မြန်မာပြည်တွင် အရွယ်ရောက်သူတိုင်း စာသင်ခန်းတွင်း ရောက်စေရမည်ဟူသည့် မူဝါဒရှိသော်လည်း လက်တွေ့တွင်မူ ကျောင်းခန်းထဲမရှိဘဲ လုပ်ငန်းခွင်များ၌ ကလေးငယ်အများအပြား ရောက်နေ ...
နယူးဒေလီ (မဇ္စျိမ) ။ ။ မြန်မာပြည်တွင် အရွယ်ရောက်သူတိုင်း စာသင်ခန်းတွင်း ရောက်စေရမည်ဟူသည့် မူဝါဒရှိသော်လည်း လက်တွေ့တွင်မူ ကျောင်းခန်းထဲမရှိဘဲ လုပ်ငန်းခွင်များ၌ ကလေးငယ် အများအပြား ရောက်နေသည်က မိဘများ၏ စီးပွားရေး အခြေအနေ၊ မိသားစု ရပ်တည်ရေးအတွက် တဖက်တလမ်းမှ ကူညီပေးနိုင်သည့် လူမှုအခြေပြု အဖွဲ့အစည်းများ မဖွံ့ဖြိုးခြင်း၊ ဆရာဆရာမ မလုံလောက်ခြင်းနှင့် အရည်အချင်း မပြည့်ဝခြင်း၊ ဒေသတည်ငြိမ်မှု မရှိသေးခြင်းနှင့် ဆက်စပ်နေသည်ဟု ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ပါတီအချို့က ဆိုသည်။
မြန်မာနိုင်ငံ၌ အခြေခံပညာကျောင်းများ တည်ဆောက်ပေးလျက်ရှိပြီး ၁၉၈၈ ခုနှစ်တွင် ၃၃၇၄၇ ကျောင်း ရှိခဲ့ရာမှ ၂ဝ၁ဝ ခုနှစ်တွင် ၄ဝ၈၇၆ ကျောင်း ရှိလာသည်ဟု ၂ဝ၁၁ ဇန်နဝါရီလ ၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
ကလေးငယ်တိုင်း စာသင်ခန်းတွင်း ရောက်နိုင်ရန်အတွက် ပါတီများ၏ သီးခြားလုပ်ဆောင်မည့် အစီအစဉ်များ၊ အခက်အခဲများ၊ ပညာရေးမူဝါဒများ၊ ပညာ မသင်ကြားနိုင်သည့် ကလေးများအပေါ် ပါတီများ၏ အမြင်နှင့် ပညာရေးစနစ် တခုလုံး၏ အားနည်းချက်များကို မဇ္စျိမသတင်းထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်းထားသည်။
လက်ရှိ မြန်မာနိုင်ငံမှာ အရွယ်ရောက်သူတိုင်း အခြေခံပညာ မူလတန်းအဆင့် အခမဲ့ ပညာသင်ကြားရေးစနစ် ရှိပေမယ့် ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေက ရှိနေပါတယ်။ ဒီတော့ကာ ပါတီအနေနဲ့ အစိုးရရဲ့ ဘက်ဂျက်အကူ မပါဘဲနဲ့ မိမိတို့ပါတီအခြေစိုက်ရာ ပြည်နယ်၊ တိုင်းတွေမှာ ဒီကဏ္ဍနဲ့ပတ်သက်ပြီး ဘယ်လို အကောင်အထည်ဖော်သွားဖို့ အစီအစဉ်ရှိပါသလဲ။
ဦးနိုးထန်ကပ်
(ချင်းတိုးတက်ရေးပါတီ)
“ရှိပါတယ်။ အခုလောလောဆယ်တော့ မလုပ်သေးဘူး။ ဘာလို့လဲဆိုတော့ အခု အစိုးရသစ်ပေါ်လာပြီးတော့ ဝန်ကြီးအသစ်တွေ ပေါ်လာမှာပဲ။ ဒါကို တင်ပြဖို့ အစီအစဉ် ရှိပါတယ်။ ကျနော်တို့ ပြည်ထောင်စုလွှတ်တော်မှ တဆင့်သော်လည်းကောင်း၊ ပြည်နယ်လွှတ်တော်မှသော်လည်းကောင်း ကျနော်တို့ တင်ပြရမယ်’’
ဦးခက်ထိန်နန်
(စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် - စဒက)
“အခုကတော့ အန်ကယ်တို့ပါတီက စပြီးထူထောင်လာတာ မကြာသေးဘူးဆိုတော့၊ ပါတီချည်းသက်သက် ဆိုတာကတော့ အန်ကယ်တို့ပါတီမှာ အဲဒီရည်ရွယ်ချက်ကတော့ မရှိသေးဘူးပေါ့။ ကျနော်တို့ပါတီထဲက သူ့လွှတ်တော်နဲ့သူ အထဲမှာ ပါနေပြီးတော့၊ ၃ လကျော်အတွင်းမှာ ရွေးကောက်ပွဲဝင်ပြီးတော့ ပြည်နယ်အစိုးရမှာ ဝန်ကြီးတပါးအဖြစ် ပါဝင်ခွင့်ရလာပြီဆိုတော့ ဒါတွေကို ဆက်စပ်ပြီးတော့ ဖြည်းဖြည်းချင်းတော့ အကောင်အထည် ဖော်သွားမှ ရမယ်။ စီမံကိန်းတွေ ကြီးကြီးကျယ်ကျယ် ပြောပြီးတော့ တကယ့်လက်တွေ့မှာလည်း မဖြစ်နိုင်တဲ့ ဟာမျိုးကျရင်လည်း မဖြစ်သင့်ဘူးပေါ့လေ”
