အခြား အကြောင်းအရာများကို ရွေးချယ်မရေးဘဲ ကရင်အမျိုးသား အစည်းအရုံးနှင့် ဆက်စပ်၍ ငြိမ်းချမ်းရေး ပြဿနာဆိုင်ရာ ဆောင်းပါးများကို အဘယ်ကြောင့် ဆက်တိုက်ရေးနေကြောင်း မိတ်ဆွေအချို့က မေးကြသည်။
အပိုင်း (၅)
အခြား အကြောင်းအရာများကို ရွေးချယ်မရေးဘဲ ကရင်အမျိုးသား အစည်းအရုံးနှင့် ဆက်စပ်၍ ငြိမ်းချမ်းရေး ပြဿနာဆိုင်ရာ ဆောင်းပါးများကို အဘယ်ကြောင့် ဆက်တိုက်ရေးနေကြောင်း မိတ်ဆွေအချို့က မေးကြသည်။ ဖြေပါမည်။ စစ်မှန်သည့် ပြည် တွင်း ငြိမ်းချမ်းရေး မရှိလျှင် လူထုများအတွက် လွတ်လပ်မှု၊ တရားမျှတမှုနှင့် စီးပွားရေး တိုးတက်မှု မရနိုင်သည့်အပြင် ဆင်းရဲ ပင်ပမ်းမှုများ၊ မျက်ရည်များ၊ ကြေကွဲမှုများ၊ အာဃာတများသာ ဖုံးလွှမ်းနေမည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ပထမ တချက်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ၏ အရေးပါမှုကို ရည်ညွှန်းသည်။
ဒုတိယ အချက်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို မည်သို့ရှာဖွေမည်ဟူသော နည်းလမ်းနှင့် သက်ဆိုင်သည်။ ငြိမ်းချမ်းမှုကို ရှာဖွေရာ ၌ ခေါင်းဆောင်များသည် အရေးကြီးသော အခန်းမှ ပါ၀င်ကြောင်း အသိအမှတ်ပြုပါသည်။ သို့ရာတွင် နှစ်ပေါင်း ခြောက်ဆယ် ကျော်မျှ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြီးကို အပြီးအပိုင် ငြိမ်းသတ်နိုင်အောင် ကြိုးပမ်းရာ၌ ခေါင်းဆောင် အဓိက အားကိုးရေး ၀ါဒမျှနှင့် မလုံလောက်ပါ။ လူထုလမ်းစဉ်ကို ကျင့်သုံးဘို့ လိုပါမည်။
အခြေခံလူထုများကိုယ်တိုင် ရောဂါ၏ အရင်းအမြစ်ကို သိအောင်ကြိုးစား၊ ကုစားသင့်သည့် နည်းလမ်းများအား လက်လှမ်းမီသမျှ ရှာဖွေ၊ မိမိတို့ခေါင်းဆောင်များကို တင်ပြ၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုများအားပြည်လုံး အနှံ့သာမက ကမ္ဘာတခွင်တွင်ပါ အား ကောင်းကောင်းပေါ်လာအောင် ပါ၀င် လုပ်ဆောင်လာကြစေချင်သည်။ ဤသို့သော စေတနာနှင့် ရေးပါသည်။
“ထာဝရ ငြိမ်းချမ်းရေး” ဟူသည်မှာ မည်သည့် အရာနည်း။
ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်းသည် “ထာဝရ ငြိမ်းချမ်းရေး” ဟူသည့် စကားလုံးကို ကရားရေလွှတ် တတွတ်တွတ်ရွတ်လျှက်ရှိသည်။ သို့ရာတွင် ဤသည်မှာ မည်သည့်အရာဖြစ်ကြောင်းကို လူထုအား တကြိမ်တခါမျှ ရှင်းပြခြင်းမရှိ။ ဟိုအဖွဲ့သည်အဖွဲ့များနှင့် တွေ့ဆုံလျှက်ရှိသော ဆွေးနွေးပွဲများတွင် တခွန်းမျှ မြွက်ဟသံမကြားရ။
