ကရင်ပြည်နယ်ရဲ့ မြို့တော် ဖားအံမြို့မြောက်ဘက်ကနေ ကားနဲ့ ၂နာရီကျော်ကြာ ခရီးရှိတဲ့ လှိုုင်းဘွဲမြို့နယ် မအဲ့ကျေးရွာအုပ်စု၊ တောင်ဆုံးတောင်ခြေအောက်မှာရှိတဲ့ သစ္စာအေးမြိုင် စစ်မှုထမ်းဟောင်း အိမ်ရာလေး ဖြစ်ပါတယ်။ ကရင်တိုင်းရင်းသား အများစု ပါ၀င်တဲ့ ယခင် ဒီကေဘီအေ တပ်ဖွဲ့ဝင်ဟောင်းမိသားစုတွေ၊ စစ်ပွဲကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းသွားသူတွေ သီးသန့်နေထိုင် ရာ နေရာလေးတစ်ခုဖြစ်တဲဲ့့ ဒီကေဘီအေ စစ်မှုထမ်းဟောင်း အိမ်ရာလေးတစ်ခုပဲ ဖြစ်ပါတယ်။
၂၀၁၁ က စတင် တည်ဆောက်တာဖြစ်ပြီးတော့ နိုင်ငံတော်က ဆောက်လုပ်ပေးထားတယ်လို့ သိရပါတယ်။ အိမ်ရာလေးထဲမှာ တော့ ပုံစံတူ သွပ်မိုး ပျဉ်ထောင်အိမ်အလုံးပေါင်း ၂၇၈အိမ်ရှိပြီးတော့ လူဦးရေအားဖြင့် ၁၄၈၈ဦး နေထိုင်ကြပါတယ်။ အဲဒီအထဲ မှာ မသန်စွမ်းသူတွေချည်းပဲ ၁၁၆ဦး၊ မုဆိုးမ ရ၅ဦး၊ သက်ကြီးရွယ်အို ၈၇ဦးရှိတယ်လို့ သစ္စာအေးမြိုင်အိမ်ရာ အတွင်းရေးမှူး ဦးမင်းခေတ်က ပြောပါတယ်။
အိမ်ရာလေးမှာ အများဆုံး နေထိုင်ကြတာကတော့ သက်ကြီးရွယ်အိုတွေ၊ ခြေတစ်ဖက်မရှိ၊ တစ်ချို့နှစ်ဖက်စလုံးမရှိ၊ အမြှောက် ဆံ၊ ဗုံးဆံတွေကြောင့် မျက်စိကွယ်သူတွေ စသည်ဖြင့် အစုံပါပဲ။ စစ်မှုထမ်းသက်ပြည့်လို့ အေးဆေးစွာနဲ့ မိသားစုပျော်ပျော်ရွှင် ရွှင်နဲ့ ဘဝကို အေးဆေးစွာ ဖြတ်သန်းနေကြရသူတွေတော့ မဟုတ်ကြပါဘူး။
မိသားစုအနည်းအများအလိုက် တစ်လကို တစ်အိမ်လျှင် ဆန် ၂၄ပြည် အနည်းဆုံးရရှိကြတယ်လို့ သိရပါတယ်။ ဆန်တစ်မျိုး တည်းကိုသာ နိုင်ငံတော်က ထောက်ပံ့ပေးတာဖြစ်ပြီးတော့ အခြားသော အိမ်သုံးပစ္စည်းများ၊ မီးဖိုချောင်သုံးဖြစ်တဲ့ ကြက်သွန်၊ ဆီ၊ ဆားများလည်း မရရှိကြပါဘူး။ မြိုင်ကြီးငူဆရာတော်ရဲ့ သာသနာ့နယ်မြေဖြစ်တဲ့အတွက်လည်း မွေးမြူရေးမလုပ်ဖို့ ကန့် သတ်ထားတယ်လို့လည်း သိရပါတယ်။