ဒေါက်တာအေးမောင်
(ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)
“အဲဒါမျိုးတော့ မရှိဘူး။ ကျနော်တို့က NGO (အစိုးရမဟုတ်သော အဖွဲ့အစည်း) တွေ၊ Social Institutions (လူမှုအခြေပြုအဖွဲ့) တွေ ဖွံ့ဖြိုးလာအောင်တော့ ပံ့ပိုးပေးမယ့် သဘောတွေ ရှိတယ်။ ကျနော်တို့ကတော့ အထူးသဖြင့်ပေါ့နော်… NGO တွေကို အားပေးမယ့်သဘော ပေါ်လစီချထားတာ ရှိပါတယ်”
“ဒီဖွံ့ဖြိုးရေးနဲ့ပတ်သက်လို့ ကလေးတွေ ဘာလို့ ကျောင်းမနေနိုင်သလဲဆိုရင် မိဘတွေ အလုပ်လက်မဲ့ ဖြစ်လို့ပေါ့။ မိဘတွေက သားသမီးတွေကို ပညာသင်သင့်တဲ့ အရွယ်မှာ ကျောင်းမထားနိုင်တဲ့ အပိုင်းလေ။ ကလေးတွေကို ခေါင်းပုံဖြတ်နေကြတာကိုး။ မိဘတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ မဖွံ့ဖြိုးလို့လေ။ အဲဒီတော့ ဒီမိဘတွေကို ဖွံ့ဖြိုးလာအောင် အနည်းဆုံး ဘင်္ဂလားမှာ လုပ်နေတဲ့ ပုံစံမျိုးလေးတွေ ရှိတယ်လေ။ ငွေစုငွေချေးပေါ့ဗျာ။ မိဘတွေ ဖွံ့ဖြိုးအောင်၊ Family Income Generate (မိသားစုဝင်ငွေ တိုးပွားခြင်း) တခု ဖြစ်အောင်လေ။ အဲဒါမျိုးတွေ လုပ်ပေးနိုင်တဲ့ NGO တွေ ဖွံ့ဖြိုးလာအောင်လေ”
“အထူးသဖြင့် ကျနော်တို့ ပါတီတွေနဲ့ ဒေသဖွံ့ဖြိုးရေးကို တွဲလုပ်မယ့် တခြား NGO တွေ ဖွံ့ဖြိုးလာဖို့ အကူအညီ ပေးချင်တယ်၊ ကျနော်တို့ကလည်း အားပေးတိုက်တွန်းတယ်ပေါ့ဗျာ။ အဲဒီလို NGO တွေ သို့မဟုတ် တခြား အေဂျင်စီတွေက ကျေးလက်ဒေသ ဖွံ့ဖြိုးအောင်၊ ကျေးလက်တွေမှာ နေပျော်အောင်လေ။ အလုပ်အကိုင်မရှိတဲ့ မိဘတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ ရအောင်၊ ငွေကြေးချေးငှားတဲ့ စနစ်မျိုးကို ဖွံ့ဖြိုးလာအောင် လုပ်ပေးမယ်ဆိုရင် မိဘတွေ ဖွံ့ဖြိုးလာလို့ရှိရင်၊ အလုပ်အကိုင်တွေ ဖြစ်လာရင် ကလေးတွေရဲ့ လုပ်အားကို ခေါင်းပုံမဖြတ်နိုင်တော့ဘူးပေါ့ဗျာ”
“အဲဒီအချိန်မှာ နိုင်ငံတော်ကဖြစ်ဖြစ်၊ သက်ဆိုင်တဲ့ ဒေသမှာရှိတဲ့ ပါတီ၊ NGO တွေကဖြစ်ဖြစ် ကလေးတွေကို ကျောင်းထားနိုင်အောင်၊ ဝတ်စုံကအစ အကုန်လုံးပေါ့ဗျာ? ပံ့ပိုးနိုင်တဲ့အဆင့်ထိလေ။ ဆရာဆရာမတွေ ရောက်ဖို့ဗျာ။ ဒီကျောင်းသင်တဲ့အရွယ် ရောက်သည်ထိ တခုခု အကူအညီနဲ့ လုပ်ပေးနိုင်တဲ့ အဆင့်ရှိအောင် လုပ်ပေးနိုင်လို့ရှိရင် ဒီကလေးတွေရဲ့ မိဘတွေကိုယ်၌က ကလေးတွေရဲ့ ပညာသင်တဲ့ ကာလလေးကို အသုံးမချတော့ဘူးပေါ့ဗျာ။ အဲဒါလေးတွေကို လုပ်ပေးနိုင်ဖို့ အစီအစဉ် ချထားပါတယ်”
ပါတီအနေနဲ့ အကောင်အထည်ဖော်မယ်ဆိုရင် ဘယ်လိုအခက်အခဲရှိမယ် ထင်သလဲ။
ဦးနိုးထန်ကပ်
(ချင်းတိုးတက်ရေးပါတီ)
