စစ်ပြေးဒုက္ခသည် ၂၀၀ ကျော် နေရင်းဒေသသို့ ထပ်မံပြန်သွား

စစ်ပြေးဒုက္ခသည် ၂၀၀ ကျော် နေရင်းဒေသသို့ ထပ်မံပြန်သွား
by -
အောင်လေး
ထိုင်း-မြန်မာ နယ်စပ်၊ အူးသူးထာ့ ယာယီဒုက္ခသည်စခန်းမှ ကရင်စစ်ပြေးဒုက္ခသည် စုစုပေါင်း ၂၀၀ ကျော်သည် ယခုလဆန်းပိုင်းတွင် မိမိတို့နေရပ် ဒေသသို့ ထပ်မံ ပြန်သွားကြောင်း စခန်းတာဝန်ရှိသူများက....

ထိုင်း-မြန်မာ နယ်စပ်၊ အူးသူးထာ့ ယာယီဒုက္ခသည်စခန်းမှ ကရင်စစ်ပြေးဒုက္ခသည် စုစုပေါင်း ၂၀၀ ကျော်သည် ယခုလဆန်းပိုင်းတွင် မိမိတို့နေရပ် ဒေသသို့ ထပ်မံ ပြန်သွားကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

ဇန်နဝါရီလမှစတင်ကာ စခန်းရှိ ဒုက္ခသည် ၄၀၀ ကျော် နေရပ်ကို ပြန်သွားကြပြီးနောက်၊ ယခု မတ်လဆန်းတွင်မူ စုစုပေါင်း လူဦးရေ ၂၀၀ ကျော်သည် ကရင်ပြည်နယ်၊ ပိုင်ကြံုမြို့နယ် အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်ကျေးရွာတို့တွင် ထပ်မံပြန်သွားကြခြင်း ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများက နိုင်ငံတကာ မြန်မာသတင်းဋ္ဌာန-BNI ကိုယခုလို ပြောသည်။

“အိမ်ထောင်စု ၂၃ စု၊ လူဦးရေနဲ့ပြောရရင် ၂၀၀ ကျော်ပြန်သွားပါတယ်။ မတ်လဆန်းပိုင်းမှာ ပြန်သွားကြတာပါ” ဟု အမည်မဖော်လိုသူ စခန်း တာဝန်ရှိသူတဦးက ပြောသည်။

ယခုလို စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်သွားရခြင်းသည် ထိုင်းနယ်စပ်လုံခြံုရေးတပ်သားများက မကြာခဏ လာရောက်ဖိအားပေးနေသည့်အတွက် ပြန်သွားကြခြင်းဖြစ်ကြောင်း စခန်းတာဝန်ရှိသူများက ယခုလို ပြောသည်။

“ထိုင်းနယ်စပ်လုံခြံုရေးတပ်သားတွေက ဒီမှာ ဒုက္ခသည်တွေ မနေရဘူးလို့ အကြိမ်ကြိမ် ဖိအားလာပေးပါတယ်။ စားနပ်ရိက္ခာဖြတ်မယ်ဆိုတာမျိုးနဲ့လည်း ပြောနေတယ်” ဟု ထိုစခန်းတာဝန်ရှိသူက ဆက်၍ပြောသည်။

ဒုက္ခသည်များကို ဆေးဝါးကုသပေးနေသူ ဆရာဝန်တဦးကလည်း “ဒုက္ခသည်တွေကို ခဏခဏ ဖိအားပေးလာတော့ မခံနိုင်ကြဘူး။ ပြီးတော့လဲ လွတ်လွတ်လပ်လပ် သွားလာနေထိုင်လို့ မရတာတွေကြောင့်လည်း ပါတယ်။ သူတို့နေရာပြန်သွားရင်လည်း အခက်အခဲအများကြီး ဖြစ်နိုင်တယ်” ဟု ပြောသည်။

ဖေဖော်ဝါရီလဆန်းမှ စတင်ကာ ထိုင်းနယ်စပ်လုံခြံုရေးတပ်အင်အား ၅၀ ကျော်က စခန်းအတွင်း၊ အပြင်တို့တွင် စခန်းချ နေထိုင်ကာ မကြာခဏ ဆိုသလိုပင် ဒုက္ခသည်များကို နေရပ်ပြန်ကြရန် တိတ်တဆိတ် ဖိအားပေး တိုက်တွန်းနေသည်။

နေရပ်ပြန်သွားကြသည့် ကရင်စစ်ပြေးဒုက္ခသည်များ၏ လုံခြံုရေးနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေအတွင်းရေးမှူး နော်စီပိုးရာစိန်ကို ဆက်သွယ်မေးမြန်းရာတွင် နေရပ်ပြန်သွားကြသည့် ရွာသားများအတွက် မြေမြုပ်မိုင်းအန္တာရယ် ရှိကြောင်း ယခုလို ပြောဆိုခဲ့သည်။

