မတ်လ ၂၁ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကဗျာနေ့၌ လက်ရှိမြန်မာကဗျာ၏ အရည်အသွေး၊ စာပေစိစစ်ရေးနှင့် အဟန့်အတားများတို့အပေါ် ‘ပိတောက်ပွင့်သစ်’ မဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာမောင်စိမ်းနီ ...
နယူးဒေလီ (မဇ္စျိမ) ။ ။ မတ်လ ၂၁ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကဗျာနေ့၌ လက်ရှိမြန်မာကဗျာ၏ အရည်အသွေး၊ စာပေစိစစ်ရေးနှင့် အဟန့်အတားများတို့အပေါ် ‘ပိတောက်ပွင့်သစ်’ မဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာမောင်စိမ်းနီ၊ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ကဗျာဆရာငြိမ်းဝေနှင့် ချင်းမိုင်မြို့ရှိ ကဗျာဆရာ မောင်လွမ်းဏီကို မဇ္စျိမ သတင်းထောက် ကိုပေါက်က ဆက်သွယ်မေးမြန်းထားသည်။
ဆရာတို့မဂ္ဂဇင်းဟာ ကဗျာကို တော်တော်များများကို အားပေးတဲ့ မဂ္ဂဇင်းလို့ပဲ မြင်မိပါတယ်။ ခေတ်ပေါ်ကဗျာတွေ ရေးကြတဲ့အပေါ်မှာ လက်ရှိမြန်မာကဗျာ အခြေအနေကို ဘယ်လို သုံးသပ်မိပါသလဲဆရာ။ အရည်အသွေးတွေ တိုးတက်လာတယ်လို့ သုံးသပ်မိပါသလား။ ဘယ်လိုများ သုံးသပ်မိပါသလဲဆရာ။
မောင်စိမ်းနီ။ ။ “အရည်အသွေးတွေ တိုးတက်လာတယ်လို့ ယူဆတယ်ဗျ။ ဘာ့လို့လဲဆိုတော့ မုဆိုးစိုင်သင်လေ။ ကျနော်တို့ဟာ အမြဲတမ်းကို လေ့ကျင့်နေမှ တိုးတယ်တယ်ဆိုတဲ့ စကားရှိတယ်။ အဲလိုပဲ ဖြတ်ကျော်ရမယ့် ကိစ္စတခုကို ဘယ်နည်းနဲ့ ဖြတ်ကျော်ရမလဲဆိုတာ လေ့ကျင့်ရတာပေါ့။ အဲဒီလိုပဲ ကဗျာက လေ့ကျင့်ရင်း ဖြတ်ရတာပေါ့ဗျာ။ ဒါကြောင့်မို့ စကားလုံးတွေကအစ တိုးတက်လာပါတယ်။ လူငယ်တွေ ခေတ်အမြင်၊ ခေတ်အတွေးတွေ အများကြီး ရလာတယ်ဗျာ။ အမှန်တရားကို မြင်လာတဲ့လူငယ်တွေ တွေ့လာတယ်ဗျ။ ဒါကြောင့် အမှန်တရားဘက် ယိမ်းတဲ့၊ အမှန်တရားဘက် တိမ်းညွှတ်တဲ့ ကဗျာတွေ တွေ့နေရတယ်။ အရင်နဲ့စာရင် အများကြီးကို တိုးတက်လာတယ်လို့ ယူဆတယ်ဗျ။ အကျပ်ထဲ၊ အကျဉ်းထဲကနေ တိုးထွက်ရတဲ့ ကဗျာတွေပေါ့ဗျာ။ အဲဒါတွေကိုယ်၌ကိုယ်က သူတို့ကို သင်ကြားပေးလိုက်တာပေါ့။ ဘဝကပဲ သင်ကြားပေးလိုက်တာပါပဲ။ အဲဒါတွေကို ကျော်ဖြတ်လွန်မြောက်အောင် ထိုးထွက်လာတဲ့ ကဗျာတွေ၊ ကဗျာဆရာတွေ ဖြစ်တဲ့အတွက် တိုးတက်တယ်လို့ ယူဆတယ်လေ’’