“အခက်အခဲက ကျနော့်စိတ်ထင် သင်ရိုးမာတိကာမှာ ထည့်ဖို့ မလိုအပ်ဘူးဆိုတဲ့ အမြင်ရှိတဲ့သူက များနေဦးမယ်။ သို့သော် ကျနော်တို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရှေးရှုပြီးတော့ ပညာရေးကို ဦးစားပေးမယ်ဆိုရင်၊ အခြေခံမယ်ဆိုရင်တော့ ကျနော်တို့အမြင်နဲ့က ဖြစ်သင့်တယ်ပေါ့။ ဥပမာ တပြည်လုံး အတိုင်းအတာနဲ့ ကြည့်ရင်လည်း တိုင်းရင်းသားစာပေ ရှမ်း၊ မွန်၊ ကချင်၊ အစရှိသဖြင့်ပေါ့နော်။ သင်ချင်တဲ့သူတွေအတွက် သင်ကြားခွင့်ရအောင် ပညာရေးမှာ ၁ဝ တန်း အဆင့်ထိသော်လည်းကောင်း၊ တက္ကသိုလ် အဆင့်ထိသော်လည်းကောင်း ပြဋ္ဌာန်းထားရင်၊ မသင်မနေရ ပုံစံမျိုး မဟုတ်ဘဲနဲ့ သင်ချင်တဲ့ ကျောင်းသားတွေအတွက် သင်ခွင့်ရအောင် ပြဋ္ဌာန်းချင်တဲ့ဆန္ဒ ကျနော်တို့မှာ ရှိတယ်”
“ဒီကိစ္စက ပြည်ထောင်စု ကြံ့ခိုင်လာမယ်၊ နောက် တဦးနဲ့ တဦးပေါ့… တိုင်းရင်းသားလူမျိုးကြားမှာ ပိုပြီးတော့ နားလည်မှု ပိုများလာမယ်။ တိိုင်းရင်းသား စည်းလုံးညီညွတ်ရေးက ဒီကိစ္စနဲ့ ပိုပြီးတော့ ခိုင်မာစေမယ်လို့ ယုံကြည်တယ်။ သို့သော် အခုအချိန်မှာ ကျနော်တို့အမြင် အများစုက ဒီကိစ္စကို လေးလေးနက်နက် စဉ်းစားစေချင်ကြတယ်လေ။ ဒီလိုအခက်အခဲမျိုးတော့ ရှိဦးမယ် ထင်တာပဲ”
ဦးခက်ထိန်နန်
(စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် - စဒက)
“ကျနော်တို့ကို ဝိုင်းကြိုးစားဖို့တော့ အခွင့်အရေး လမ်းကြောင်းပေးထားပြီပေါ့။ လက်တွေ့လုပ်မှတော့ ပိုသိလာမှာပေါ့လေ။ အခု ပါတီဝင်အားကလည်း များမှ၊ အန်ကယ်တို့ပါတီကိုလည်း မြို့နယ်တိုင်းအားလုံး၊ မြို့နယ်ခွဲအားလုံး၊ ကျေးလက်အထိ ဖွင့်နိုင်မှ၊ နောက်ပြီးတော့ အန်ကယ်တို့ ပါတီကလည်း လက်တွေ့ လုပ်ဆောင်နိုင်ဖို့ ရန်ပုံငွေလေးတွေလည်း အထိုက်အလျောက် ရှိမှပေါ့နော်။ ဒါပေမဲ့ ကချင်ပြည်နယ်ရဲ့ မြို့မိမြို့ဖတွေနဲ့ ကျနော်တို့အားလုံး ချိတ်ဆက်ပြီး လုပ်သွားရင်တော့ တဆင့်ပြီးတဆင့်တော့ ထိရောက်တဲ့ဟာတွေ လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ ထင်တယ်”
ဒေါက်တာအေးမောင်
(ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)
“အကြမ်းအားဖြင့် ဒီမိုကရေစီဖွံ့ဖြိုးတဲ့နိုင်ငံတိုင်းမှာ Institutions တွေ ရှိတယ်။ အဲဒါတွေ ဖွံ့ဖြိုးစေချင်တယ်ပေါ့။ Institutions တွေ ဖွံ့ဖြိုးလာမှပဲ ခုနလို လွတ်လွတ်လပ်လပ် ကူညီနိုင်အောင်၊ ပံ့ပိုးနိုင်အောင်လေ လုပ်ပေးစေချင်ပါတယ်။ အဓိကကတော့ဗျာ… ဒေသအလိုက် ဖွံ့ဖြိုးတဲ့ လူမှုဝန်ထမ်း လုပ်ငန်းလေးတွေ ပေါ်လာရမယ်။ အစိုးရကလည်း အားပေးမယ်။ ကျနော်တို့ ပါတီမှာကိုက ခုနလို NGO တခုကို တွေးပြီး ဖွံ့ဖြိုးရေးဒေသလုပ်ဖို့ အစီအစဉ် ဆွဲထားကြတာ ရှိပါတယ်”
“ကိုယ့်ဒေသ ဖွံ့ဖြိုးဖို့အတွက် ကျနော်တို့မှာ ငွေကြေးနည်းနည်း လိုတာပေါ့။ ပြည်ပအကူအညီ၊ ပြည်တွင်းအကူအညီ ယူနိုင်တဲ့ NGO မျိုး ဆိုရင်လေ။ အဲဒါမျိုး Micro-credit (အသေးစား ငွေချေးလုပ်ငန်း) လိုဟာမျိုးကို လုပ်ပေးမယ်။ ဒေသအလိုက်ကို အကုန်လုံး သိမ်းကြံုးလို့တော့ မရဘူးလေ။ လုပ်နိုင်တဲ့၊ စံပြုသင့်တဲ့ နေရာလေးက စမယ်။ နောက်မှ တဖြည်းဖြည်း တိုးချဲ့သွားမျိုးပေါ့ဗျာ။ Model (စံပြ) ဧရိယာလေးကိုတော့ ကျနော်တို့ သတ်မှတ်ရမှာပေါ့ဗျာ”
