များမကြာမီက “ပုဒ်မ ၄၃၆ပြင်ဆင်ရေး”အတွက် ပြည်သူ (၄၉၄၁၉၉၈)ဦးက လက်မှတ်ရေးထိုး၍ လွှတ်တော်ထံပို့ခဲ့စဉ်က လွှတ် တော်ဥက္ကဋ္ဌ ၂ဦးဖြစ်သော ဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့က ထိုလက်မှတ်များသည် သြဇာသက်ရောက်မှုမရှိကြောင်း မျက်နှာ ပြောင်တိုက်၍ ငြင်းပယ်ခဲ့ကြဖူးလေသည်။
ယခု သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အမှုတွင်မူ “ဆရာတော်၊ သံဃာတော်များ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စား လှယ် ၅၁ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူ ၁ဝဝ၄ဦး”တို့က လက်မှတ်ရေး ထိုးတင်ပြသည့်စာကိုတော့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက အရေးတယူပြုပြီး သမ္မတထံသို့ သဝဏ်လွှာပေးခဲ့သည်။
နှိုင်းယှဉ်ပြောရမည်ဆိုလျှင် “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး” သည် တစ်တိုင်းတစ်ပြည်လုံး၊ ပြည်သူလူထုတစ်ရပ်နှင့် သက်ဆိုင်သော အရေးအရာကိစ္စဖြစ်သည်။ “သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်” အမှုသည် တစ်ဦးချင်းကိစ္စ၊ တစ်ဦးချင်းပြဿနာမျှသာ ဖြစ်သည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် တစ်တိုင်းတစ်ပြည် လုံး၊ ပြည်သူလူထုတစ်ရပ်လုံးနှင့်သက်ဆိုင်သော အရေးအရာကိစ္စနှင့် တစ်ဦးချင်းကိစ္စ၊ တစ်ဦးချင်းပြဿနာသည် နှိုင်းယှဉ်ထိုက်သည့်ကိစ္စမဟုတ်ပါ။ ဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့၏ သဘောထား ခံယူပုံ ထင်ရှားပေါ်လွင်စေရန်အတွက်သာ ယခုကဲ့သို့ နှိုင်းယှဉ်ပြသရခြင်းဖြစ်ပါသည်။
ဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့သည် အများပြည်သူတစ်ရပ်လုံးအရေးထက် လူတစ်ဦးတစ်ယောက် ၏ ပြဿနာကိုသာ အလေး ထားကြည့်ခဲ့ကြသည်။ လူများစုအရေးထက် လူတစ်ဦးချင်းကိစ္စကို အလေးထား ဦးစားပေးခဲ့ကြသည်။ လက်မှတ်ပေါင်း (၄,၉၄၁,၉၉၈) ငါးသန်းနီးပါးထက် လက်မှတ် (၅၁+၁၀၀၄) ထောင်ဂ ဏန်းအရေအတွက်ကိုသာ အရေးထားခဲ့ကြသည်။
အများပြည်သူ၏အရေးကိစ္စကို ပစ်ပယ်လျစ်လျူရှုပြီး တစ်ဦးတစ်ယောက်အရေးကိစ္စကို သူတို့ ဘာကြောင့် ဖက်တွယ်ခဲ့ကြပါသနည်း။
သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဦးဆန်းဆင့်က သူ စစ်ရာထူးခန့်ချုပ် တာဝန်ယူခဲ့စဉ်က “အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ၏ အကျင့် ပျက် ခြစားမှုသက်သေ အထောက်အထားများ မိမိတွင်ရှိနေကြောင်း၊ တပ်မတော် စစ်ရာထူးခန့်ချုပ် တာဝန်ထမ်းဆောင်စဉ်က အဆိုပါအချက်အလက်များကို မှတ်တမ်းပြုစု၊ ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက်ရကြောင်း၊ အချို့သော တိုင်ကြားစာများမှာ ကတ္တီ ပါဖုံးရွှေစာလုံးများဖြင့် ရေးသား ထားသည့် တိုင်ကြားစာများလည်း ပါဝင်ကြောင်း” တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည် မဟုတ် ပါလား။