“ထာဝရ ငြိမ်းချမ်းရေး” ဆိုသည်မှာ လူ့အဖွဲ့အစည်းက လိုလားမြတ်နိုးသည့် တန်ဘိုး ဖြစ်သည်။ ဤတန်ဘိုးကို ရရှိစေရန်တနိုင်ငံလုံး တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံး ဦးတည် လျှောက်လှမ်းရမည့် “ပန်းတိုင်” ရှိဘို ့လိုသည်။ ဤသည်မှာ အဘယ်နည်း။ “ပန်းတိုင်”နှင့် စပ်လျှဉ်း၍ ဦးအောင်မင်းကိုယ်တိုင် ရှင်းလင်းစွာ သိမသိမှာလည်း အတတ်မပြောနိုင်။ စေတနာ ကောင်းဖြင့် ဆောင်ကြဉ်းရန် ကြိုးစားသည် ဆိုစေဦး။ “ထာဝရ ငြိမ်းချမ်းရေး”နှင့်စပ်လျဉ်း၍ ကိုယ်သွားချင်သည့် ပန်းတိုင်ကိုမျှ ကိုယ်ကိုယ်တိုင်က ရေရေရာရာ မသိလျှင် အနှစ်တထောင်ပင် ဦးဆောင် ကြိုးစားသော်လည်း ရောက်နိုင်ဘွယ် မရှိပါ။ ဤသို့ဖြစ် လျှင် ဦးအောင်မင်း အတွက်သာမက ထိပ်ပိုင်းက ဦးဆောင်ကြိုးပမ်းနေသည်ဟုဆိုသော သမတ ဦးသိန်းစိန်အတွက်လည်း မကောင်းပါ။
၎င်းတို့သည် ကိုယ်သွားချင်သည့် “ပန်းတိုင်”ကို ရှင်းလင်းစွာသိပြီး လုပ်ဆောင်နေခြင်းလည်း ဖြစ်နိုင်သည်။ “ငါတို့ မင်းထက် ပိုပြီး သိတာပေါ့ကွာ။”ဟု စာရေးသူအားပင် စိတ်ထဲမှ ကြိတ်ပြံုးကောင်းပြံုးနေပါမည်။ မိမိတို့ လျှောက်ချင်သည့် “ပန်းတိုင်” အစစ်ကို ဖုံးကွယ်ပြီး လူထုကို အခြားတပါးသို့ တွန်းပို့နေတာများ ဖြစ်လေမလား။ ကြွားတော့ “နိဗ္ဗာန်ဘုံ” လားတော့”အဝီဇိငရဲ” ပန်းတိုင် ဖြစ်သွားနိုင်သည်။ ဤသို့ဖြစ်လျှင်မူ လူထုကြီးတရပ်လုံး အား လိမ်လည် လှည့်ဖျားရာ ရောက်ပါမည်။ ဤသည်ကို ၀ိုင်းဝန်းဖေါ် ထုတ်ကြဘို့ လိုသည်။
တကယ်တမ်းအားဖြင့် ဦးသိန်းစိန်၊ ဦးအောင်မင်းတို့ခေါင်းဆောင်သည့့် အစိုးရ အာဏာပိုင်များသည် “ထာဝရ ငြိမ်းချမ်းရေး”ရ ဘို့ “နိဗ္ဗာန်ဘုံ ပန်းတိုင်”ကို လှမ်းကိုင်ရန် ကြိုးပမ်းနေသည် ဆိုလျှင်မူ ယင်းမှာ မည်သည့်အရာဖြစ်သည်ကို ရှင်းလင်းရန် တိုက် တွန်းပါသည်။
“ထာဝရ ငြိမ်းချမ်းရေး” ဟူသည်ကို လူထု ခံစားနိုင်ရေးအတွက် “ပန်းတိုင်”သည် အဘယ်နည်း။
နိုင်ငံသားတဦးအနေဖြင့် ရသင့်ရထိုက်သင့် တဦးချင်းအခွင့်အရေး၊ တိုင်းရင်းသား လူမျိုးစုတခုခြင်းစီ ရသင့်ရထိုက်သည့် စုပေါင်း အခွင့်အရေးများအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများတွင် ထည့်သွင်းပြဌာန်းထားသည့်အပြင် တိုင်းပြည်အုပ်ချုပ် ရေး အဆောက်အအုံများအား ထိုအခွင့်အရေးများကို လေးစားကာကွယ်ဖေါ်ဆောင်ပြီး လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက် သည့် ယန္တယားများဖြစ်လာစေရန် ပြုပြင်ပြောင်းလဲဖွဲ့စည်းရေး ဖြစ်သည်။
