“အမျိုးသမီး ဝန်ကြီးမပါတဲ့အပေါ် Feeling မဖြစ်ပါဘူး” ဆိုတဲ့ အမျိုးသမီး အမတ်

“အမျိုးသမီး ဝန်ကြီးမပါတဲ့အပေါ် Feeling မဖြစ်ပါဘူး” ဆိုတဲ့ အမျိုးသမီး အမတ်
by -
ဖနိဒါ

အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တွင် အမတ် ၆၅၉ ဦးရှိသည့်အနက် အမျိုးသမီးအမတ် ၂ဝ သာပါသည်။ ...

ချင်းမိုင်(မဇ္စျိမ) ။     ။ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တွင် အမတ် ၆၅၉ ဦး ရှိသည့်အနက် အမျိုးသမီးအမတ် ၂ဝ သာပါသည်။

ထိုအထဲမှ အမျိုးသား ဒီမိုကရေစီအင်အားစု NDF မှ အမျိုးသား လွှတ်တော်အမတ် အသက် ၆၄ နှစ် အရွယ် ဒေါ်ခင်ဝိုင်းကြည်နှင့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍ မည်မျှ ပါဝင် ဆွေးနွေးနိုင်မည့် အကြောင်းများ၊ မျှော်လင့်ချက်များကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သည်။

မြန်မာ့ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်လာတဲ့အပေါ် ဘယ်လို မြင်လဲ။

ဂုဏ်ယူစရာပါ။ အလားအလာအရမ်းကောင်းတာပေါ့။ လူ့အခွင့်အရေးက လူတိုင်းမှာ ရှိတယ်လေ။ အခုဆိုရင် တချို့ အမျိုးသမီးတွေ ကြောက်စရာကောင်းအောင် တော်တာတွေရှိတယ်။ ဒါပေမဲ ့သူတို့ မလုပ်သေးတာ။ ကမ္ဘာမှာရော အမျိုးသမီး သမ္မတတွေ အများကြီးဘဲ ရှိခဲ့တယ်။ အခုလို အမျိုးသမီး အမတ်တွေပါလာတာကို ဝမ်းသာတယ်။ မိန်းမတွေက မီးဖိုချောင်မှာဘဲ နေစရာမလိုဘူး။ တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်လုပ်နိုင်တဲ့ ဘက်ကနေ ပါဝင်သင့်တယ်လို့ ယုံတယ်။

အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်လာအောင် အန်တီအနေနဲ့ ဘယ်လို လုပ်ဆောင်ပေးမှာလဲ။

အခုခေတ်ကြီးမှာ ယောကျ်ားမိန်းမထက် အရည်အချင်းက စကားပြောတဲ့ သဘော ရှိတယ်။ အဲဒီအချိန်ကျတော့ အမျိုးသမီးတွေလဲ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်အောင် လုပ်ပြီးတော့ ကိုယ့်လူမျိုးအတွက် ဆောင်ရွက်တာ ကောင်းမယ်။

အခုဆိုရင် လူတွေက သတင်းစာတွေ စောင့်ကြည့်ကုန်ပြီ၊ မီဒီယာတွေမှာ ပါတယ်ဆိုရင် မိန်းမရော ယောက်ျားတွေရော စိတ်ဝင်စားလာကြပြီ၊ မနေ့ကဘဲ မိန်းကလေးတယောက်ဆိုရင် သူက ဘယ်လိုလုပ်ချင်တယ်။ ဘာလုပ်ချင်တယ်။ ဘာဖြစ်ချင်တယ်ဆိုတာတွေ ပြောလာတာတွေ ရှိတယ်။ ဆိုတော့ အဲဒီလိုဘဲ အခုလောလောဆယ် Movement တွေမှာ မပါသေးပေမယ့် ပါဖို့ရာ ရည်ရွယ်နေတာတွေ၊ တာစူနေတာတွေ အခုလုပ်နေတဲ့ လွှတ်တော်ထဲမှာ အမျိုးသမီးတွေ ပါပြီးတော့ လုပ်နေတာကို ကြည့်ပြီးတော့ စိတ်ပါနေတဲ့လူတွေတောင် ရှိနေတယ်။ ဒါကြောင့် နောက် ၅ နှစ်ဆိုရင် ဒိထက် အမျိုးသမီးကဏ္ဍမှာ အများကြီးတိုးတက်လာမယ့် အလားအလာ၊ အမျိုးသမီးအမတ် ဦးရေတွေ များလာမယ်၊ အသိအမြင်တွေ၊ လုပ်ဆောင်ချက်တွေ ကောင်းလာမယ်၊ ပိုပွင့်လာမယ်လို့ ယုံကြည်တယ်။