သို့ပါ၍ ဦးရွှေမန်းတို့ စိုးရိမ်မည်ဆိုလျှင်လည်း စိုးရိမ်ထိုက်ပါသည်။ ညောင်မြစ်တူးလျှင် ပုတ်သင်ဥတွေ တသီတတန်းကြီး ပေါ် လာမှာကုုိ စိုးရိမ်ကြောင့်ကျကြပေလိမ့်မည်။ ဦးခင်အောင်မြင့် စကားနှင့်ပြောရလျှင် “ဇီးသီးစားခဲ့ကြသူ”အချင်းချင်း ဘယ်သူ ဘယ်လောက် စားထားသည်ကို စားဖူးသူများအချင်းချင်း ပိုသိကြပေလိမ့်မည်။ ပို၍ စိုးရိမ်ကြပေလိမ့်မည်။
အခုလို “ထောင်ဒဏ် ၁၃နှစ်၊ ဒဏ်ငွေကျပ် ၁သိန်း” ရက်ရက်စက်စက်၊ ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချလိုက်သည့် အတွက် ဦး ဆန်းဆင့်ဘက်မှ ကန်ထွက်လာမှာတွေ/အန်ထွက်လာမည့်အရေးတွေကို တွေးပြီးစိုးရိမ် ခဲ့ကြပုံပေါ်ပါသည်။ ဒါကြောင့် “စစ်ဗိုလ် ဟောင်း အချင်းချင်း ဝံသာနု”ကြတာ၊ သမ္မတထံ ပြစ်ဒဏ်ဖြေလျော့ပေးဖို့ ဖျောင်းဖျကြတာဖြစ်မည်ဟု ယူဆပါသည်။
နောက်တစ်ချက်က ဒု-တိုင်းမှူး၊ စစ်ရာထူးခန့်ချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ သာသနာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီးလုပ်ခဲ့ဖူးသူ၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းကို ယခုကဲ့သို့ [ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄ဝ၉နှင့် နိုင်ငံတော်အကြည်ညိုပျက်အောင် လုပ်ဆောင်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄(က) ] “ခိုးမှု”သာသာလောက်နဲ့ ယခုလို ထောင် ဒဏ်စီရင်ခဲ့ကြတာကလည်း ဦးရွှေမန်းတို့ ဦးခင်အောင်မြင့်တို့အတွက် ရင်လေးနေကြပုံရသည်။
ဇီးသီးစားဖူးကြသူ အချင်းချင်းအကြား၊ စစ်ဗိုလ်ဟောင်းအချင်းချင်းအကြား ဝံသာနုကြတာ၊ အပြန်အလှန် အကာအကွယ်ပေးကြ သည်မှာ ဖြေလျှော့ပေးကြဖို့ မေတ္တာရပ်ခံနေကြသည်မှာ ဘာမျှမဆန်းပါ။
ဆန်းကြယ်နေသည်မှာ ဦးဆန်းဆင့်ကျခံရသည့် ပြစ်ဒဏ်လျှော့ သက်သာခွင့်ပေးရေး လက်မှတ်ရေး ထိုးကြ သည့်အထဲ ဒီချုပ်ပါ တီနှင့် တိုင်းရင်းသားပါတီများမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်လက်မှတ်ရေး ထိုးကြသည့်ကိစ္စ ဖြစ်ပါသည်။
အောက်ပါမေးခွန်းများကို ဒီချုပ်နှင့် တိုင်းရင်းသားပါတီများမှ ပြည်သူ့ကိုယ်စားလှယ်များ ဖြေကြားပေးပါ။
“ကန့်ဘလူမှ ထားဝယ်”အထိ တစ်ပြည်လုံးအနှံ့အပြား လယ်သမားတွေ မတရား အဖမ်းဆီးခံနေရစဉ်က ထိုအမတ်မင်းများသည် ယခုကဲ့သို့ စုပေါင်းလက်မှတ်ရေးထိုး အရေးဆိုခြင်း (ဝါ) မေတ္တာရပ်ခံခြင်း အဘယ့်ကြောင့် မပြုခဲ့ကြပါသနည်း။
