စျေးကွက် စီးပွားရေးစနစ်၊ အာဏာလွှဲပြောင်းပေးဖို့ စနစ်တွေ ပြည်ထောင်စုပုံစံ ဖြစ်လာတယ်။ ဒါကို ကျနော်က သဘောကျတယ်။ ကြိုက်နစ်သက်တယ်’’
 
“ဒါကြောင့်မလို့ ဒီအတိုင်း တလှမ်းချင်းလှမ်းသွားတဲ့ ခရီးစဉ် နိုင်ငံရေးအခင်းအကျဉ်းမှာ အတတ်နိုင်ဆုံး ပါဝင်လှုပ်ရှားချင်တာပေါ့ဗျာ။ ဒါကြောင့် ပါတီဖွဲ့စည်းဖို့ မရတဲ့နောက်ပိုင်းမှာ နိုင်ငံရေးကို ဆက်လုပ်ချင်တယ်ဆိုရင် နည်းလမ်းက ဖွဲ့စည်းထားတဲ့ ပါတီတရပ်ရပ်မှာ ပါဝင်လှုပ်ရှားဖို့ပဲ ကျန်တော့တာပေါ့ဗျာ။ အဲဒီလိုဖြစ်တဲ့အခါကျတော့ လက်တွေ့ကျကျ လုပ်ဆောင်နိုင်မယ့် ပါတီက ကြံ့ခိုင်ရေးပါတီပဲ ဖြစ်တယ်။ ဒါကြောင့် ကျနော်က ဒီတိုင်းကျိုးပြည်ကျိုးကို တတ်နိုင်သလောက် သယ်ပိုးနိုင်ဖို့ဆိုရင်၊ လက်တွေ့လုပ်ဖို့ဆိုရင် ဒီလိုလုပ်မှ ဖြစ်တော့မယ် ဆိုတဲ့ သဘောထား ခံယူချက်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ လျှောက်ထားပါတယ်။ လျှောက်တာကတော့ မြို့မိမြို့ဖအနေနဲ့ ပါဝင်လှုပ်ဆောင်သွားဖို့ပါ’’
 
ဝင်ခွင့်ရလိမ့်မယ်လို့ ယူဆသလားရှင့်။ 
 
“ဒါကတော့ မပြောတတ်ဘူး။ လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်မှာပါ။ ဒါက မြို့မိမြို့ဖလို သူတို့နဲ့ ပူးပေါင်းလိုက်တယ်ဆိုတဲ့ သဘောပေါ့။ ဘာဖိအားမှ မရှိပါဘူး။ ဘာမက်လုံး ဘာမှ မရှိပါဘူး’’
 
ကြံ့ဖွံ့ပါတီ ဝင်ပြီးတော့ စစ်အစိုးရနဲ့ KIO အကြား ဖြစ်နေတဲ့ နိုင်ငံရေးပြသာနာတွေကို ဖြေရှင်းပေးဖို့ စိတ်ကူးလား။
 
“ဒီကိစ္စက တာဝန်ယူလုပ်ဆောင်နိုင်မလားဆိုတာ မပြောနိုင်သေးဘူး။ ဒါပေမဲ့ အန်ကယ် သဘောထားတခုက - အခုခေတ်ကာလမှာ အသွင်ကူးပြောင်းရေးကို အလေးအနက်ထား စဉ်းစားစေချင်တယ်။ လက်နက်ကိုင် အဖွဲ့တွေကိုပေါ့။ တနည်းနည်းနဲ့တော့ အသွင်ကူးပြောင်းရေးကို အဆင်ပြေစေချင်တယ်။ ဒီသဘောထားတခုပဲ ရှိပါတယ်။ စစ်အစိုးရနဲ့ အဆင်ပြေမယ့် နည်းလမ်းကို ရှာစေချင်တယ်လေ။ အသွင်ကူးပြောင်းရေးကို လက်ခံသွားနိုင်အောင် ကြိုးစားစေချင်တယ်။ တခြားနည်းလမ်းတော ့မရွေးစေချင်ဘူး’’
 
ဒီပါတီထဲကနေပြီး ကချင်ပြည်သူ့အရေးမှာ ဘယ်လိုကဏ္ဍတွေ လုပ်ပိုင်ခွင့် ရလာမယ်လို့ ထင်ထားလဲ။ 
 