ပါတီရဲ့ ပညာရေးဆိုင်ရာ မူဝါဒကိုကော ဘယ်လိုချမှတ်ထားသလဲ။
ဦးနိုးထန်ကပ်
(ချင်းတိုးတက်ရေးပါတီ)
“ကျနော်တို့ မူဝါဒကတော့ ကျောင်းဆရာနဲ့ ကျောင်းသားအချိုးက ၁း၁ဝ ဖြစ်ဖို့ရယ် ဒါက နံပါတ်တစ် အချက်ပေါ့။ ဒုတိယအချက်က အခြေခံဥပဒေမှာ ပါရှိတဲ့ အတိုင်းပေါ့။ မူလတန်းကျောင်းကို လူဦးရေအခြေခံပြီးတော့ လူဦးရေ ၅ဝဝ ရှိတဲ့ နေရာတိုင်းမှာ မူလတန်းကျောင်း မသင်မနေရပေါ့၊ အခမဲ့ပေါ့။ အဲဒါ အကောင်အထည် ဖော်ဖို့ရယ်၊ နောက် ဖြစ်နိုင်ရင် ကျနော်တို့ သင်ရိုးမာတိကာမှာ ချင်းစာပေ ပြဋ္ဌာန်းဖို့ရယ်။ အဲဒါ သင်ယူချင်တဲ့ ကျောင်းသားတွေအတွက် သင်ယူဖို့ အခွင့်အလမ်း ပေါ်လာအောင်ပေါ့”
“နောက် အခု ပညာရေးသင်ကြားမှုစနစ်က ဆရာအခြေပြုဖြစ်နေတာကို Research Method စနစ်ကို ပြောင်းလဲလိုက်ရင် ကောင်းမလားလို့။ ဒီအချက်တွေပါပဲ၊ ကျနော်တို့ရဲ့ ပေါ်လစီက”
ဦးခက်ထိန်နန်
(စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် - စဒက)
“ပညာရေးကတော့ ကျနော်တို့ မူလတန်းအပိုင်းကတော့ အခမဲ့ပညာရေးစနစ်ကို အခြေခံထားတာပေါ့။ နောက်ပြီးတော့ ကျနော်တို့ ကချင်ပြည်နယ်ကလည်းပဲ အခု မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်းတွေမှာ တက္ကသိုလ်၊ ကောလိပ်ကတော့ တော်တော်တော့ ရှိနေပြီပေါ့လေ။ ဒါပေမဲ့ စာတွေ့နဲ့ လက်တွေ့နဲ့ ထိရောက်မှုရှိပြီးတော့ တကယ့် လက်တွေ့ဘဝမှာလည်း အသုံးချနိုင်တဲ့ ပညာရေးစနစ်တွေ တဖြည်းဖြည်း ဖော်ဆောင်လာရင်တော့ ဖွံ့ဖြိုးတိုးတက်မှုမှာ ထိထိရောက်ရောက် ဖြစ်လာမယ့် ပညာရေးမျိုးပေါ့”
ဒေါက်တာအေးမောင်
(ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)
“ကျနော်တို့ကတော့ မူလတန်းပညာကနေ အလယ်တန်းပညာထိအောင် မသင်မနေရဖြစ်အောင် လုပ်ပေးရမယ့် သဘောပေါ့။ နောက် ကျောင်းတွေရဲ့ ဥပဓိရုပ်ကောင်းဖို့ကလည်း လိုတာပေါ့။ ပထမ ကျောင်းအဆောက်အအုံတွေ ကောင်းရမယ်။ စာလာသင်ကြားကြမယ့် ဆရာဆရာမတွေကလည်း သူတို့အတွက် လစာတွေ လုံလုံလောက်လောက် ရှိအောင် လုပ်ပေးရမယ်။ အလယ်တန်းအဆင့်လောက်ထိ သင်နိုင်အောင်လေ။ ဒါ ကလေးတွေ မသင်မနေရဖြစ်အောင် လုပ်ပေးနိုင်တဲ့ အဆင့်ထိရောက်အောင် ကျနော်တို့ ကြိုတင်ညှိထားတာ ရှိပါတယ်။ ဖြစ်နိုင်ရင်တော့ဖြင့်် တိုင်းရင်းသား စာပေတွေကို သင်ကြားခွင့်ရအောင်လို့ ကျနော်တို့ ထိုးဖောက်နေကြပါတယ်”
ပါတီအခြေစိုက်ရာ ဒေသတွေမှာ ပညာမသင်ကြားနိုင်တဲ့ ကလေးတွေရဲ့ အခြေအနေတွေကို ဘယ်လိုမျိုး မြင်တွေ့နေရသလဲ။
ဦးနိုးထန်ကပ်
(ချင်းတိုးတက်ရေးပါတီ)