(ဗကသ)ကျောင်းသူလေး မဖြူနှင်းထွေး မတရားဖမ်းဆီးခံရစဉ်က “ဤဖမ်းဆီးမှုသည် တရားမျှတမှု မရှိကြောင်း” ပြည်သူ့လွှတ် တော်အမတ်များသည် အဘယ့်ကြောင့် ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ကြပါသနည်း။ သမ္မတထံ၊ ပြည်ထောင်စုတရားသူကြီးချုပ် ထံ အဘယ့်ကြောင့် မေတ္တာရပ်ခံစာပေးပို့ရန် မကြိုးစားခဲ့ကြပါသလဲ။
အစိုးရစစ်တပ်၏ ထိုးစစ်ဆင်မှုများကြောင့် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် ဆက်တိုက် ပေါ်ပေါက်လာနေ သော စစ်ပွဲများနှင့်ပတ်သက်၍ ချက်ချင်းရပ်စဲပါရန် လွှတ်တော်အမတ်များ စုစည်း၍ လက်မှတ်ရေးထိုးကာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ထံ၊ သမ္မတထံ၊ လွှတ်တော်ဥက္ကဋ္ဌများထံ အဘယ့်ကြောင့် ပေးပို့ခြင်း မပြုခဲ့ကြပါသနည်း။ ဤသို့ပြုလုပ်ရန် အဘယ့် ကြောင့် ပျက်ကွက်ခဲ့ကြပါသနည်း။
“အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ရှေ့ရှုပြီးလုပ်တာပါ”လို့ ခင်ဗျားတို့ ဆင်ခြေပေးမယ်ဆိုရင်လည်း ဒါဟာ “ခါတော်မှီ ဆင်ခြေ”သာဖြစ်ပြီး ၎င်းဆင်ခြေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်။
“ထောင်ဒဏ် ၁၃နှစ်၊ ဒဏ်ငွေကျပ် ၁သိန်း” ဆိုတာ ပြင်းထန်လွန်းသည်ဟု ပြောမည်ဆိုလျှင်လည်း ဗိုလ်ချုပ်ဆေထင် (ထောင် ဒဏ် ၁၀၆နှစ်)၊ ခွန်ထွန်းဦး (ထောင်ဒဏ် ၉၃နှစ်)၊ စိုင်းညွန့်လွင် (ထောင်ဒဏ် ၈၅နှစ်)တို့ ချမှတ်ခံခဲ့ရဖူးသည့် ထောင်ဒဏ်များနှင့် နှိုင်းယှဉ်လျှင် မိုးနဲ့မြေလို ကွာပါသည်။
ဦးဆန်းဆင့်၏ တစ်ဦးချင်းကိစ္စတွင်မှ ဆိုင်းမဆင့်ဗုံမဆင့် ခင်ဗျားတို့လွှတ်တော် အမတ်တွေ နိုးကြား လာကြတာကတော့ဖြင့် အရပ်ရပ် နေပြည်တော်ကြားလို့မှ (လုံးဝ) မတော်တဲ့ကိစ္စ ဖြစ်ပါသည်။
စစ်အုပ်စုဝင်အချင်းချင်းကြား ဖြစ်တဲ့ကိစ္စတွေအပေါ် သိပ်ပြီး အစိုးရိမ်မလွန်ကြပါနဲ့။ သူတို့အချင်းအချင်း အကြားမှာ အတိုင်းအ တာတွေ ရှိပါသည်။ ဗိုလ်နေဝင်း သားမက်နဲ့မြေးတွေ၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်စန်းပွင့်၊ ဗိုလ်သိန်းဆွေတို့ ထောက်လှမ်းရေးတွေ ထောင်ထဲမှာ ဘယ်လိုနေခဲ့ကြရသလဲ။ ဘယ်လောက်ကြာ ကြာနေကြရသလဲ။ ထောင်ကထွက်တော့ သူတို့အတွက် စီးပွားရေး လုပ်စရာ ရေကန်အသင့် ကြာအသင့် ဖြစ်ပါသည်။
ယင်းသို့ စစ်အုပ်စုဝင်တွေထဲက စုန်းပြူးများ၏ ထောင်ကျဘဝနှင့် ဒီမိုကရေစီနဲ့ အမျိုးသားတန်းတူရေးမှာ ပါဝင်ဆောင်ရွက်ကြ တဲ့ နိုင်ငံရေးအကျဉ်းသားများ၏ ထောင်တွင်းဘဝ၊ မသေလို့ ထောင်ထဲကနေ မသေမရှင်ဘဝနဲ့ ထွက်လာတဲ့အခါမှာလည်း ကြေ မွကျိုးပဲ့၊ စုပ်ပြတ်သတ်နေတဲ့ မိသားစုဘဝတွေနဲ့ အပုံကြီးခြားနားပုံကို ညအိပ်ရာမဝင်ခင် ၅မိနစ် ၁၀မိနစ်ခန့်အချိန်ယူပြီး စဉ်းစား ကြည့်ကြပါလို့ အတိုက်အခံပါတီများမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။