အိမ်ရာရဲ့ အနီးအနားမှာတော့ လယ်ကွက်တွေ တစ်မျှော်တစ်ခေါ်ဆိုပေမယ့် သူတို့ပိုင်ဆိုင်တဲ့ လယ်ကွက်လေးတစ်ကွက်မျှမရှိ။ ဘာအသက်မွေးဝမ်းကြောင်း လုပ်ငန်းမှလည်း မရှိပါဘူး။ ယခင် ဒီကေဘီအေ တပ်ဖွဲ့ဝင်ဟောင်းဖြစ်ခဲ့တဲ့ နယ်ခြားစောင့်တပ် (ဘီဂျီအက်ဖ်) အကြီးအကဲတွေကလည်း စားသောက်ရေးအတွက် တစ်ခါတစ်ရံ အကူအညီပေးတယ်လို့ သိရပါတယ်။
ဒီအိမ်ရာရဲ့ ရပ်ကွက်မှူး စောလှလေးကတော့ “စီးပွားရေး အသက်မွေးဝမ်းကျောင်းကတော့ ဘာမှမရှိပါဘူး။ ကြီးတဲ့ကလေးတွေ ကတော့ တောတောင်တွေထဲမှာ တို့စရာတွေ သစ်သီးဝလံတွေ လိုက်ရောင်းတာပေါ့။ တစ်ခါတစ်လေ လယ်ထဲတို့၊ ရာဘာခြံတို့ တွေမှာ နေ့စားဝင်လုပ်ပါတယ်။ နေ့စားအလုပ်ရှိတဲ့ နေ့တွေဆိုရင်တော့ တစ်ရက်ကို နှစ်ထောင်ကျော်ကျော်လောက်ရတယ်” လို့ သူက ပြောပါတယ်။
အိမ်လေးအတွင်းမှာတော့ ဘုရားစင်ကလွဲရင် ကျန်တာအားလုံး ရှင်းရှင်းလင်းလင်းပင်။ ရှင်းလင်းတယ်ဆိုတာက ဘာပရိဘောဂ တစ်ခုမှ မရှိခြင်းကို ဆိုလိုတာပါပဲ။ တီဗွီမရှိ၊ ရေဒီယိုမရှိ၊ အဝတ်ထည့်ဗီဒိုမဆိုထားနှင့် အဝတ်သေတ္တာပင်မရှိ။ မီးဖိုချောင်သုံး အိုး ခွက်ပန်းကန်များကအစ ခပ်ရှားရှားပါးပါး ဖြစ်နေပါတယ်။
သူ အပါအဝင် မိသားစု ၁၀ဦးရှိပြီးတော့ အကြီးဆုံးသား ၂၁နှစ်ကနေ အငယ်ဆုံး သမီးလေး ၁နှစ်ခွဲအထိ သားသမီး ရဦး ရှိပါ တယ်။ စားဝတ်နေရေးပြေလည်အောင် ဖြေရှင်းဖို့သာလျှင် အဓိကဖြစ်တာမို့ သားသမီးပညာရေးအတွက် မမျှော်မှန်းနိုင်သေး ကြောင်း စောလှလေးက ဆက်ပြောပါတယ်။
အတိတ်က သူ့အကြောင်းကို ပြောပြနေချိန်မှာတော့ ၀မ်းနည်းမှု၊ အားငယ်မှု၊ မျှော်လင့်ချက် ကင်းမဲ့မှုတွေဟာ သူ့ရဲ့မျက်လုံးမှာ အထင်းသား ပေါ်လွင်နေပါတယ်။
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူကနေ ဒီကေဘီအေ ခွဲထွက်လာတဲ့ အရေးအခင်းအတွင်းဖြစ်တယ်လို့ သူက ပြောပါ တယ်။ ၁၉၉၅ခုနှစ်၊ ၄လပိုင်း ၂၆ရက်နေ့မှာ လက်နက်ကြီးကျည်ဆံ ထိမှန်တာကြောင့် ခြေနှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရတယ်။ ကရင် အမျိုးသားအချင်းချင်း တိုက်ခိုက်ရင်းဖြစ်လာရတဲ့ အကျိုးဆက်အတွက် စိတ်မကောင်းဖြစ်ရုံကလွဲလို့ သူ့မှာ ဘာစကားမှပြောစရာ မရှိတော့သလို ပြောချင်ပုံလည်း မရပေ။