အမျိုးသမီးတွေ နိုင်ငံရေးမှာ ဘာကြောင့် ပါဝင်သင့်လဲ။

အမျိုးသမီးဘဲဖြစ်ဖြစ်၊ အမျိုးသားဘဲ ဖြစ်ဖြစ် သူတို့ရဲ့ နဂိုအသွင်သဏ္ဌာန်မှာ ရှိတဲ့ လူတယောက်ရဲ့ အယူအဆ၊ နောက်ပြီးတော့ အမျိုးသမီးကဏ္ဍ၊ အမျိုးသားကဏ္ဍ၊ အဲဒီလို ကဏ္ဍတွေ အများကြီး ရှိတဲ့ထဲက အမျိုးသမီးရဲ့ လိုအပ်ချက်ကို အမျိုးသမီးက ပိုပြီးတော့ သိတယ်လေ။ ပိုပြီးနားလည်တယ်လေ။ လူငယ်တွေအတွက်၊ တောင်သူတွေအတွက် လုပ်ပေးမယ်ဆိုရင် အမျိုးသမီးခေါင်းဆောင်တွေ ပါဝင်ခြင်းအားဖြင့် အမျိုးသမီးပိုင်း ဆိုင်ရာ ကဏ္ဍတွေမှာ ကျွမ်းကျွမ်းကျင်ကျင်၊ ထဲထဲဝင်ဝင်၊ သေသေချာချာလေ့လာပြီးတော့ တင်ပြပေးလို့ ဆွေးနွေး ဆုံးဖြတ်လို့ရမယ်လေ။ လုပ်ပေးလို့ရမယ်လေ။ နောက်တခုကလဲ အခုခေတ်ကြီးမှာ ယောကျ်ားမိန်းမထက် အရည်အချင်းက စကားပြောတဲ့ သဘောရှိတယ်။ အဲဒီအချိန်ကျတော့ အမျိုးသမီးတွေလဲ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်အောင်လုပ်ပြီးတော့ ကိုယ့်လူမျိုးအတွက် ဆောင်ရွက်တာ ကောင်းမယ်။

မြန်မာနိုင်ငံထဲမှာ အမျိုးသားတွေဘဲ ကြီးစိုးတဲ့ နိုင်ငံရေးလောကမှာ ဘယ်လို အဟန့်အတားတွေ ကြံုရလဲ။

အခုထိတော့ ဘာအဟန့်အတားမှတော့ လုံးဝ မရှိဘူး။ နိုင်ငံတော် အစိုးရအနေနဲ့လဲ အတိုင်းအတာတခုထိကို အမျိုးသမီးတွေ အခန်းကဏ္ဍကို လောလောဆယ်ကြည့်ရတာက လက်သင့်ခံတဲ့ သဘောရှိတယ်။ လိုလိုလားလား နွေးနွေးထွေးထွေးရှိပါတယ်။ လွှတ်တော်ထဲမှာ သွားရလာရ ဆက်ဆံတာတွေလဲ တော်တော်လေးကို တဖက်နဲ့ တဖက် အေးအေးချမ်းချမ်း ရှိတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေ နိုင်ငံရေးလုပ်တာကို သူတို့အနေနဲ့ မလိုလားဘူးဆိုတဲ့ ပုံပန်းသဏ္ဌာန် လုံးဝ မရှိဘူး။

ပြည်သူ့လွှတ်တော်ထဲမှာ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်လို့ ဘယ်လောက်ထိ ပြောဆိုခွင့်တွေ ရနေလဲ။