ငြိမ်းဝေ။ ။ “တိုတိုပြောရရင် တိုးတက်လာတယ်လို့ ပြတ်ပြတ်သားသား မြင်ပါတယ်။ အဓိကကတော့ ကဗျာအတတ်ပညာပေါ့။ ဒါကတော့ တခေတ်နဲ့တခေတ် နှိုင်းယှဉ်ရင် အရင်ခေတ်ထက် နောက်တခေတ်က တိုးတက်လာတဲ့ သဘောပေါ။ နည်းနည်းပိုထူးခြားတာကတော့ တချို့ကလည်း အသားမကျသေးဘူး ပြောနေပေမယ့်လည်း ခေတ်ပေါ်ကဗျာရဲ့ တိုးတက်မှုကတော့ အခိုင်အမာကို စိုက်ထူနိုင်တယ်လေ။ ခေတ်ပေါ်ကဗျာခေတ်လို့ ပြောလို့ရတဲ့ အနေအထားမှာ ရှိပါတယ်’’
ခေတ်တိုင်းခေတ်တိုင်းမှာ အရင်ခေတ်နဲ့မတူ တိုးတက်မှုကတော့ ရှိပါတယ်။ ဒါပေမဲ့ ခေတ်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် တိုးတက်မှု အခြေအနေ အားရမိပါသလား။
ငြိမ်းဝေ။ ။ “အယူအဆကတော့ အမျိုးမျိုး ရှိကြတယ်ဗျ။ တချို့က အကြောင်းအရာ ဦးစားပေး။ တချို့က ပုံသဏ္ဍာန်ကို ဦးစားပေး။ တချို့ကလည်း ကဗျာဟာ ခေတ်ကို ထင်ဟပ်နိုင်ရမယ်၊ ဒါမှသာ ကဗျာတာဝန် ကျေတယ်လို့ ယူဆတာမျိုးတွေ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အတတ်ပညာ ကြွယ်ဝလာတယ် ဆိုတာကိုယ်၌ကိုက တိုးတက်တဲ့ လက္ခဏာရှိတယ်။ အကြောင်းအရာတွေကို ဘယ်လိုနည်းနဲ့ ပို့ဆောင်ရင်၊ ဘယ်လိုနည်းနဲ့ ထုပ်ပိုးပြီးတော့ အသုံးပြုရင် ထိရောက်တယ်ဆိုတာကို ရှာဖွေကြရင်းကမှ ဒီလို ဖြစ်လာတာဆိုတော့ .. ကျနော်ထင်ပါတယ်၊ ခေတ်ပေါ်ကဗျာတွေက ခေတ်ပြိုင်ခံစားမှု၊ ခေတ်ပြိုင်ရဲ့တာဝန်၊ ခေတ်ပြိုင်ကို အထင်ဟပ်နိုင်ဆုံးပါပဲ’’
မောင်လွမ်းဏီ။ ။ “ကနေ့ ဗမာကဗျာလောကက ထွန်းကားတာကတော့ အရှိန်အဟုန်နဲ့ဗျ။ လူငယ်တွေပေါ့ဗျာ၊ ကဗျာတွေ ဖွဲ့နွဲ့ကြတာ၊ ကဗျာအလုပ်ရုံတွေ ပေါ်ထွန်းနေတာ ဖော်ပြနေတာပဲ’’