“များသောအားဖြင့် ကျောင်းတော့ ရှိတယ်။ သို့သော် အခက်အခဲ သူတို့တွေ့နေရတာက ကျောင်းဆရာတွေ မလုံလောက်တဲ့ အပိုင်းလေးတွေ။ နောက်ပြီးတော့ ကျောင်းဆရာတွေကလည်း ဘာအကြောင်းကြောင့်လဲ မသိဘူး၊ တချို့က အချိန်ပြည့်ကို ကျောင်းမှာ မသင်ကြားဘူး ဖြစ်နေတယ်။ အထူးသဖြင့် ချင်းပြည်နယ်မှာပေါ့လေ။ တောရွာတိုင်းလိုလိုမှာ မူလတန်းကျောင်း ရှိတယ်။ သို့သော် တချို့ရွာတွေမှာဆို မူလတန်းကျောင်းက တနှစ်မှာ တခါ၊ နှစ်ခါလောက်ပဲ၊ တလလောက်ပဲ ကျောင်းဆရာတွေက လာပြီးတော့၊ ကျောင်းသားတွေက မူလတန်းကျောင်းပြီးတယ်။ ကိုယ့်နာမည်တောင် မရေးတတ်ဘူး၊ ဗမာလို။ နောက် တခွန်းနဲ့ တခွန်းတောင် မပြောတတ်တဲ့ ကျောင်းသူတွေ၊ ကျောင်းသားတွေလည်း ရှိပြန်ကော။ ဆိုတဲ့အခါကျတော့ နည်းနည်းကြီးကြပ်ဖို့တော့ လိုတယ်ပေါ့”
ဦးခက်ထိန်နန်
(စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် - စဒက)
“အထူးသဖြင့် ကျေးလက်ပိုင်းပေါ့။ ကျေးလက်ပိုင်းမှာကတော့ မသင်နိုင်တဲ့ကလေးတွေ ရှိသေးတယ်။ ပြီးတော့ ကျနော့်ရဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေမှာလည်း အဲဒီလိုမျိုး မရှိအောင်ဆိုပြီးတော့ ၁၅ ယောက် လောက်ကိုတော့ ကျောင်းထားပေးတာပေါ့လေနော်။ တနိုင်ငံလုံး အတိုင်းအတာမှာ သူ့ဟာနဲ့သူ ရှိသလို ကျနော်တို့ ကချင်ပြည်နယ်မှာလည်း သူ့ဟာနဲ့ သူ ရှိသေးတယ်”
“အထူးသဖြင့် ကျေးလက်မှာ ရှိတဲ့ ကလေးတွေပေါ့နော်။ မြို့ကြီးနဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာကျတော့ တချို့ မိဘစုံခဲ့သည် ရှိရင်လည်းပဲ သူ့ရဲ့ မိသားစု အသက်မွေးဝမ်းကြောင်းက တောင်ယာလုပ်စားတဲ့ အနေအထားမျိုး ရှိတဲ့ ကလေးတွေ ရှိတယ်။ တချို့က အဲဒီလိုပဲ ကျေးလက်၊ မြို့နဲ့ ဝေးတဲ့နေရာက မိဘမစုံတဲ့ ကလေးတွေ ရှိတယ်။ တချို့ကျတော့ ကိုယ့်ဆွေမျိုး၊ သူ့ဆွေမျိုးနဲ့ မြို့မှာ မီခိုပြီးတော့ ကျောင်းလာတက်တဲ့ ကလေးတွေ ရှိတာပေါ့လေ။ ဥပမာ အန်ကယ့် အိမ်မျိုးပေါ့”
“ဒါပေမဲ့ တချို့ကတော့ ကျောင်းရှိတဲ့ နေရာတို့၊ ရွာကြီးတို့၊ မြို့ကြီးတို့မှာ အမျိုးမရှိတဲ့ ကလေးတွေလည်းပဲ မတတ်နိုင်တဲ့ဟာတွေ ရှိသေးတာပေါ့။ နောက် ဒီမြို့ပတ်ဝန်းကျင်မှာပဲ တော်တော်လေး ခက်ခဲတဲ့ မိဘတွေ ကျတော့… ဥပမာ မိဘတွေက ဖားကန့်တက်ပြီး ပိုက်ဆံသွားရှာတော့ တချို့ ကလေးတွေနဲ့ နည်းနည်း ကင်းကွာကြတယ်။ တချို့က အမ၊ နည်းနည်းကြီးတဲ့ သားသမီးတွေနဲ့ ထားခဲ့တာတို့၊ ဆွေမျိုးတယောက်ယောက်နဲ့ ထားခဲ့တာတို့ အဲဒါမျိုးလည်း ရှိတယ်။ အဲဒါမျိုးကျရင်လည်း မိဘတွေ ကျောင်းတော့ ထားတော့ ထားပေမယ့် မိဘတွေက အနီးကပ် မကြီးကြပ်နိုင်ရင် တချို့ကလေးတွေက စာထဲမှာ စိတ်မပါဘဲနဲ့ သူ့ဟာနဲ့သူ စာမကြိုးစားဘဲနဲ့၊ ကျောင်းမသွားဘဲနဲ့ ကျောင်းထွက်တဲ့ ကလေးတွေလည်း ရှိတယ်။ အဲဒါမျိုးပေါ့လေ”
“ဟိုတခေါက် မြန်မာတိုင်းမ်နဲ့ တွေ့တုန်းကတော့ ထာဝရငြိမ်းချမ်းရေးက အရေးကြီးတယ်။ ကျနော်တို့ နယ်မြေဒေသ အေးချမ်းမှ ပညာရေးကအစ ကောင်းတဲ့ ပညာရေးတွေကို လုပ်သွားနိုင်မယ်ဆိုတာ ကျနော် ပြောခဲ့တယ်။ အခုလည်းပဲ ကျနော်တို့ ပြည်နယ်က အစပေါ့လေ။ ငြိမ်းချမ်းရေးလည်း အမြဲတည်တံ့ခိုင်မြဲသွားမှ ကလေးတွေ သင်ကြားဖို့ အရေးကလည်းပဲ အနေအထား ကောင်းလာမှာပေါ့”