အခုလောလောဆယ်ထိ ဘာမှ မရဘူး။ ကိုယ်ဒီလူ့ကို ယုံကြည်တယ်ဆိုရင် ကန့်ကွက်လို့ရတယ်။ ပြောဆိုလို့ ရတယ်။ အဆိုတင်သွင်းလို့ ရတယ်။ နောက်ဆုံးတော့ ဒီမိုကရေစီစနစ်အရ မဲများတာ နိုင်တာက နိုင်တာဘဲ။ ကိုယ့်ဆန္ဒကိုတော့ ထုတ်ဖော်လို့ ရတယ်။ အမျိုးသမီးတွေလဲ လုပ်ခွင့်ရှိတယ်။ ပြောခွင့်ရှိတယ်။ ဒါပေမဲ့ အခုလောလောဆယ်ကတော့ ပြည်ထောင်စုအဆင့်ဖွဲ့တာတွေ ရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်တွေ သတ်မှတ်ချက်တွေ၊ စည်းကမ်းချက်တွေဘဲ ရှိတယ်။ ဘာဘဲဖြစ်ဖြစ် Time for the best ပေါ့နော်။ အကောင်းဆုံးဖြစ်အောင် ကိုယ်တတ်နိုင်သလောက် ကြိုးစားရမှာပေါ့။ အဲဒီလောက်အဆင့်ဘဲ ရှိတယ်။

ပြည်ထောင်စု လွှတ်တော်အစည်းအဝေးထဲမှာ အမျိုးသမီးအားလုံး ဘယ်နှစ်ဦးရှိလဲ။

တိုင်းရင်းသားပါတီက အားလုံး ၅ ယောက်ရှိတယ်။ အန်တီဝိုင်းနဲ့ ဆိုရင် ၆ ယောက်ပေါ့။ ဟိုတနေ့က ဦးအောင်သောင်းက အမျိုးသမီးတွေကို ချိတ်ဝမ်းဆက် တစုံစီ လက်ဆောင်ပေးတယ်။ အဲဒီမှာ သူတို့စာရင်းထဲမှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် အားလုံးပေါင်း ၂ဝ ဦးတဲ့။ အဲတော့ သူတို့က ၁၄ ယောက်ပေါ့။ အဲဒီလိုဘဲ တွက်လို့ ရမယ်။

နေပြည်တော်မှာ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေ ဘယ်လို နေထိုင်ရလဲ။ အခက်အခဲတွေရော ရှိလားရှင်။

အမျိုးသမီးတွေထဲမှာ ကြံ့ခိုင်ရေးပါတီက အမျိုးသမီးတွေက သီးသန့်နေရတယ်လေ။ အန်တီတို့က တိုင်းရင်းသားပါတီတွေနဲ့အတူ နေရတယ်ဆိုတော့ တိုင်းရင်းသူတွေနဲ့ ညီအစ်မတွေလို ဖြစ်နေပြီ။ ဘာမဆို တိုင်တိုင်ပင်ပင် ဆွေးဆွေးနွေးနွေး အကုန်လုံး အဆင်ပြေတယ်။ သူတို့လဲ နိုးကြား တက်ကြွတယ်။ အခက်အခဲတော့ မရှိဘူး။ ဟင်းတွေ ထပ်ထပ်စားရတာဘဲ ရှိတယ်။ တချို့ အမျိုးသမီးတွေအတွက်က မပြောတတ်ဘူး။