ကဗျာတွေရဲ့ အရည်အသွေး တိုးတက်လာသော်ငြားလည်း ကဗျာစာအုပ်တွေဟာ စာအုပ်စျေးကွက်မှာ ဘာ့ကြောင့် များများ မရောင်းနိုင်ရတာလဲ။ ဘာ့ကြောင့် ထုတ်ဝေသူတွေက လက်တွန့်ရတာလဲဆရာ။
မောင်စိမ်းနီ။ ။ “ဒါကတော့ အစဉ်အဆက်ပဲဗျ။ ကဗျာစာအုပ်ဆိုရင် လက်တွန့်ကြတာပဲ။ ထုတ်ဝေသူတွေ အနေနဲ့ကတော့ စျေးကွက်ကို ကြည့်တာပါဗျ။ အခု ကဗျာစာအုပ် ထုပ်နေကြတာ ကဗျာကို ချစ်မြတ်နိုးတဲ့ လူတွေချည်းပဲ၊ လူငယ်တွေချည်းပဲ။ ကဗျာကို တစိုက်မတ်မတ် လုပ်ခဲ့တဲ့ လူငယ်တွေကပဲ ကဗျာစာအုပ် ထုတ်ကြတာ။ အရှုံးခံတယ်၊ အနစ်နာခံတယ်၊ အခက်အခဲတွေကို ဖြတ်ကျော်ကြတယ်။ မိမိတို့ရဲ့ အကျိုးအမြတ်ကို လုံးဝမမျှော်တဲ့ သူတွေချည်းပဲ။ ဒါကြောင့် ကဗျာရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ကဗျာဆရာတွေ ကိုယ်၌က လုပ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုလို့ ကျနော်က ပြောတာ’’
“ကဗျာက စီးပွားရေးစျေးကွက်သာ မဝင်တာပါ။ သူ့အဆင့်အတန်းနဲ့သူ ရောက်ရှိနေပြီလို့ ပြောလို့ရတယ်ဗျ။ အမှန်တရားဘက်က၊ အဖိနှိပ်ခံ ပြည်သူဘက်က ရပ်တည်ပြီးတော့ ရေးလာတဲ့ လူငယ်လေးတွေ အများကြီး တွေ့လာရတယ်။ စုပေါင်း၍သော်လည်းကောင်း၊ မိမိတတ်နိုင်တဲ့ တယောက်က ဦးဆောင်၍သော်လည်းကောင်းပေါ့ဗျာ ကဗျာစာအုပ်တွေကတော့ စဉ်ဆက်မပြတ် တော်တော်များများ ထွက်ပါတယ်။ ကဗျာဖွံ့ဖြိုးတိုးတက်မှုကတော့ အဲလိုရှိပါတယ်။ စီးပွားရေးအနေနဲ့ကတော့ အလှမ်းဝေးနေတာတော့ အမှန်ပဲဗျ။ ဒီအတွက်လည်း ကဗျာဆရာတွေက နောက်မတွန့်ပါဘူး’’
ငြိမ်းဝေ။ ။ “အဲဒါကတော့ ကျနော်တို့တိုင်းပြည်ရဲ့ အုပ်ချုပ်မှုစနစ်ဗျ။ အဲဒီစနစ်အပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်ကြံုဖူးတဲ့ တိုင်းပြည်တခုမှာဖြင့်ရင် ကဗျာဆရာတယောက်ဟာ ကဗျာရေးလို့ရှိရင် သူရပ်တည်နိုင်လောက်တဲ့ အထိ အစိုးရက တာဝန်ယူတာမျိုး၊ ဒါမှမဟုတ်ရင် သူ့သက်ဆိုင်ရာ စာရေးဆရာ သမဂ္ဂက တာဝန်ယူတာမျိုးထိ ရှိတယ်။ သူတို့တတွေဟာ လူ့အဖွဲ့အစည်းထဲမှာ လူဝင်ဆံ့အောင် နေနိုင်တယ်’’