ဒေါက်တာအေးမောင်
(ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)
“ပညာမသင်ကြားနိုင်တာက နှစ်မျိုးတော့ ရှိတာပေါ့။ ပညာသင်ပြီး ဘွဲ့ရပြီးလည်း ဘာမှ အသုံးမချနိုင်တဲ့ အပိုင်းလေးတွေ ရှိတယ်။ တပိုင်းပေါ့။ မိဘတွေကလေ။ တကယ်လို့များ ဘွဲ့ရပြီးကာမှ လုပ်ငန်းခွင်လေး ပေးနိုင်တယ်၊ ပြန်ပြီးလည်း မိဘကို အလုပ်အကျွေးပြုနိုင်တဲ့ အဆင့်အထိ အခြေအနေဆိုရင် မိဘတွေက စာသင်ကြားမှုကို တိုက်တွန်းပေးမှာပဲလေ။ အဓိကကတော့ ကျနော်တို့ဆီမှာ စက်ရုံ၊ အလုပ်ရုံတွေ မရှိဘူး။ လုပ်ငန်းခွင် ဝင်နိုင်တဲ့ ပတ်ဝန်းကျင် မရှိဘူး။ အလုပ်အကိုင်၊ အခွင့်အလမ်း နည်းတယ်ဗျာ”
“အဲဒီဟာလေးတွေကို ကြည့်တဲ့အခါကျတော့ ပညာမသင်ရင်လည်းဘဲ ဒီအလုပ်၊ ပိုက်ဆံကို ရတာပဲလေ။ ပညာသင်လည်း ဒီလောက်ပဲ ရတဲ့အခါကျတော့ ပညာကို အားပေးချင်တဲ့ မိဘတွေ နည်းတယ်ဗျ။ ပွင့်ပွင့်လင်းလင်း ပြောရင် အလုပ်အကိုင်၊ အခွင့်အလမ်းတို့၊ ဖွံ့ဖြိုးမှုတို့နဲ့ ဆက်တာပေါ့။ စာပေကို လိုလိုချင်ချင် သင်ကြားလာနိုင်အောင်၊ တပြိုင်နက်ထဲ ဖွံ့ဖြိုးလာနိုင်အောင် လုပ်ပေးရမယ့် ကဏ္ဍတွေ ရှိပါတယ်။ အခွင့်အလမ်းတွေ၊ စက်ရုံ၊ အလုပ်ရုံတွေ လိုုတယ်”
“အထူးသဖြင့်ပေါ့ဗျာ… ပညာအပိုင်းအခြားအလိုက် လုပ်ငန်းခွင်ဝင်နိုင်တဲ့ လုပ်ငန်းတွေပေါ့ဗျာ။ အကုန်လုံးချည်းပဲ ရွေးချယ်လို့ မရဘူးလေ။ ကျွမ်းကျင်လုပ်ငန်းအဆင့်ချရမယ့် ဒေသမျိုးလည်း ရှိမှာပေါ့။ အဲဒီလို အဆင့်အဆင့်အလိုက် ကျွမ်းကျင်မှုနဲ့ ဦးနှောက် ဉာဏ်ရည်ကို သုံးပြီးကာမှ ဖြတ်ဖြတ်ပေးတဲ့ ပညာရေးစနစ် ဖြစ်ဖို့ လိုတယ်ပေါ့။ လုပ်ငန်းခွင်လည်း လိုမယ်လေ။ အဲဒါမျိုးလုပ်ပေးနိုင်တဲ့ လုပ်ငန်းခွင်လေး ဖြစ်စေချင်တယ်လေ။ လောလောဆယ်တော့ မဖြစ်နိုင်သေးဘူးခင်ဗျ”
“အဓိကက လျှပ်စစ်ဓာတ်အားလည်း မရှိ၊ စက်ရုံ၊ အလုပ်ရုံကလည်း မရှိ၊ လယ်ယာလုပ်ငန်းကိုလည်း ဘယ်သူမှ အမြတ်အစွန်း မရတဲ့အခါကျတော့ လုပ်ချင်ကိုင်ချင်စိတ်လည်း မရှိတဲ့အခါကျတော့ မိဘတွေက သားသမီးတွေကို မွေးတယ်။ ခိုင်းလို့ရတဲ့ အရွယ်ကစပြီး ခိုင်းတော့တာပဲ။ လက်ဖက်ရည်ဆိုင်မှာ၊ ကွမ်းယာဆိုင်မှာ၊ လမ်းဘေးမှာ။ ကျနော်တို့ ဖွဲ့စည်းပုံမကလို့ ဘယ်မှာဘဲရေးရေး၊ အခြေခံပညာ မသင်မနေရလို့ ဘယ်လောက်ဘဲ ပြောပြော ကျနော်တို့မှာ အကုန်လုံးအဆင့်ဆင့်၊ အဆင့်ဆင့်ကို စဉ်းစားဖို့ လိုတယ်လေ။ အဓိကကတော့ လုပ်ငန်းခွင်ဗျ။ ပညာသင်ကြားခြင်းအားဖြင့် လုပ်ငန်းခွင်မှာ ပြန်ပြီးကာမှလေ။ အဲဒီပညာရဲ့ ကုန်ကျစရိတ်ကို ကာမိနိုင်တဲ့ ဝင်ငွေပေါ့ဗျာ။ အဲဒါမျိုး မိဘတွေရဲ့ ယုံကြည်မှုရှိဖို့ လိုတယ်”
