ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ သွေးစည်းညီညွတ်ရေး စတဲ့ နိုင်ငံရေးပြဿနာတွေကို တန်းတူမှုလည်းရှိ၊ ဒီမိုကရေစီ လည်းရှိတဲ့ အခြေခံပေါ်မှာ အပြန်အလှန် အပေးအယူရှိရှိ ဆွေးနွေးညှိနှိုင်းအဖြေရှာကြမယ်ဆိုရင် အများလက်ခံနိုင်တဲ့ အဖြေတစ် ရပ် ရရှိနိုင်ပါတယ်။
အဖြေကောင်း၊ ရလဒ်ကောင်းလိုချင်ရင် ၂ဖက် (သို့မဟုတ်) ဒီထက်များတဲ့ဘက်တွေ ပါဝင်ဆွေးနွေးနိုင်မယ့် အခြေခံကောင်းတွေ ချမှတ်ထားရှိဖို့ မုချ လိုအပ်ပါတယ်။
ဒီလိုမှမဟုတ်ဘဲ နိုင်ငံရေးအရ တစ်ဖက်သတ် အပေါ်စီးယူ၊ စစ်ရေးအရ ဝိုင်းပတ်ပိတ်ဆို့ အကြပ်ကိုင်ပြီး မိမိစိတ်ကြိုက်ရေးဆွဲ သတ်မှတ်ထားတဲ့ မူဘောင်တစ်ခုအောက် ဇွတ်အတင်း သွတ်သွင်းနေမယ်ဆိုရင်တော့ အဖြေကောင်း၊ ရလဒ်ကောင်း ဘယ် တော့မှ ရနိုင်လိမ့်မည်မဟုတ်ပါ။ ဒီလို ရလဒ်ကောင်း၊ အဖြေကောင်းမရနိုင်ခဲ့တဲ့အတွက် ယနေ့ထိ အဆိုပါ နိုင်ငံရေးပြဿနာတွေ ဆက်လက်တည်ရှိနေပြီး ဆက်လက်ဖြေရှင်းနေရတာပဲ မဟုတ်ပါလား။
ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ သွေးစည်းညီညွတ်ရေး ပြဿနာများကို (ဖဆပလ) အစိုးရလည်း မဖြေရှင်းနိုင်ခဲ့။ အိမ် စောင့်နဲ့ တော်လှန်ရေးကောင်စီ ဆိုသောအစိုးရလက်ထက်မှာလည်း မပြေလည်ခဲ့၊ (မဆလ) အစိုးရလက်ထက်မှာလည်း အဖြေ မရ၊ (နဝတ-နအဖ) စစ်အစိုးရလက်ထက်မှာလည်း ပြီးပြတ်ပြေလည်ခြင်း မရှိခဲ့ဘဲ သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရလက်ထက်မှာ လည်း ထိုပြဿနာများ ဆက်လက်၍ တည်ရှိမြဲတည်ရှိနေပါတယ်။
ဒါ့အပြင် ထိုပြဿနာများ အောင်မြင်စွာ၊ ပြေလည်စွာ ဖြေရှင်းနိုင်ရေးအတွက် လိုအပ်သော အခြေခံကောင်းများကိုပင် သမ္မတ ဦး သိန်းစိန်ကြံ့ဖွံ့အစိုးရအနေဖြင့် (ယခင်အုပ်စိုးသူ အစိုးရအဆက်ဆက်ကဲ့သို့) ရှင်းရှင်းလင်းလင်း၊ တိတိကျကျ ချမှတ်ထားခြင်း မရှိ သေးပါ။ အရင်းခံအားဖြင့် “လက်နက်ချအညံ့ခံရေး” ဆိုသည့် အနှစ်သာရကို “အလင်းဝင်ရေး၊ လက်နက်နဲ့ဒီမိုကရေစီ လဲလှယ် ရေး၊ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ရေး၊ လက်နက်နဲ့လက်ပ်တော့(Laptop)လဲလှယ်ရေး၊ လက်နက်စွန့်လွှတ်အပ်နှံရေး၊ ဥပ ဒေဘောင်ထဲဝင်ရေး” စသဖြင့် စကားလုံးဝေါဟာရပြောင်းလဲ၍ လက်နက်ချခိုင်းနေခြင်းသာဖြစ်ပါတယ်။ ပုံရိုင်းရိုင်းခိုင်းရလျှင် “ချေး”ကို “မစင်/ ကျင်ကြီး” ဟု စကားလုံး ဝေါဟာရပြောင်းလဲ၍ အရသာခံခိုင်းနေခြင်းမျိုးသာလျှင် ဖြစ်ပါတယ်။
သမိုင်း၏ အချိုးအကွေ့တစ်ခုတွင် အဖွဲ့အစည်းအချို့၊ လူပုဂ္ဂိုလ်အချို့ လက်နက်ချအညံ့ခံသွားကြပါတယ်။
