ရှမ်းပြည်နယ်အရှေ့ လွယ်မွေဒေသကို ဗဟိုပြုကာ မတ်လ ၂၄ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၈ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးဒဏ်ရာ ရရှိမှုနှင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့သဖြင့် ဒုက္ခသည်များ လိုအပ်ချက်နှင့် အခက်အခဲများမှာ အများကြီးဟု ...
ချင်းမိုင် (မဇ္စျိမ) ။ ။ ရှမ်းပြည်နယ်အရှေ့ လွယ်မွေဒေသကို ဗဟိုပြုကာ မတ်လ ၂၄ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၈ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးဒဏ်ရာ ရရှိမှုနှင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့သဖြင့် ဒုက္ခသည်များ လိုအပ်ချက်နှင့် အခက်အခဲများမှာ အများကြီးဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၏ အရှေ့ပိုင်း ဥက္ကဋ္ဌ ဒေါ်နန်းငွေမြက ပြောသည်။
လူဦးရေ ၁၅ဝ ကျော် သေဆုံးကာ၊ ၁ဝဝ ကျော် ဒဏ်ရာရခဲ့သလို၊ ထောင်နှင့်ချီကာ အိုးအိမ်ပျက်စီးခဲ့ကြသော ဒေသခံများသည် အဝတ်အထည်၊ အစားအသောက်နှင့် အမိုးအကာများ လိုအပ်နေကာ၊ အအေးဒဏ်လည်း ရင်ဆိုင်နေရသည်ဟု ဒေသတွင်း သတင်းများကလည်း ဆိုသည်။
ဒုက္ခသည်များ၏ လက်ရှိအခက်အခဲ၊ ရရှိသည့် အကူအညီနှင့် လိုအပ်သည့် အကူအညီ၊ ကူညီနေသည့် အဖွဲ့များ၏ အခန်းကဏ္ဍများကို သိရှိနိုင်ရန်အတွက် ငလျင်သင့်ဒေသများသို့ မတ်လ ၂၆ ရက်နေ့မှစ၍ ကွင်းဆင်းကူညီနေသည့် ဒေါ်နန်းငွေမြကို မဇ္စျိမသတင်းထောက် ကျော်ခက မေးမြန်းထားသည်။
ဒေါ်နန်းငွေမြသည် ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်မှနေ၍ အမျိုးသားလွှတ်တော်အတွက် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး၊ ကြံ့ဖွံ့၊ တစည ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့သည်။ သို့သော် သူအရွေးမခံရဘဲ ကြံ့ဖွံ့ကိုယ်စားလှယ် ဦးဝေဇင်မ်ိုးက အနိုင်ရခဲ့သည်။
အန်တီက ငလျင်လှုပ်ခဲ့တဲ့ နေရာတွေကို အကူအညီ ပေးနေတယ်ဆိုတော့ ဘယ်လို အကူအညီမျိုးတွေလဲဗျ။