“နောက်ပြီး မိဘတွေ ကိုယ်တိုင်က သားသမီးကို သင်ကြားနိုင်တဲ့ အဆင့်ထိရောက်အောင်လေ။ သင်ချင်တဲ့ ဆန္ဒပေါ့ဗျာ။ သူတို့ဆီမှာ ဆန္ဒလည်း ရှိရမယ်၊ ဝင်ငွေလည်း ရှိရမယ်။ အဲဒါမျိုးလေးတွေ အကုန်လုံးကို ပြည့်စုံဖို့တော့ ဘယ်တတ်နိုင်ပါ့မလဲ။ တချို့မိဘတွေကလည်း ဆင်းရဲတော့ ခုနက Micro-credit လိုဟာမျိုးကို ပြောကြဆိုကြတာလေ။ လယ်သမားတွေဆိုရင် လယ်ယာကို စွန့်ပြီးကာမှ အထူးသဖြင့် ကျနော်တို့ဘက်မှာ ဖားကန့်တို့၊ မလေးတို့၊ ထိုင်းတို့မှာ သွားပြီး ကျပန်းလုပ်ကြတာ။ ယိုးဒယားဘက်က ရာဘာခြံမှာလည်း ကျနော်တို့ ရခိုင်ဘက်က အများကြီး လုပ်ကြပါတယ်”
“ဒါတွေအကုန်လုံးက အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိလို့ဗျ။ တကယ်လို့များ ကျနော်တို့လည်း အလယ်တန်းထိကို မသင်မနေရလို့ လုပ်မယ်၊ ပံ့ပိုးမယ် NGO တွေ အဖို့ဗျာ၊ အစိုးရကိုယ်တိုင် အားပေးမယ်ဆိုရင် မိဘတွေရဲ့ စားဝတ်နေရေး ပြေလည်အောင် ဖန်တီးပေးတဲ့ လုပ်ငန်းခွင်တို့၊ အကုန်လုံး ဖွံ့ဖြိုးဖို့ လိုပါတယ်။ တပြိုင်နက်ထဲ လုပ်နိုင်၊ မလုပ်နိုင်ဖို့တော့ ကျနော်တို့ စမ်းသပ်ကြည့်ရမှာပေါ့”
မြန်မာပြည်ရဲ့ ပညာရေးစနစ်တခုလုံးမှာ အားမလို အားမရဖြစ်တဲ့၊ မကျေမလည် ဖြစ်နေတဲ့ ကိစ္စရပ်တွေက ဘယ်လိုကိစ္စတွေလို့ ထင်မြင်ပါသလဲ။
ဦးနိုးထန်ကပ်
(ချင်းတိုးတက်ရေးပါတီ)
“အဲဒါကတော့ ပညာရေးစနစ်ကတော့ အပြောင်းအလဲတော့ တော်တော် ရှိပါတယ်။ အထူးသဖြင့် ကျနော်တို့ မြင်နေရတဲ့ လူငယ်တွေပေါ့။ ထိတွေ့နေရတဲ့ လူငယ်ပိုင်းမှာ အင်္ဂလိပ်စာတွေ တော်တော်အားနည်းတဲ့ဟာ။ နိုင်ငံခြားရောက်တဲ့ အခြေအနေမှာ ဖြစ်ဖြစ်ပေါ့နော်။ သူတို့ တတ်ထားတဲ့၊ အောင်မြင်ထားတဲ့နဲ့ ပညာနဲ့ ထိုက်တန်တဲ့ ပညာကို သူတို့မှာ မရှိသလိုပုံစံ ဖြစ်နေတယ်“
“နောက် စာမေးပွဲမှာလည်း ရှင်းရှင်းပြောရရင် ဘယ်လိုပုံစံနဲ့ သွားအောင်တာလည်းတော့ မသိဘူး။ အောင်သာ အောင်တာ သူတို့တတ်ထားတာ မပြည့်။ ၁ဝ တန်း အဆင့်ကလည်း ၁ဝ တန်းနဲ့ ထိုက်တန်တဲ့ ပညာမရှိ။ ဘွဲ့ရလည်း သူတို့ ရထားတဲ့ ဘွဲ့နဲ့ ထိုက်တန်တဲ့ ပညာမရှိသလို ပုံစံဖြစ်နေတော့ အဲဒါ ဆရာပိုင်းမှာလား၊ သင်ကြားတဲ့ နည်းစနစ်မှာလား၊ ကျောင်းသားတွေနဲ့ ဆိုင်သလား၊ ဒါကို ကျနော်တို့ အသေးစိတ် လေ့လာနေတုန်းပဲ။ ဒါတွေအားလုံးက ကျနော်တို့ လိုအပ်တယ်လို့ မြင်တယ်”
ဦးခက်ထိန်နန်
(စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် - စဒက)
“ဒီကျန်းမာရေးတို့၊ ပညာရေးတို့က အစပေါ့လေ။ လူတယောက်ရဲ့ အနေအထား၊ မိသားစုတစုရဲ့ အနေအထားတောင်မှ ချက်ချင်းကြီး ပြောင်းလဲဖို့ကတော့ နည်းနည်း ခက်ခဲတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကလည်း အကောင်းဆုံး၊ အကောင်းဆုံးလို့ အစီအစဉ်ဆွဲပြီးတော့ လုပ်ဆောင်လာခဲ့တာ တော်တော်တော့ ကြာပြီပေ့ါလေ။ ဒါပေမဲ့ တကယ့် ကျောင်းပြီးလို့ လက်တွေ့ဘဝမှာ ပြန်ပြီးတော့ အသက်မွေးဝမ်းကြောင်း ဖြစ်တဲ့အခါမှာ ဖြစ်ဖြစ်ပေါ့… ကျနော်တို့ မျှော်လင့်သလောက်တော့ မရောက်သေးဘူးဆိုတာ ကျနော်တို့အားလုံး မြင်တွေ့နေရတာကိုး”