ရလဒ်မှာ ထိုအဖွဲ့အစည်းအချို့၊ လူပုဂ္ဂိုလ်အချို့မှာ လက်နက်ချအညံ့ခံသွားသော အဖွဲ့အစည်းအချို့၊ လူပုဂ္ဂိုလ်အချို့အဖြစ်သာ သမိုင်း၏ “ခွေးသားရေဖုံးစာအုပ်”ထဲတွင် စာရင်းဝင်ဇာတ်သိမ်းသွားခဲ့ပါတယ်။ အခြားဘာဆိုဘာမျှမဖြစ်ခဲ့ပါ။ ထိုသူတို့လက်နက် ချ အညံ့ခံသွားတဲ့အတွက် တိုင်းရင်းသားပြည်သူများ လိုလားတောင့်တနေကြတဲ့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးလည်း ရရှိလာခြင်း လုံးဝ မရှိခဲ့ပါ။
ဒီတော့ ရလဒ်ကောင်း၊ အဖြေကောင်းကို ယူဆောင်လာနိုင်ခြင်းမရှိခဲ့တဲ့၊ နိုင်ငံရေးအရ တစ်ဖက်သတ်အပေါ်စီးယူထားတဲ့၊ စစ်ရေး အရ ဝိုင်းပတ်ပိတ်ဆို့ အကြပ်ကိုင်ထားတဲ့ သဘောထားနဲ့ လုပ်ပုံလုပ်နည်းတွေကို စွန့်လွှတ်ဖို့ ပထမဆုံးလိုအပ်ပါတယ်။
ပထမဆုံးအနေဖြင့် အောက်ပါ မရှိမဖြစ်သော အခြေခံလိုအပ်ချက် ၂ရပ်ကို သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရနှင့် စစ်တပ်ဖက်မှ (ယာယီအားဖြင့်ဖြစ်စေ၊ ကာလကန့်သတ်၍ဖြစ်စေ) စွန့်လွှတ် ရုပ်သိမ်းကြောင်း တိုင်းပြည်သို့ ကြေညာပေးရန်ဖြစ်ပါတယ်။
မရှိမဖြစ်သော အခြေခံလိုအပ်ချက် ၂ ရပ်
၁။ နို်င်ငံရေးအရ တစ်ဖက်သတ် အပေါ်စီးယူထားသည့် အချက်များဖြစ်တဲ့ “နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေ များကို လိုက်နာရန်” နှင့် “၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းနေမှုတွင် လိုက်ပါလုပ်ဆောင်ရန်” ဆိုသည့် အချက်များ စွန့်လွှတ်ရုပ်သိမ်းပေးရန်၊
၂။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ အခြေပြုတပ်စွဲထားရာနေရာဒေသများသို့ အစိုးရစစ်တပ်မှ သွားရောက်ထိုးစစ် ဆင်တိုက်ခိုက်နေမှုများ၊ ဝိုင်းပတ်ပိတ်ဆို့ပြီး သိမ်းပိုက်ချေမှုန်းနိုင်ရေး ရည်ရွယ်ချက်အတွက် တပ်ဖြန့်ကျက်နေရာချထားမှုများကို ချက်ချင်း ရပ်ဆိုင်းပစ်ရန် တို့ဖြစ်ပါတယ်။
ယင်းသို့ တန်းတူရည်တူ၊ ဒီမိုကရေစီနည်းကျ ဆွေးနွေးဖြေရှင်းနိုင်မည့် အခြေခံကောင်းပေါ်ထွက်လာ မည်ဆိုှလျှင် ဘက် ၂ဖက် (သို့မဟုတ်) ဒီထက်ပို၍များသော ဘက်များသည် လွတ်လပ်ရေးသက်တမ်းနဲ့အမျှ ရှည်ကြာခဲ့ပြီဖြစ်သော ကမ္ဘာ့စံချိန်လွန် ပြည် တွင်းစစ်ပြဿနာကြီးကို စားပွဲဝိုင်းပေါ်တွင် ပြေလည်အောင် ဖြေရှင်းနိုင်မည့်အဖြေကောင်း၊ ရလဒ်ကောင်းကို အတူတကွ ရှာဖွေ နိုင်ကြလိမ့်မယ်လို့ မျှော်လင့်နိုင်ပါလိမ့်မယ်။
အဆိုပါ “မရှိမဖြစ်သော အခြေခံလိုအပ်ချက် ၂ရပ်” မရှိဘဲ အာမခံချက်ရှိသော အဖြေကောင်း၊ ရလဒ်ကောင်းကို မည်သူမျှ၊ မည် သည့်အစိုးရကမျှ၊ မည်သည့်အခါမျှ ရှာဖွေရရှိနိုင်လိမ့်မည် မဟုတ်ပါ။
ပြည်တွင်းစစ် ရိုလာကိုစတာသည် ဆက်လက်၍ လည်ပတ်မြဲ လည်ပတ်နေပါလိမ့်မယ်။ ပြည်တွင်းစစ် ရှိမြဲရှိနေလျှင် တိုင်းပြည်နဲ့ ပြည်သူများဘဝ ဆင်းရဲတွင်း နက်မြဲနက်နေမှာဖြစ်ပြီး အုပ်စိုးသူအစိုးရတို့ အာဏာမြဲကာ ဓနဥစ္စာ ကြွယ်ဝချမ်းသာမြဲ ချမ်းသာနေ ပါလိမ့်မယ်။