“ပြန်သွားတဲ့ရွားသားတွေရဲ့လမ်းခရီးနဲ့ သူတို့ကျေးရွာတဝိုက်မှာ အရင်က KNU နဲ့ DKBA ထောင်ထားခဲ့ တဲ့မြေမြုပ်မိုင်းတွေက သူတို ့အတွက် အန္တာရယ် အများကြီးရှိနိင်တယ်” ဟု ပြောသည်။

သူမက “ပြန်သွားတဲ့သူတွေကို နအဖ စစ်တပ်က အတင်းအဓမ္မ ခိုင်းစေတာ ခံရမယ်။ စစ်တပ်ထဲကိုလည်း အတင်းအဓမ္မ ၀င်ခိုင်းတာမျိူးရှိမယ်။ မဝင်နိုင်ရင် ဒဏ်ငွေ ကောက်ခံတာမျိူးရှိမယ်။ ရွာထဲက ရွာသားတွေပိုင်တဲ့ တိရိစ္ဆာန်တွေကိုအတင်းလုယူတာမျိူးရှိမယ်” ဟု မှတ်ချက်ပေး ပြောဆိုလိုက်သည်။

KNU အဖွဲ့မှ ခွဲထွက်ခဲ့သည့် တိုးတက်သောကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) တပ်မဟာ ၉၉၉ အမှတ် (၇) တွင် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူးအဆင့်ရှိသူက “ဒုက္ခသည်တွေ ပြန်လာတယ်လို့တော့ ကြားပါတယ်။ ဒုက္ခသည်တွေကို မလိုလားတာမျိုး မရှိပါဘူး။ ကိုယ်နေခဲ့တဲ့ နေရာကို ပြန်လာနေတာပဲ မတားပါဘူး။ တောင်ယာခုတ်လုပ်ငန်းကိုလည်း လုပ်ခွင့်ပေးပါတယ်” ဟု ပြောဆိုသည်။

သို့သော် DKBA အဖွဲ့အနေဖြင့် တရားဝင်ကြေညာပြီး ဒုက္ခသည်များကို ပြန်လည်နေရာချထားပေးခြင်းမျိုးကို ယနေ့ထိတိုင် လုပ်ဆောင်ခြင်း မရှိကြောင်း ထိုအရာရှိက ဆက်၍ပြောဆိုသည်။

ကရင်ဒုက္ခသည်များကို အနီးကပ်စောင့်ကြည့်လေ့လာသူများအဆိုအရ ယခုထပ်မံပြန်သွားကြသည့် ဒုက္ခသည်များသည် ယခင်နေထိုင်ခဲ့ရာ ကျေးရွာ များတွင် ပြန်လည်နေထိုင်ရန် ကြောက်ရွံ့နေကြသည့်အတွက် ၎င်းတို့ရွာတို့နှင့် နီးစပ်ရာ ကျေးရွာတချို့တွင် ၀င်ရောက် ခိုလှုံ နေထိုင်ကြကြောင်း သိရသည်။

အူးသူးထာ့ ကရင်ဒုက္ခသည်စခန်းတွင် နေထိုင်သူများသည် ကရင်ပြည်နယ် ဝနီးကလား၊ ပနွဲ ့ပူ၊ ပိုးပေါ်လေး၊ မဲ့လာအားခီး၊ မဲ့လာအားထ နှင့် ကျေဖိုးခလီး ရွာတို့မှဖြစ်ပြီး၊ ၂၀၀၉ ခုနှစ်၊ ဇွန်လတွင် DKBA နှင့် နအဖ စစ်တပ်တို့ ပူးပေါင်းကာ KNU ကို ထိုးစစ်ဆင်ခြင်းကြောင့် ထွက်ပြေး လွတ်မြောက် လာသည့် စစ်ပြေးဒုက္ခသည်များ ဖြစ်သည်။

ယခင်အစောပိုင်းက ထိုစခန်းနေ စစ်ပြေးဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက မကြာခဏဆိုသလို ဖိအားပေး ပြန်ခိုင်းခဲ့ရာ လူ့အခွင့်အရေး စောင့်ကြည့်သူများက ဝေဖန်ခဲ့သည့်နောက်ပိုင်း ဒုက္ခသည်များ နေရပ်ပြန်လည်ပို့ဆောင်ရေးကိစ္စကို ခေတ္တရပ်နားထားခဲ့သည်။

လက်ရှိ ထိုစခန်းနေထိုင်သူ ဒုက္ခသည်လူဦးရေ စုစုပေါင်း ရ၅၀ ကျော်ရှိကြောင်း ဒုက္ခသည်များကို ရိက္ခာပံ့ပိုးပေးနေသည့် ထိုင်း-မြန်မာနယ်စပ် ယာယီအကူညီပေးရေးအဖွဲ့ (TBBC) က ပြောသည်။