“အဲဒါနဲ့ ပတ်သက်ပြီးတော့ အတိအကျပြောလို့ မရဘူး။ ဒီလိုပဲ နေမယ်ဆိုရင် အန်ကယ့်စိတ်ထဲမှာရှိတာ ဘာတခုမှ တိုင်းကျိုးပြည်ကျိုးကို မယ်မယ်ရရ အကောင်အထည် ဖော်နိုင်မယ့် အလားအလာ မရှိဘူးလေ။ ဒါကြောင့် ပါတီတရပ်ရပ်မှာ ပါပြီးတော့မှ ဒီပါတီနဲ့အတူ တထောင့်တနေရာမှာ လုပ်ဆောင်ခွင့် ရလာမယ်ဆိုရင်တော့ အန်ကယ့်စိတ်ထဲမှာ ရှိတဲ့၊ လုပ်ဆောင်သင့်တဲ့ လုပ်ငန်းစဉ်တွေကို အတတ်နိုင်ဆုံး ကြိုးစားပြီး အကောင်အထည် ဖော်မှာပေါ့။ ပြည်သူလူထုအတွက် ဒီအတိုင်း နေနေမယ့်အစား နည်းလမ်းတွေ ရှာပြီးတော့မှ လုပ်သွားရင် ကောင်းမွန်မယ်လို့ ယူဆလို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်’’
 
KIO ရဲ့ သဘောထားက ဘယ်လိုရှိမယ်လို့ ထင်လဲ။ 
 
“မသိဘူး။ ဒါက သူတို့အပိုင်းပဲ။ အန်ကယ်က သူတို့နဲ့ ကင်းကွာသွားတယ်။ အရင်ကတော့ ဟုတ်ပါတယ်။ နုတ်ထွက်လိုက်တဲ့ နောက်ပိုင်းတော့ အန်ကယ်နဲ့ တိုက်ရိုက်အဆက်အသွယ်လည်း လုံးဝ မရှိတော့ဘူး’’
 
ကချင်ပြည်သူတွေကကော အန်ကယ်အပေါ် ဘယ်လိုသဘောထားရှိကြလဲ။
 
“နားလည်မှုအမျိုးမျိုး ရှိလာနိုင်တယ်။ အဆိုးကြီးတော့ မတွက်ထားပါဘူး။ အားလုံးလည်း နိုင်ငံရေးကို နားလည် သဘောပေါက်ဖို့လိုတယ်။ ဒါကြောင့် လက်တွေ့ကျကျ လုပ်ဆောင်နေတယ်ဆိုတာကို အများစုက အကောင်းမြင်မယ်လို့ ထင်ပါတယ်။ ပြည်သူလူထုအတွက် လုပ်မှာပါ။ ပြည်သူလူထုက အန်ကယ့်အပေါ် ဘယ်လောက်ထိ ခွင့်ပြုမလဲ၊ လမ်းဖွင့်မလဲဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်’’
 
တခြား ဘာများ ပြောချင်ပါသေးလဲ။
 
“ထူးထူးခြားခြားပြောဖို့တော့ မရှိဘူး။ အန်ကယ်လည်း သေချာစဉ်းစားကြည့်ပြီးတော့မှ နိုင်ငံရေးကို ဆက်လက် ရှင်သန်စေချင်တယ်။ နောက်ပြီးတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးကို ထောက်ခံသွားစေချင်တယ်။ ဒါကြောင့်မလို့ ဒီခေတ်သစ် နိုင်ငံရေးအခင်းအကျင်းတခုကို တွန်းအားတခုအနေနဲ့ ပူးပေါင်းဆောင်ရွက်ချင်တဲ့ ဆန္ဒရှိတယ်။ ဒါကြောင့်မလို့ အခုလက်ရှိ အခြေအနေမှာတော့ လက်တွေ့ကျကျ လုပ်မယ်ဆိုရင် ဒီနည်းလမ်းနဲ့ ဖြစ်နိုင်တယ်ဆိုပြီး ထင်မြင်ယူဆပြီးတော့ လုပ်ဆောင်ခဲ့တာဖြစ်တယ်။ အားလုံးလည်း နားလည်သဘောပေါက်ပေးကြဖို့လည်း လိုလားပါတယ်လို့ ပြောချင်ပါတယ်’’

Most read this week