စောလှလေးကိုကြည့်လိုက်ရင် လမ်းလျှောက်ပုံကတော့ လူကောင်းပကတိတစ်ဦးပင်။ တိုင်းပြည်အတွက် ပဲပြောပြော၊ ကိုယ့်အ မျိုးသားရေးအတွက်ပဲပြောပြော မည်သို့ပင်ဆိုစေကာမှု တစ်ကယ်တမ်းပြန်ကြည့်လျှင် စစ်၏ဆိုးကျိုးများပင် ဖြစ်နေပါတယ်။ ငြိမ်း ချမ်းရေးဆွေးနွေးမှုကိုလည်းမသိ၊ နားလည်းမလည်၊ စိတ်လည်းမဝင်စားတဲ့ သူတို့အတွက် ငြိမ်းချမ်းရေးဆိုတာ ဘယ်လိုပါလဲ။
စောလှလေးပြောတဲ့ ငြိမ်းချမ်းရေးက “ငြိမ်းချမ်းရေးဆွေးနွေးပွဲတော့ မသိဘူး။ လူကြီးတွေသိမှာပေါ့။ ငြိမ်းချမ်းတော့ ကောင်းပါ တယ်။ မငြိမ်းချမ်းလို့ စစ်ပွဲတွေဖြစ်ရင် ကျနော်တို့လိုလူတွေ များလာမယ်။ ကြာလေများလေပဲလေ။ ခေါင်းဆောင်တွေ တစ် ယောက်နဲ့တစ်ယောက် ရန်မဖြစ်ပါနဲ့။ အေးအေးချမ်းချမ်းပဲ နေချင်တယ်”လို့ သူက ပြောပါတယ်။
ဒီအထဲမှာမှ စစ်ပွဲကြောင့် အဖမဲ့ သားသမီးတွေနဲ့ ဘဝကို ရုန်းကန်လာခဲ့ရသော မုဆိုးမတစ်ဦးဖြစ်သူ နော်မိုးသူက “အမိုးတို့က တော့ ကေအဲန်ယူလာလည်း ပြေးရတယ်။ အစိုးရစစ်တပ်လာလည်း တောထဲတောင်ထဲမှာ ပြေးပုန်းရတယ်။ တိုက်ခိုက်တာကို မလိုချင်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းပဲ နေချင်တယ်။ စစ်ကြောင့် ပြေးရတာထက်စာရင် ဒီလိုနေရတာက ပိုသက်သာတယ်”လို့ ရိုးရိုး ရှင်းရှင်းလေး ပြောပါတယ်။
ယခုအိမ်ရာလေးနဲ့ အလားတူပဲ မြဝတီနဲ့ မြိုင်ကြီးငူဒေသတွေမှာလည်း စစ်မှုထမ်းဟောင်းအိမ်ရာလေးတွေ ရှိတယ်လို့ သိရပါ တယ်။ ဒီကေဘီအေ စစ်မှုထမ်းဟောင်းအိမ်ရာလေးမှာ နေထိုင်ကြသူတွေ အများစုကတော့ ကရင်လူမျိုးအများစုပါ။ စကော ကရင်စကားကိုသာ အဓိကပြောဆိုကြပြီး ဗမာစကားတောင် ရေရေလည်လည် မပြောတတ်ပါဘူး။ ဒီလိုအခြေအနေတွေကြောင့် ဘာသာစကားအခက်အခဲကြောင့် သူတို့ပြောချင်တာတွေကို အလုံးစုံမသိခဲ့၊ ကောင်းကောင်း နားမလည်ခဲ့ရပေမဲ့ အနာဂတ်မဲ့နေ တဲ့ သူတို့မှာ ပြောပြစရာတွေ တစ်ပုံကြီးရှိနေမယ်ဆိုတာ အသေအချာ ယုံကြည်နေပါတယ်။