’’ကျမကတော့ ၂၅-၂၆-၂၇ ရက်နေ့တွေကတည်းက ငလျင်ဒဏ်ခံလိုက်ရတဲ့ လူတွေကို သွားသတင်းမေးရင်း လူနာမေးရင်းနဲ့ လိုအပ်တဲ့ ငွေကြေးလေးတွေကိုလည်း ကိုယ်တတ်နိုင်သလောက် ထောက်ပံ့နေတာပေါ့။ အခုလည်း ဆေးရုံက လူနာတွေအထွက် ဓာတ်ဗူးနဲ့ အစားအစာတွေ သွားလှူမလို့ ဆေးရုံကိုသွားနေတာ’’
ဘာတွေ အခက်အခဲ ရှိလဲဗျ။ ဘယ်လို အကူအညီတွေ လိုအပ်နေလဲ။
’’အခက်အခဲကတော့ အများကြီး ဖြစ်တယ်လေ။ ငလျင်လှုပ်တုန်းက အိမ်တွေက အလုံးလိုက်၊ အလုံးလိုက် ပြိုကျကုန်တာဆိုတော့ အခက်အခဲကတော့ အများကြီး လိုနေတုန်းပါ’’
’’အဓိက လိုနေတာကတော့ စားဖို့သောက်ဖို့ရယ်။ အိမ်တွေ ပြန်တည်ဖို့အတွက်ကလည်း အများကြီး လိုပါတယ်ရှင့်။ ဘယ်လောက် လိုသလဲဆိုတာ တိုင်းတာလို့တောင် မတတ်သေးပါဘူး။ အကူအညီကတော့ အကုန်လုံး လိုနေပါတယ်ရှင့်’’
ဘယ်အဖွဲ့တွေ လာပြီး ကူညီနေလဲဗျ။
’’အဖွဲ့တွေကတော့ လာပြီး အကူအညီပေးနေကြတာ အများကြီးပဲ။ ကျမတို့အဖွဲ့ အပါအဝင် မြို့ပေါ်က ဘာသာရေး၊ လူမှုကူညီရေးနဲ့ မျိုးစုံပါပဲ။ ဒါပေမဲ့ လိုအပ်နေတဲ့ ပမာဏနဲ့က မမျှဘူး။ နိုင်ငံတကာက အဖွဲ့တွေတော့ မတွေ့သေးဘူးရှင့်။ ဥပမာဆိုရင် အိမ်တွေ မရှိတော့တဲ့ ဒုက္ခသည်တွေကို ထမင်းလောက်သာ ပေးနိုင်ရုံရှိတယ်။ မိုးကာကို အလုံအလောက် မလှူနိုင်ကြသေးဘူး။ အခုဟာက ရာသီဥတုက ဖောက်ပြန်နေတော့ သူတို့ခမျာ အရမ်းအေးနေတယ်’’
’’ရှင်းရှင်းပြောရရင် ဖြစ်တဲ့နေရာတိုင်းမှာ အကုန်လုံး လိုနေတယ်လို့ပဲ ပြောရမှာပဲရှင့်။ ဘာဖြစ်လိုလဲဆိုတော့ ဖြစ်တုန်းက တချို့ရွာတွေက အိမ်တော်တော်များများ ပြိုကျကုန်တာဆိုတော့ နေစရာမရှိဘူး။ အပြင်မှာ တဲထိုးနေတာ။ အခုလောလောဆယ်တော့ အစားအသောက်နဲ့ နေရာထိုင်ခင်း အရေးပေါ်လိုမယ်’’
’’အခုလောလောဆယ် ရာသီဥတုကလည်း ဖောက်ပြန်နေတယ်ဆိုတော့ အနွေးထည်တို့ စောင်တို့ အမျိုးမျိုးလိုတာပေါ့။ တချို့ အိမ်ရှိတဲ့ လူတွေကလည်း အိမ်ထဲကို ပြန်ဝင်ပြီး မအိပ်ရဲကြဘူး။ လမ်းပေါ်မှာပဲ ရှိတဲ့မိုးကာစလေးတွေ မိုး၊ ခင်းပြီး အိပ်ကြတယ်။ ငလျင်က ရိပ်ရိပ် လှုပ်နေတုန်းဆိုတော့ သူတို့တွေ အရမ်း ထိတ်လန့်နေကြတုန်း ရှိသေးတယ်’’
ဘယ်လိုအခက်အခဲတွေ တွေ့ရသေးလဲဗျ။