အမျိုးသမီးတွေကို ဝန်ကြီးနေရာ မပေးတဲ့အပေါ်ရော အန်တီအနေနဲ့ ဘယ်လို မြင်လဲ။

အန်တီအနေနဲ့ မြင်တာက အဲဒီဝန်ကြီး တာဝန်ကို ယူလောက်တဲ့ အခြေအနေမျိုး မရှိဘူးလို့ဘဲ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်တွေ အကြာကြီးမှာ ပထမဆုံး လွှတ်တော်ခေါ်တယ်ဆိုတော့ အမျိုးသမီးတွေကလဲ နိုင်ငံရေးမှာ တကယ်လုပ်တယ်ဆိုပေမယ့် အမျိုးသမီး ရှားတယ်။ နောက်ပြီးတော့ ဝန်ကြီးကဏ္ဍမှာ ကျွမ်းကျွမ်းကျင်ကျင် နိုင်နိုင်နင်းနင်း ထမ်းဆောင်ဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့ တွဲပြီးတော့ လုပ်မယ်ဆိုရင်တော့ ဖြစ်နိုင်မယ်လို့ ထင်တယ်။ ၁ဝ ပိဿာနိုင်တဲ့လူကို အချိန် ၁ဝဝ လောက် ခိုင်းလိုက်ရင် Heavy ဖြစ်သွားမှာပေါ့။ အဲဒီလို အမျိုးသမီး ဝန်ကြီးမပါတဲ့အပေါ် Feeling မဖြစ်ပါဘူး။

လွှတ်တော်ထဲမှာ အမြင်မတူညီတာတွေ၊ သဘောထားမတိုက်ဆိုင်တာတွေ ရှိလား။

နေရာတိုင်းမှာ ဝိရောဓိဆိုတာ ရှိတယ်။ ဒါပေမဲ့ ဝိရောဓိ ပြင်းထန်လာရင်တော့ ပဋိပက္ခပေါ့နော်။ သူက ဟိုလူကို တင်၊ ဒီလူက ဟိုလူ့ကို တင် အဲဒါတွေက ခံယူချက်တို့၊ ဆန္ဒတို့ ကွဲတဲ့သဘောပေါ့။ ဒါကြောင့် ထောက်ခံမဲ၊ ကြားနေမဲ၊ ကန့်ကွက်မဲတွေ ထားတာပေါ့။

အန်တီအနေနဲ့ အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်လို့ ဘယ်လောက် လက်ခံ ယုံကြည်ထားလဲ။

အခု နိုင်ငံတော် အသစ်ဖွဲ့စည်းတဲ့အချိန်မှာ ကဏ္ဍအသီးသီးကို တာဝန်ယူတဲ့ အခါကျတော့ အဲဒီမှာ အမျိုးသမီးကဏ္ဍကို တာဝန်ယူတဲ့ လူရှိလာမယ်။ အဲဒီအမျိုးသမီးတာဝန်ယူတဲ့လူရယ်၊ အောက်ကနေ တင်ပြတဲ့လူတွေ နှစ်ခုပေါင်းပြီးတော့ အင်မတန် သဟဇာတ ဖြစ်တဲ့ အခြေအနေ တခုကို ဆောင်ရွက်နိုင်မယ်ဆိုရင် အမျိုးသမီးကဏ္ဍ တိုးတက်လာနိုင်တယ်။ တကယ်လို့ အဲဒီအမျိုးသမီးကဏ္ဍကို ကိုင်တဲ့လူရော၊ အောက်ကတင်ပြတဲ့လူရော ညံ့ဖျင်းမယ်ဆိုရင်တော့ အမျိုးသမီးကဏ္ဍက ထင်သလောက် တိုးတက်လာမှာ မဟုတ်ဘူးပေါ့။ အဲဒီနှစ်ခုလုံးက အရေးကြီးတယ်။ အောက်ကနေ အမျိုးသမီး ဘဝအာမခံချက် ရှိဖို့ တင်ပေးတဲ့လူမှာလဲ အရေးကြီးတယ်။ အဲဒါကို အကောင်အထည် ဖြေရှင်းပေးမယ့်လူမှာလဲ အရေးကြီးတယ်။

အမျုုိးသမီး အခန်းကဏ္ဍကို ကိုင်မယ့်လူက ဘယ်သူ ဖြစ်နိုင်မယ်လို့ ထင်လဲ။

ကန့်ကွက်လို့ရတယ်။ ပြောဆိုလို့ ရတယ်။ အဆိုတင်သွင်းလို့ ရတယ်။ နောက်ဆုံးတော့ ဒီမိုကရေစီစနစ်အရ မဲများတာ နိုင်တာက နိုင်တာဘဲ။ ကိုယ့်ဆန္ဒကိုတော့ ထုတ်ဖော်လို့ ရတယ်။