“ကျနော်တို့တိုင်းပြည်မှာက ကဗျာဆရာတွေနဲ့၊ ကဗျာဆရာတွေ ထုတ်လုပ်လိုက်တဲ့ ကဗျာတွေနဲ့ ပြည်သူလူထုနဲ့ ထိတွေ့ဖို့အတွက်က အဟန့်အတားပေါင်း မြောက်မြားစွာ ရှိတယ်။ ဒါတွေကို ဖြတ်ကျော်နေရတဲ့အတွက် ကဗျာစာအုပ်တွေက ထုတ်ဝေဖို့ အခြေအနေ မပေးတာတွေ ရှိတယ်။ တကယ်လို့သာ ကျနော်တို့တိုင်းပြည်ဟာ ကဗျာဆရာတွေ ရေးသမျှ၊ ဖွဲ့သမျှ ကဗျာစာအုပ်တွေကို လွတ်လွတ်လပ်လပ်သာ ထုတ်ဝေခွင့်ရမယ်ဆို စာဖတ်ပရိသတ်ဟာ ကဗျာစာအုပ် အရောင်းရဆုံးတောင် ဖြစ်လာနိုင်တယ်’’
လူထုနဲ့ ထိတွေ့နိုင်ဖို့ အဟန့်အတားတွေဆိုတာမှာ အဓိကက ဘယ်ဟာမျိုးတွေ ဖြစ်မလဲခင်ဗျာ။
ငြိမ်းဝေ။ ။ “အထင်ရှားဆုံးကတော့ စာပေစိစစ်ရေးလိုဟာမျိုးပေါ့။ နောက်တခုက စာပေစိစစ်ရေးကို မဖြတ်သန်းခင်မှာ သူတို့ဆီမှာ အကြိမ်ကြိမ် ဘယ်ကဗျာကဖြင့် ငြိနိုင်တယ်၊ ဘယ်ကဗျာကဖြင့် မငြိနိုင်ဘူး၊ သူတို့ဟာသူတို့ အရင်ဦးဆုံး စိစစ်ရေးလုပ်။ နောက်ပြီးမှ စိစစ်ရေးတင် တခါတခါ စိစစ်ရေး ပြီးပြန်တော့လည်း စိစစ်ရေးက မျက်စိမှောက်ပြီး ပါသွားလို့ ဒီကဗျာကတော့ ငြိတယ်ဆိုပြီး ကဗျာဆရာကို အရေးယူ၊ ထုတ်ဝေသူကို အရေးယူ။ အဲဒါမျိုးတွေက တကယ့်အကြီးမားဆုံး အဟန့်အတားတွေပဲ’’
မောင်လွမ်းဏီ။ ။ “အဓိက အခြေခံပြဿနာကတော့ စီးပွားရေးစနစ်ကလည်း ပါပါတယ်။ ဗမာကဗျာဟာလည်း ဖိနှိပ်မှုရဲ့ အကျိုးဆက်ကို သူလည်း ခံစားရတာပဲပေါ့။ ကဗျာတွေကတော့ ပန်းပေါင်းတရာ ပွင့်နေတာပဲ။ သို့သော် အကန့်အသတ်တွေ၊ အနှောင်အတည်းတွေရဲ့ ကြားထဲမှာ အနုပညာကို အားထုတ်နေရတော့ ဝေဆာမှု၊ ပွင့်လန်းမှုတွေကို ပန်းခင်းကြီးလို မမြင်ရတာ တခုပါပဲ။ လူငယ်တွေရဲ့ အတွေးတွေ ပိုပြီးဆန်းသစ်လာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ လူထုရဲ့ ဘဝပုံရိပ်ကို၊ အနာဂတ်အရုဏ်ဦးကို မျှော်လင့်တဲ့ ကဗျာမျိုးတွေ ဖော်ပြဖို့ကျတော့ ထုတ်ဝေသူတွေရော၊ အယ်ဒီတာတွေရော ဒီဆင်ဆာအောက်မှာ လက်ရွံ့ကြတာကို ကျနော်ပြောချင်တာ’’