’’လုံလောက်မှုဆိုတာကတော့ ဘယ်ရှိဦးမလဲ။ ဖြစ်တုန်းက တချို့ဆို တရွာလုံးလိုလို နာတဲ့ဟာက နာ၊ ပျက်တဲ့ဟာက ပျက်၊ ကျတဲ့ဟာက ကျဆိုတော့ အမျိုးမျိုး ဖြစ်နေတယ်ဆိုတော့ ဘယ်သူမှ ဘာမှ လုပ်ကိုင်စားသောက်လို့ မရသေးဘူး။ ချက်ပြုပ်စားသောက်လို့ မရသေးဘူး။ ငလျင်ကလည်း နည်းနည်း၊ နည်းနည်း လှုပ်နေတုန်းဆိုတော့ အပြင်မှာပဲ ဒီအတိုင်းပဲ ရှိနေကြပါတယ်’’
အဆိုးဆုံးနေရာတွေက ဘယ်နေရာတွေလဲ။
’’အဆိုးဆုံးကတော့ တာလေပေါ့နော်။ တာလေကနေပြီးတော့ အရှေ့ဘက်သွားလို့ရှိရင် ၁ဝ မိုင်၊ ၁၅ မိုင် အဲဒီဝန်းကျင်မှာ အကုန်လုံးပဲ တလိုင်းလုံးပဲ။ တာလေကနေ မိုင်းလင်း၊ ဝမ်တုန်မြို့အထိ အဲဒီမှာ ဖြစ်တယ်။ နောက်ပြီးတော့ တာလေကနေ တာချီလိတ်လမ်းဘက်ဆိုလို့ ရှိရင်တော့ မရမ်း၊ တာချီလိတ်အထိ ဖြစ်တယ်။ နောက် တာလေကနေ ကျိုင်းတုံဘက်ဆိုရင် ဆွပ်ပန်းရွာအထိ ဖြစ်တယ်ရှင့်’’
အကူအညီပေးတဲ့ အဖွဲ့တွေ အရောက်နောက်ကျတယ်လို့ ဒေသခံတချို့က ပြောတာတွေ ရှိပါတယ်။ အဲဒါ ဘယ်လိုလဲဗျ။
’’နောက်မကျပါဘူး။ ဖြစ်ဖြစ်ချင်း ညမှာပဲ မြို့ပေါ်က မယက အဖွဲ့တွေ လူစုပြီး သွားကြသလို၊ ကျမတို့ အဖွဲ့တွေလည်း သွားပြီး အကူအညီပေးတာတွေ လုပ်ကြပါတယ်။ တကယ်က အကူအညီပေးနေတဲ့ အင်အားနဲ့ အကူအညီလိုနေတဲ့ အင်အား မမျှတာပါပဲရှင့်’’
’’သွားကြတာတော့ အပြင်လူရော၊ အတွင်းလူရော တတ်နိုင်သလောက် အကူအညီတွေ သွားပေးကြပါတယ်။ ဒါပေမဲ့ မလောက်တာတော့ သေချာပါတယ်’’
’’ဒုက္ခသည်တွေကလည်း အိမ်တွေထဲမှာ မနေကြဘူး။ အကုန်လုံး အပြင်ထွက်ပြီး ရှိတဲ့ အစတွေကို အမိုးအကာ လုပ်ပြီး တဲထိုးပြီး နေကြပါတယ်။ တချို့လည်း ကိုယ့်ဘာသာ တဲထိုးကြတယ်။ တချို့လည်း သူများ ကူညီပေးတာတွေတော့ ရှိတယ်။ ကျမတို့လည်း အဲဒါတွေကို လိုက်မမေးမိဘူးရှင့်။ ကိုယ်ကလည်း လိုက်ကူညီနေတော့လေ’’
အန်တီတို့ ပါတီက ဘယ်လိုပစ္စည်းတွေ အဓိကထား လှူလဲ။
’’ကျမတို့ကတော့ အရင် ၃ ရက်ကတည်းက ငွေကြေး တော်တော် အခက်အခဲ ဖြစ်နေတဲ့ လူတွေကို ငွေကြေး အနည်းငယ်စီ လိုက်လှူပါတယ်။ အစားအသောက်ကတော့ နေတိုင်း သွားပို့ပါတယ်။ ကိုယ်တတ်နိုင်သလောက် ပေါ့လေ’’
’’ဒီမနက်လည်း ကျမတို့ ပါတီဥက္ကဋ္ဌကြီး ဦးဆိုင်းအိုက်ပေါင်းကလည်း ငွေကျပ် ၁ဝ သိန်း ပို့လိုက်တယ်လို့ ပြောတယ်။ အဲဒါတွေကို စောင့်ပြီး နောက်နေ့တွေမှာ အရှေ့ပိုင်း၊ မြောက်ပိုင်း အဲဒီက လာတာတွေကို စုဆောင်းပြီးမှ ဖြစ်တဲ့ ရွာတွေ အနည်းအများအပေါ်မှာ စီမံခန့်ခွဲပြီး ကျမတို့ လှူသွားမှာပါ’’