ခန့်မှန်းရခက်တာဘဲ။ သူတို့က(အစိုးရက) ဘယ်လိုလူကိုမှ သင့်တင့်တယ်လို့ စဉ်းစားမယ်ဆိုတာရှိသေးတယ်။ သူတို့က Qualification တွေကို ဘယ်လို သတ်မှတ်မယ်ဆိုတာ ကြိုပြီးမသိတော့ ခန့်မှန်းရခက်နေတယ်။

အခုလောလောဆယ်က နိုင်ငံရေးသမား၊ နိုင်ငံကို ချစ်လို့ ကိုယ်ကျိုးစွန့်တာ ဘယ်သူမဆိုလုပ်လို့ ရပေမယ့် ဥပမာ ဆေးရုံ တရုံမှာ ဆေးရုံအုပ်လုပ်တော့မယ်ဆိုရင် သူ့ရဲ့ Qualification ဘာဘွဲ့တွေ ဆိုတာ လိုတယ်မလား။ အဲကျတော့ အန်တီဝိုင်းတို့က စီမံခန့်ခွဲရေးမှာ ကျွမ်းကျင်တယ်။ လူမှုဝန်ထမ်းကိစ္စတွေမှာ ကျွမ်းကျင်တယ်။ အတွေးအခေါ်တွေ ကောင်းတယ်။ ဒါပေမဲ့ သူတို့ တိုင်းတာနဲ့ Qualification၊ Education ဆိုတဲ့ ပေတံနဲ့ တိုင်းလိုက်ရင် စံက သွားပြီတော့။ အခုတော့ သူတို့ ဘာနဲ့ တိုင်းမယ်ဆိုတာ မသိဘူးလေ။

အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်လို့ ဘာတွေ တင်ပြဖို့ စဉ်းစားထားလဲ။

အခုတော ့အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်လို့ တင်ပြထားတာမရှိသေးဘူး။ NDF က အချက် ၁ဝ ချက်ရွေးထားတယ်။ အခြေအနေ အကြောင်းကြောင့် နည်းနည်း စိတ်ရှည်ပါ။ ဥပမာ လူတွေ အကုန် စိတ်ဝင်စားနေတာ အမျိုးသမီး စစ်မှုထမ်းရမယ် ဆိုတာတွေနဲ့ ပတ်သက်လို့ ပြောဆိုထားတာတွေ ရှိတယ်။ ဖြစ်နိုင်ရင် အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ လူကုန်ကူးတာတွေ၊ အမျိုးသမီးတွေရဲ့ ဘဝအာမခံချက်တွေ ပေါ့နော်။ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ ့လုပ်ပိုင်ခွင့်တွေ ယဉ်ကျေးမှုတွေ ထောင့်စုံကို တတ်နိုင်သလောက် တင်ပြသွားမှာပါ။

နိုင်ငံရေးလောကထဲ ဘယ်လို ဝင်ရောက်လာသလဲ။

မန္တလေးတက္ကသိုလ်ကနေ ထွက်ပြီးတော့ ကျောင်းဆရာမ လုပ်တယ်။ ကျောင်းဆရာမ လုပ်နေတုန်းမှာဘဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုိ ဝင်ကူးလိုက်သေးတယ်။ မတ္ထရာမြို့နယ် လမ်းစဉ်လူငယ် စည်းရုံးရေး ကော်မတီမှာ တနှစ်လောက်ဘဲကြာတာပါ။ အန်တီဝင်တဲ့့အချိန်မှာ ၁၉၇၄-၇၅ လောက်မှာ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ကြံုတယ်။ ၁၉၈၈ မှာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ပြန်ကြံုတယ်။ အဲဒီအချိန် အလုပ်သမားသမဂ္ဂမှာ စက်မှု(၁) ဂုန်လျှော်လုပ်ငန်းမှာ တွဲဘက် အထွေထွေအတွင်းရေးမှူး၊ နောက်တော့ အမှတ်(၁) စက်မှုဝန်ကြီးဌာနမှာ ဗဟိုအလုပ်အမှုဆောင်ပေါ့နော်။ အဲဒီလို လုပ်ပြီးတော့ နဝတအစိုးရ ပေါ်လာတဲ့အခါမှာ ပင်စင်ယူလိုက်ရတယ်။ ပင်စင်ယူပြီးတော့ မန္တလေးမှာ NLD နဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်လုပ်တယ်။ NLD က မလုပ်တော့ဘူးဆိုတဲ့အခါမှာ အန်တီက NLD နဲ့ အဆက်အသွယ် ပျက်သွားတယ်။ ၂ဝဝ၈-၂ဝဝ၉ ကျမှ အန်တီက ကိုအေးလွင်တို့ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်မှာ ရန်ကုန်တိုင်း ဒုဥက္ကဋ္ဌဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အနေနဲ့ လုပ်ခဲ့တာ။ အခြေအနေကြောင့် နုတ်ထွက်ခဲ့တယ်။