“ကဗျာပရိသတ်က ဗမာစာပေမှာ အခိုင်အမာရှိတယ်ဆိုပေမယ့် ကျနော်တို့လိုချင်တဲ့ အင်အားကြီးတော့ မရှိဘူးပေါ့ဗျာ။ အဲဒီတော့ စာအုပ်လေး ဝယ်သိမ်းဖို့ဆိုတာ တော်တော်လေး ပြဿနာရှိတယ်။ ထုတ်ဝေသူဘက်ကလည်း အရင်းတောင် ပြန်ရပါ့မလားဆိုတဲ့ စိုးရွံ့စိတ်တွေနဲ့ ကဗျာစာအုပ်ကို ထုတ်ဖို့၊ စွန့်စားဖို့ကျတော့လည်း သိပ်မရဘူး။ အဓိကကတော့ လူငယ်တွေဗျ။ ကျနော်တို့၊ ခင်ဗျားတို့ ငယ်ငယ်တုန်းကလို ကျောင်းမုန့်ဖိုးထဲက ကဗျာစာအုပ်ဝယ်ဖို့၊ စံရွှေမြင့်ကာတွန်း ဝယ်ဖတ်ဖို့၊ မြသန်းတင့် ဘာသာပြန် ခြစ်ခြုတ်ဝယ်ဖို့ဆိုတဲ့ ကြိုးစားနိုင်ဖို့ ဒီဘက်က လူငယ်တွေမှာက ပိုပြီးတော့ ကြီးမားတဲ့ အခက်အခဲတွေ ရင်ဆိုင်ရတယ်ဗျ’’
ကဗျာဆရာတွေဘက်ကရော ကဗျာပရိသတ် ပိုပြီးကျယ်ပြန့်လာအောင်၊ ကဗျာတွေကို မြတ်မြတ်နိုးနိုးနဲ့ ဝယ်ဖတ်တာမျိုး ဖြစ်လာအောင် စည်းရုံးရေးအင်အား လျော့နည်းနေတယ်လို့ကော သုံးသပ်မိပါသလားခင်ဗျာ။
မောင်လွမ်းဏီ။ ။ “လုပ်စွမ်းကိုင်စွမ်းတွေ အားနည်းနေတယ်လို့တော့ ပြောလို့ရပါတယ်။ ခိုင်မာတဲ့ ကဗျာဆရာ သမဂ္ဂမျိုးတွေ မရှိဘူးဗျာ။ စာပေအင်အားစုတွေ မြေပေါ်မှာ ရဲရဲရပ်တည်လို့ မရဘူးဗျာ။ အသင်းအပင်း တွေလည်း မရှိဘူးဗျာ။ အဲဒီအခြေခံတွေလည်း ပါတယ်ပေါ့။ တကယ်သာ ကဗျာဆရာများသမဂ္ဂ၊ ကဗျာညီညွတ်ရေးတပ်ဦး စသဖြင့် အဲဒါမျိုးတွေ ရှိလို့ရှိရင် ကဗျာက ပိုပြီးတော့ အစွမ်းတွေ ထွက်လာသလို တကယ့် စီးပွားရေးအရ စျေးကွက်မှာ ဝင်နိုင်တဲ့၊ နိုင်ငံတကာ အခင်းအကျင်းကို ပေါက်ရောက်နိုင်တဲ့ ကဗျာတွေ ထုတ်လုပ်နိုင်မှာတော့ သေချာတယ်ဗျ’’
ကျောင်းသင်ခန်းစာတွေထဲမှာ ဂန္ထဝင်ကဗျာတွေကိုပဲ လေ့လာခဲ့ရပြီးတော့မှ အပြင်လောကက မဂ္ဂဇင်း စာမျက်နှာတွေ အပေါ်မှာတော့ ခေတ်ပေါ်ကဗျာတွေပဲ တွေ့နေရတယ်။ ကိုယ်တိုင်လည်း ရေးကြတော့ ခေတ်ပေါ်ကဗျာတွေကိုပဲ ရေးဖွဲ့ကြတယ်။ လူငယ်တွေအနေနဲ့ သင်ကြားခဲ့ရတာနဲ့ လက်တွေ့ရေးဖွဲ့ရာမှာ ပဋိပက္ခတွေ ဖြစ်မလာနိုင်ဘူးလားဆရာ။