“မြင်တွေ့တာတို့၊ ခံစားတာတို့ကတော့ ကျနော်တို့ တနိုင်ငံလုံးကတော့ တူကြမှာပါ။ ကျနော်တို့ အားရတဲ့ အပိုင်းတွေ၊ တိုးတက်လာတဲ့ အပိုင်းတွေရှိသလို တကယ့် နို်င်ငံတကာနဲ့၊ အိမ်နီးနားချင်း နိုင်ငံနဲ့ ယှဉ်ရင် တကယ့် လက်တွေ့လုပ်ငန်းခွင် ဝင်တဲ့ ဟာတွေကျတော့ ကျနော်တို့နို်င်ငံရဲ့ ပညာရေးက တော်တော်လေးလည်း ကြိုးစားရဦးမယ်ပေါ့။ ခြံုငုံပြီးတော့ အန်ကယ်ကတော့ အဲဒီလိုပဲ သုံးသပ်ပါတယ်”
ဒေါက်တာအေးမောင်
(ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)
“ပညာရေးစနစ် တခုလုံးကတော့ဗျာ၊ ၁၉၆ဝ ကျော်ကတည်းက အစမ်းသပ်ခံနေကြတာပါပဲလေ။ ပညာရေး စနစ်တခုလုံးမှာ အဓိက အက္ခရာကတော့ မူလတန်းပညာပဲ။ မူလတန်းပညာဆိုတာ အခြေခံပညာကို ပြောတာပါ။ အခြေခံပညာမှာလည်း ခုနကလို အတွေးအခေါ်ပိုင်းပေါ့ဗျာ။ အတွေးအခေါ် အယူအဆပိုင်းကို စူးစမ်းဆင်ခြင်တတ်တဲ့ ပုံစံမျိုးကို ပုံသေကားချပ်၊ ပုံတူရိုက်သွင်းတဲ့ဟာမျိုး မဟုတ်ဘဲနဲ့ မိမိရဲ့ ဖန်တီးလုပ်နိုင်တဲ့ စိတ်ပေါ့ဗျာ။ လူတွေကို ဖန်တီးနိုင်တဲ့ စွမ်းအားတွေကို တိုးမြှင့်ပေးနိုင်တဲ့ ပညာရေးမျိုး၊ ပညာရေးစနစ်မျိုးဆိုတာကို သင်ကြားဖို့ လိုလိမ့်မယ်”
“ဆရာဆရာမတွေကိုလည်းပဲ ဉာဏ်ရည်ပြန်ပြည့်အောင် Level ပြန်မြှင့်ပေးရဦးမှာပေါ့။ နိုင်ငံတကာ ပညာရေးစနစ်နဲ့ ကျနော်တို့နိုင်ငံရဲ့ လက်ရှိစနစ်နဲ့ အံ့ဝင်ခွင်ကျ ရှိချင်မှ ရှိမယ်။ ဆိုတော့ ဆရာဆရာမတွေ တော်တော်များများလည်း လစာက အစလေ… သူတို့တွေက ဆင်းရဲကျပ်တည်းနေကြတာကိုး။ စာသင်ကျောင်းပဲ ရှိတယ်။ စာသင်တဲ့ ကလေးတွေကလည်း ရှိကောင်း ရှိမယ်။ စာသင်ချင်မှ သင်ကြတာကိုး ဆရာဆရာမတွေက အစ”
“စနစ်တခုလုံးကတော့ဗျာ…ကျန်းမာရေး၊ ပညာရေးအကုန်လုံးက ဒီလိုပဲ ဖြစ်နေကြတာပါပဲ။ ပြုပြင်ဖို့ကတော့ တဖြည်းဖြည်းပဲ သွားရမှာဗျ။ ကျနော်တို့ကတော့ အဆင့်ဆင့်တော့ သွားမယ်လို့ မှန်းထားပါတယ်။ ပထမ ဥပဓိရုပ်ကောင်းအောင်ပေ့ါဗျာ။ ကျောင်းတွေ ဥပဓိရုပ်ကောင်းရမယ်။ ဆရာဆရာမတွေက စာသင်ချင်စိတ်ရှိအောင်၊ ပြည့်ဝအောင် လစာကအစ မြှင့်ပေးရမယ်။ နောက် ကျောင်းစာပေကအစ သင်ရိုးညွှန်းတမ်းပေါ့ဗျာ။ ကလေးတွေရဲ့ ဖန်တီးချင်စိတ်ရှိအောင်၊ ပုံတူကူးချတဲ့ စိတ်မျိုးမရှိဘဲနဲ့ နိုင်ငံတကာ စာပေနဲ့တူပြီး လွတ်လွတ်လပ်လပ် ရှိအောင်၊ စာမေးပွဲ စနစ်ကအစ နောက်ပိုင်း ပြန်ပြင်ဖို့ လိုမယ်”
“အဓိကကတော့ဗျာ… ပညာရေးနဲ့ ပတ်သက်ရင် တကယ်ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ကြဦးမှာပါ။ ဒါမျိုးက စည်းဝေးပွဲလိုဟာတွေ အများကြီးလုပ်ပြီးမှ ဆွေးနွေးရမှာပါ။ အထက်တန်းပညာလည်း ဒီအတိုုင်းပါပဲနော်။ ကျောင်းနဲ့ မြို့နဲ့ တအားဝေးတာကိုး။ လျှပ်စစ်မရှိတာတို့၊ ကွန်နက်ရှင် ကျနေတာတို့ဘာတို့ဆိုရင် နိုင်ငံတကာ ပညာရေးနယ်ပယ်နဲ့ ဆက်စပ်မှု ရှိမှာမဟုတ်ဘူးလေ။ ကျောင်းနေပျော်နိုင်အောင်လည်းပဲ ကျောင်းတွေက ဘေးပတ်ဝန်းကျင်ကို ရွှေ့နေမှ ဖြစ်မှာကိုး။ ကျောင်းတွေကလည်း နိုင်ငံတကာကိုလည်း လှမ်းမီနိုင်အောင် စာအုပ်စာပေကအစ၊ အကုန်လုံး အဆက်အစပ်တွေ မိနိုင်အောင် အဲဒါမျိုးတွေ ဖွင့်ပေးဖို့ လိုမယ်”