ရွေးကောက်ပွဲကို ဘယ်လို ရည်ရွယ်ချက်တွေကြောင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာလဲ။

ကိုအေးလွင်တို့ထဲက တယောက်ကပြောတယ်။ ဒေါ်ခင်ဝိုင်းကြည် နိုင်ငံရေးလုပ်တယ်ဆိုတာ ဘယ်နေရာကနေ ဘယ်လိုဘဲလုပ်လုပ် နိုင်ငံရေးလုပ်လို့ ရပါတယ်။ အန်တီ ကိုယ်တိုင် အဲဒီ ယုံကြည်ချက်နဲ့ ခံယူချက်အတိုင်း ကိုအုန်းကြိုင်ကို ငါကိုယ်တိုင် သဘောတူ စိတ်တူနဲ့ ပေးထားခဲ့တာ။ လွှတ်တော်ထဲကနေ ပြည်သူလူထု ကိုယ်စား ပြည်သူလူထုရဲ့ ခံစားချက်၊ ခံယူချက်တွေကို အထဲထဲဝင်ပြီးတော့ ဟိုမှာ တင်ပြနိုင်အောင်၊ တင်ပြလို့ ရအောင် အရွေးခံတာလို့ ကိုယ့်အတွက် အခွင့်အရေး ကိုယ့်အတ္တတခုမှ မပါဘူး။ အချိန်တိုင်းသည် အတိတ်မှာဘဲဖြစ်ဖြစ်၊ အနာဂတ်ဖြစ်ဖြစ်၊ ပစ္စုပ္ပန်မှာဘဲ ဖြစ်ဖြစ် အန်တီနိုင်ငံရေးလုပ်တာ တိုင်းပြည်နဲ့ လူမျိုးအတွက်ဘဲ။ အဲဒီအတိုင်းဘဲ ရပ်တည်ထားတယ်။ ခံယူထားတယ်။

ဒီ NDF ပါတီကို ဘယ်လိုကြောင့် ဝင်ရွေးခံခဲ့တာလဲ။

အန်တီက အန်ဒီအက်ဖ်က ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်းတို့နဲ့ ဒီခေါင်းဆောင်ပိုင်းတွေရဲ့ အတွေးအခေါ်၊ အယူအဆ၊ ရပ်တည်ချက်တွေ၊ ခံယူချက်တွေ အကုန်တူတော့ ဆက်လက်တွဲပြီးတော့ လုပ်တာ။ အခုလောလောဆယ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်။ ပုဂ္ဂိုလ်တဦးနဲ့ တဦးလေးစားမှုရှိတယ်လေ။ အဲကျတော့ လုပ်ရကိုင်ရတဲ့အခါမှ လုပ်ငန်းတွယ်ကျယ်တဲ့အပြင် မဟာဗျူဟာ၊ နည်းဗျူဟာ တူတယ်လေ။ အခုလျှောက်မယ့်လမ်းကို သဘောကျတယ်။ ပိုပြီးတော့ ဆောင်ရွက်တဲ့အခါမှာ သဟဇာတဖြစ်မယ်လို့ ယုံကြည်လို့ အဲဒီပါတီကို ဝင်တာပေါ့။