မောင်စိမ်းနီ။ ။ “ဟာ… မဖြစ်ဘူးဗျ။ ကျောင်းသင်ခန်းစာကဥစ္စာကို ဟိုအရင်တုန်းကလို သိပ်ပြီးတော့ အလေးအနက် မထားတော့ဘူးဗျ။ ကျနော်တို့အနေနဲ့ကလည်း ကဗျာတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့နေရာမှာလည်း ဂန္ထဝင်ရယ်၊ ခေတ်ပေါ်ရယ်၊ မော်ဒန်ရယ်လို့ မဟုတ်ဘူးဗျ။ အွန်လိုင်းက ကဗျာဆရာလေးတွေရော လက်တွဲတယ်ဗျ။ ဒီကလေးတွေကိုလည်း ကျနော်တို့က လေးလေးနက်နက် ဆက်ဆံတယ်ဗျာ။ ကလေးတွေရဲ့ အယူအဆလေးတွေကလည်း ကောင်းတာကိုး။ အွန်လိုင်းပေါ်မှာတင် ရှိနေလို့ မဖြစ်ဘူး။ စာမျက်နှာပေါ်ကို ရောက်မှဖြစ်မယ်။ စာမျက်နှာပေါ်ကို ရောက်ခြင်းအားဖြင့် သူတို့ဟာသူတို့ ထိန်းလာမယ်၊ အမှန်တရားကို ပိုမြင်လာမယ်ဆိုတဲ့ ကျနော်တို့ ရည်ရွယ်ချက်ရှိပါတယ်ဗျ။ သူတို့တွေရဲ့ ကဗျာတွေကို အတတ်နိုင်ဆုံး လိုက်လျောညီထွေ လုပ်ပြီးတော့ စာမျက်နှာတွေပေါ်မှာ တားဆီးထားတဲ့ အတားအဆီးတွေကို ဘယ်လိုနည်းနဲ့ ဖြတ်ကျော်ကြမယ်ဆိုတာ စဉ်းစားပြီးတော့ စာမျက်နှာပေါ်ရောက်အောင် ကြိုးစားရတယ်ဗျ။ ဒါဟာ ကဗျာအယ်ဒီတာတွေရဲ့ တာဝန်တရပ် ဖြစ်တယ်’’
“ကဗျာအယ်ဒီတာတွေမှာလည်း ဝမ်းစာပြည့်တင်းဖို့ အများကြီး လိုပါတယ်။ ခေတ်ပေါ်မှ၊ မော်ဒန်မှ၊ ဂန္ထဝင်မှ ဆိုပြီးတော့ ခွဲခွဲခြားခြား လုပ်လို့မရဘူးဗျ။ ခေတ်နဲ့လျော်ညီစွာ လူထုခံစားမှုပါတဲ့၊ ပုံရိပ်တွေကို ထင်ဟပ်စေတဲ့ ကဗျာမျိုး၊ စာမျိုး။ မည်သည့်ပုံသဏ္ဍာန်နဲ့ ရေးရေး၊ လေးလုံးစပ်ပဲ ရေးရေး၊ စကားပြေဆန်ဆန်ပဲ ရေးရေး၊ ခေတ်ပေါ်ပဲ ရေးရေး။ အနည်းဆုံးတော့ လူထု sense ပေါ့။ လူထုဆံစားမှု ပါဖို့ လိုအပ်တယ်ဗျ။ လူထုခံစားမှုဆိုတာ အမှန်တရားနဲ့ အနီးစပ်ဆုံးစာမျိုးတွေကို အယ်ဒီတာတွေက ရွေးချယ်ပြီးတော့ စာမျက်နှာပေါ်မှာ တင်လို့ရအောင် ကြိုးစားပေးဖို့ လိုတယ်ဗျ။ အဲလို တင်လို့ရအောင် လုပ်ဖို့ဆိုတာက ဝတ်ကျေတမ်းကျေ လုပ်လို့မဖြစ်ဘူး။ ကဗျာကို ခုခံကာကွယ်ဖို့ အင်အားလည်း ရှိဖို့လိုတယ်ဗျ။ အဲဒါကတော့ ဝမ်းစာပဲ။ ဒီကဗျာဟာ တဖက်အမြင်က ဒီလိုမြင်လို့ရှိရင် ကျနော်တို့က အဲဒီလိုကော မြင်လို့ မရဘူးလားဆိုတာ ပြန်ပြောနိုင်တဲ့ အင်အားမျိုးရှိအောင် ကဗျာဘက်က ခုခံကာကွယ်နိုင်ဖို့ စကားလုံးတွေ ရွေးချယ်ထားဖို့၊ အမှန်တရားဘက်က ခုခံကာကွယ်တဲ့ စကားလုံးတွေ ရွေးချယ်ထားဖို့ အယ်ဒီတာတွေမှာ ခုနပြောခဲ့တဲ့ ဝမ်းစာပြည့်ဖို့တော့ လိုတယ်ဗျ’’