ရွေးကောက်ပွဲတုန်းက အန်တီက ဒီဒေသမှာ ဝင်ယှဉ်ခဲ့တယ်လို့ သိရတယ်။ ပြိုင်ဘက်က ဘယ်ပါတီတွေလဲဗျ။
’’ကျမ အမျိုးသား လွှတ်တော်မှာ ဝင်ပြိုင်ပါတယ်။ ဒါပေမဲ့ မနိုင်ပါဘူ။ ကြံ့ခိုင်ရေးက ကိုဝေဇင်မိုး နိုင်သွားပါတယ်ရှင့်။ ပြည်သူ့လွှတ်တော်မှာတော့ ကျမတို့ပါတီက စိုင်းသိန်းအောင် ရသွားပါတယ်ရှင့်။ ဝင်ပြိုင်ကြတာကတော့ ကျမတို့ ကျားဖြူပါတီရယ်၊ ကြံ့ခိုင်ရေးပါတီရယ်၊ လားဟူပါတီရယ်၊ တစညရယ်ပေါ့လေ’’
အကူအညီပေးရာမှာ တချို့အဖွဲ့တွေ စစ်ဆေးခံရတယ်လို့ သိရပါတယ်။ အန်တီတို့ရော လွတ်လွတ်လပ်လပ် လှူခွင့်ရှိလားခင်ဗျ။
’’ကျမတို့တော့ ဘာအခက်အခဲမှ မရှိပါဘူး။ သုံးဘီးတွေနဲ့၊ ကားတွေနဲ့ ၁ဝ စီးကျော်လောက် သွားတဲ့အခါမှာ ဘာစစ်ဆေးမှုမှတော့ ပြုလုပ်တာ မတွေ့ပါဘူး။ လာလှူတဲ့ လူတွေ၊ အဖွဲ့တွေက များတယ်ဆိုတော့ စစ်ဆေးခံရတဲ့ လူတော့ ရှိချင်ရှိမှာပေါ့’’
’’ဝင်ရတဲ့ လူလည်း ရှိချင်ရှိမှာပေါ့၊ မဝင်ရတဲ့ လူလည်း ရှိချင်ရှိမှာပေါ့။ အများနဲ့လုပ်တဲ့ အလုပ်ဆိုတော့လည်း မပြောတတ်ဘူးပေါ့နော်။ ကျမတို့တော့ ဘာအခက်အခဲမှ မရှိပါဘူး။ အိမ်တိုင်ရာရောက် လိုက်လှူတယ်၊ ဝေပေးတယ်’’
တချို့နေရာတွေဆီ အကူအညီတွေ မရောက်ဘူးလို့လည်း ကြားနေရတယ်။ အန်တီရော ဘယ်လိုတွေ့ခဲ့ရလဲ။
’’ဟုတ်တယ်။ တချို့မိသားစုတွေက နေ့တိုင်း ငလျင်က လှုပ်လှုပ်နေတော့ ဒီတာလေမြို့နဲ့ ၁ဝ မိုင်အကွာလောက်မှာ သွားနေကြတယ်။ သူတို့ကတော့ အိမ်တွေကိုထားပြီး ကိုယ်လွတ်ရုန်းကြတာဆိုတော့ ဘယ်အကူအညီတွေရဖို့ လွယ်မလဲ။ သူတို့က အစုလိုက်၊ အစုလိုက် ဖွဲ့သွားကြတာ။ ကျမတို့လည်း မီသလောက်တော့ ထမင်းထုပ်တွေ လိုက်ပို့တာ ရှိပါတယ်။ တချို့လည်း မမီပါဘူး’’
လူမှုရေးအသင်းတွေ၊ ဘာသာရေးအသင်းတွေ၊ အန်တိီတို့ ပါတီတွေက လှူဒါန်းမှုတွေ လုပ်တယ်။ ဒါပေမဲ့ လုံလောက်မှုတွေ မရှိဘူးဆိုတော့ အာဏာပိုင်တွေကရော ထိထိရောက်ရောက် လာလှူတာတွေ မရှိလို့လားခင်ဗျ။
’’အန်တီတို့ကလည်း ဒုက္ခတကယ်ရောက်နေတဲ့ လူတွေကို ဇောနဲ့ ကူညီနေတာဆိုတော့ ဘယ်အဖွဲ့အစည်း၊ ဘယ်သူက ဘာလုပ်တယ်ဆိုတာ သတိမထားမိပါဘူး။ လာလှူနေကြတဲ့ အဖွဲ့တွေတော့ အများကြီးပါ’’