အန်တီအနေနဲ့ အခြားဘာများ ပြောချင်လဲ။

လူတွေ အကုန်စိတ်ဝင်စားနေတာ အမျိုးသမီး စစ်မှုထမ်းရမယ်ဆိုတာတွေနဲ့ ပတ်သက်လို့ ပြောဆိုထားတာတွေ ရှိတယ်။ ဖြစ်နိုင်ရင် အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ လူကုန်ကူးတာ တွေ၊ အမျိုးသမီးတွေရဲ့ ဘဝအာမခံချက်တွေ ပေါ့နော်။

အန်တီတို ့နှစ်ပေါင်းများစွာ တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၂ ခုနှစ်ကထဲက ခုဆိုရင် နှစ် ၄ဝ ကျော်အတွင်းမှာ ပထမဆုံး ပြည်သူလူထုနဲ့ နိုင်ငံတော်နဲ့ ပေါင်းပြီးတော့ လုပ်တဲ့ Movement တခုဆိုတော့ ဒီအခွင့်အရေးက ရတောင့်ရခဲတယ်လို့ ထင်တယ်။ ဒီအထဲမှာ နိုင်ငံသူနိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်သင့်တယ်။ မှန်တာ မှားတာ၊ ချစ်တာ မုန်းတာတွေကို အသာလေးထားပြီးတော့ အပြုသဘောကို ဦးစားပေးပြီးတော့ ပါသင့်တယ်လို့ ထင်ခဲ့တာ။ အခုထိ အမျိုးသမီး၊ လယ်သမား စတဲ့ အလွှာအမျိုးမျိုးအတွက်် ပြောခွင့်၊ ဆိုခွင့်၊ လှုပ်ရှားခွင့် တွေ အတိုင်းအတာတခုထိ ရနေတဲ့အတွက် ဝမ်းလဲသာတယ်။ ဂုဏ်လဲယူတယ်။ ကျန်တဲ့လူတွေကို အခု အားမရဘူး။ စောင့်ချင်တယ်ဆိုရင် နောက်လာမယ့် ၅ နှစ်သက်တမ်းကျရင် အမျိုးသမီးထုရော၊ လူငယ်တွေရော တိုင်းပြည်နဲ့ လူမျိုးအပေါ် အများအတွက် ဆောင်ရွက်ချင်တဲ့ စိတ်၊ အဲဒါမျိုးတွေ ပိုပြီးတော့ အခြေအနေ ကောင်းမယ်။ ပါလဲ ပါလာစေချင်တယ်။ အဲဒီလိုဘဲ ပြောချင်တယ်။

အမည်- ဒေါ်ခင်ဝိုင်းကြည်
အသက်- ၆၄ နှစ်
မွေးနှစ်- ၁၉၄၇ ဖေဖော်ဝါရီလ ၁ဝ ရက်
ဇာတိ- ဗန်းမော်ခရိုင် ရွှေကူမြို့နယ်
မိဘ- ဦးကျော်လှိုင် နှင့် ဒေါ်ကြည်သိန်း
သားသမီး- သမီး ၂ ဦး
အမျိုးသား- ဦးခင်မောင်မြင့်(လယ်ယာစိုက်ပျိုးရေးနှင့် ဆယ်မြောင်းဝန်ကြီးဌာနမှ Marketing Officer ၂ဝ၁ဝ ဧပြီက ပင်စင်ယူ)
ပညာရေး- မန္တလေးတက္ကသိုလ် Physics (ဒုတိယနှစ်)

အလုပ်အကိုင်- မန္တလေးတွင် အလယ်တန်းကျောင်းဆရာမ လုပ်ခဲ့သည်။

၁၉၇၄-၇၅ တွင် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ မန္တလေးတိုင်း မတ္ထရာမြို့နယ် လူငယ်စည်းရုံးရေး ကော်မတီဝင်နှင့် ၁၉၈၈ အလုပ်သမားသမဂ္ဂတွင် စက်မှု(၁) ဂုန်လျှော်လုပ်ငန်း တွဲဘက်အထွေထွေ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့သည်။

၂ဝဝ၈-၂ဝဝ၉ တွင် ကိုအေးလွင် ဦးဆောင်သော အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ရန်ကုန်တိုင်း ဒုဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် လုပ်ခဲ့ သည်။

Most read this week