ငြိမ်းဝေ။ ။ “ကျနော်တို့ ကျောင်းသုံးစာအုပ်မှာ ပြဋ္ဌာန်းတဲ့ ကဗျာအဟောင်းတွေနဲ့ပဲ ကြီးလာတဲ့ ကျောင်းသားတွေဟာ ကဗျာနဲ့ပတ်သက်လို့ သူတို့တတွေဟာ ဖြတ်တောက်ခံထားရတဲ့ အနေအထားမျိုး ရှိတာကိုး။ ဥပမာဆိုပါတော့ ကဗျာအပေါ်မှာ သဘောပေါက်တဲ့ အနေအထားမျိုးတွေကအစ အလွဲလွဲ အချော်ချော်တွေ ဖြစ်နိုင်တယ်။ သင်ခန်းစာတွေထဲမှာ ကဗျာကို ဖွင့်ဆိုချက်အရဆိုရင် ကဗျာဆိုတာ ကာရန်စည်းကမ်းနဲ့အညီ ဖွဲ့ဆိုထားတဲ့ အရာဖြစ်တယ်လို့ ရေးထားတယ်။ ဒါပေမဲ့ ဒီနေ့ နှစ် ၂ဝ လောက် ရှိပြီဗျ၊ မဂ္ဂဇင်းတွေမှာ ဖော်ပြနေတဲ့ ခေတ်ပေါ်ကဗျာတွေ အားလုံးနီးပါး ကာရန်မရှိကြတော့ဘူး။ အဲဒီတော့ ကျောင်းသားဟာ complaint လုပ်တာပေါ့။ ပြဋ္ဌာန်းထားတဲ့အထဲမှာ ဒီလိုရှိတယ်၊ တကယ့်ဖော်ပြနေတာတွေက ဒီလို၊ အဲဒီတော့ ဘယ်ဟာက ကဗျာလဲ။ အဲလို နားလည်မှု ပြဿနာတွေ ရှိတယ်။ နောက်တခုက ကဗျာတွေနဲ့ပတ်သက်တာ .. လွတ်လွတ်လပ်လပ် စာတမ်းတွေ ဖတ်ကြားခွင့်၊ ဆွေးနွေးပွဲတွေ၊ ကဗျာရွတ်ပွဲတွေ၊ ကဗျာရေးသူနဲ့ ကဗျာဖတ်သူနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခြေအနေမျိုးတွေ မရှိတဲ့အခါကျတော့ ကဗျာဆရာ အချင်းချင်းပဲဖြစ်ဖြစ်၊ ကဗျာဖတ်တဲ့သူနဲ့ ကဗျာရေးသူရဲ့ ကြားထဲမှာဖြစ်ဖြစ် နားလည်မှု ကွာဟမှုတွေ ကြီးလာတာပေါ့။ ပိုရှိလာတာပေါ့’’
လူထုအနေနဲ့၊ ပရိသတ်အနေနဲ့ ခေတ်ပေါ်ကဗျာတွေအပေါ်မှာ ဘယ်လိုရှုမြင်လဲ။
မောင်စိမ်းနီ။ ။ “ကျနော်တို့ပရိသတ်ဟာ၊ ကျနော်တို့လူထုဟာ အမှန်တရားဘက်က အမြဲတမ်းရပ်နေတဲ့ လူထုပါ။ အခြေအနေတရပ်ကြောင့်သာ သူတို့ဟာ ဝေးကွာနေရပေမယ့် အမှန်တရားလမ်းကြောင်းပေါ်မှာ ရောက်ရှိနေတဲ့ လူတွေချည်းပါပဲ။ အဲဒီကဗျာလေးတွေဖတ်ရင် သူတို့ အားရှိပါတယ်’’