ဤသည်မှာ “ထာဝရ ငြိမ်းချမ်းရေး” ကို ခံစားနိုင်စေရန် လူထုတရပ်လုံး ဦးတည်လျှောက်လှမ်းရမည့် “ပန်းတိုင်” ဖြစ်သည်ဟု စာရေးသူ နားလည်သည်။ ဤသည်မှာ မမှန်ကန်လျှင် ဦးသိန်းစိန် အစိုးရအနေဖြင့် လူသိရှင်ကြား ပြန်ရှင်းခွင့် ရှိသည်။ ဦးသိန်း စိန်သည် သမ္မတ တာဝန်ယူပြီးလျှင် ပြီးခြင်းမှာပင် ရှင်းရှင်းလင်းလင်း ရှိသော အစိုးရ၊ တာဝန်ခံမှုရှိသော အစိုးရဖြစ်အောင် ကြိုး ပမ်းမည်ဟု လူသိရှင်ကြားကြေငြာခဲ့သည်။ သို့ရာတွင် ဤမျှ အရေးကြီးလှသော ပြည်တွင်းငြိမ်းချမ်းရေးနှင့် စပ်လျဉ်း၍ လုပ် ဆောင်နေသည်များမှာမူ ရှင်းရှင်းလင်းလင်း မရှိ။ တာဝန်ခံမှုလည်း မရှိ။ “ပန်းတိုင်”သည် မည်သည့်အရာမှန်းပင် မည်သူမျှ မသိ ကြ။
သေနတ်မပေါက်ရုံ၊ စစ်မတိုက်ရုံမျှနှင့် ထာဝရငြိမ်းချမ်းရေး မရနိုင်။
စာရေးသူ မြင်ရသည်မှာမူ “ထာဝရ ငြိမ်းချမ်းရေး” ဟူသည်အတွက် တောင်ကိုပြေးလိုက်၊ မြောက်ကို ပြန်လိုက်၊ ပြည်တွင်းဝင် လိုက် ပြည်ပထွက်လိုက်နှင့် ဦးအောင်မင်း ကွင်းဆင်း အကောင်အထည်ဖေါ်နေသည့် လုပ်ငန်းစဉ်များ၏ “ပန်းတိုင်”မှာ “သေနတ်မပေါက်ရေး နှင့် စစ်မတိုက်ရေး” သာ ဖြစ်နေသည်။ စစ်မဖြစ်လျှင် ငြိမ်းချမ်းရေးရမည်ဟု ကြွေးကြော်နေသည်။ ဤ သည်မှာ ဟုတ်ပါရဲ့လား။ စစ်နှင့် ငြိမ်းချမ်းရေးသည် ဒင်္ဂါးပြားတခု၏ ခေါင်းနှင့် ပန်း သဘွယ် နားလည်နိုင်သော်လည်း စစ်မရှိရုံမျှ နှင့် လူထုအတွက် ငြိမ်းချမ်းရေးရပြီဟု ပြောနိုင်ပါ့မလား။
သာဓက တခုပြပါမည်။ မြန်မာနိုင်ငံ၌ ၁၉၈၉ ခုနှစ်မှ စ၍ အပစ်အခတ်ရပ်စဲရေးကို စစ်အစိုးရကိုယ်စား ဦးဆောင် အကောင်အ ထည်ဖေါ်ခဲ့သူမှာ နဝတ အတွင်းရေးမှူး(၁)အဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ကြီးခင်ညွန့်ဖြစ်သည်။ သူ တန်ခိုးထွားခဲ့စဉ်က တက်ရောက်ခဲ့သည့် အစည်းအဝေး အတော်များများ၌ လူထုက ၎င်းအား လက်အုပ်ချီ ကာ အရိုအသေ ပေးခဲ့ရသည်ကို ရုပ်မြင် သံကြားမှတဆင့် ကြည့်ခွင့်ရခဲ့သည်။ တချိန်က ရှိခဲ့သည့်ရာထူး အာဏာများမှ ပြုတ်ကျပြီး ထောင်မှ ထွက်လာသောအခါ ဦးခင်ညွန့်သည် သာမန်လူတဦး ဖြစ်သွားခဲ့ပြီ။ ၎င်းအား ရာထူးပြုတ်၊ ထောင်ချလိုက်သည့် စစ်အစိုးရသစ်အား သူသည် လက်နက်ကိုင်၍ စစ်ပွဲ ပြန်လည်မဆင်နွှဲပါ။ သူနှင့် အစိုးရသစ်အကြားတွင် စစ် မရှိပါ။
သို့ရာတွင် သူသည် ငြိမ်းချမ်းရေး မရပါ။ ထောင်မှထွက်ပြီး သိပ်မကြာခင် စကားပြောတခု မှားသွား၍ အရေးယူခံရနိုင်ကြောင်း အစိုးရပိုင်းမှ အသံထွက်လာသောအခါ ကြောက်လန့်တကြားဖြင့်ဘုန်းကြီးဝတ်သွားခဲ့ ရပါသေးသည်။ အဘယ်ကြောင့် ဆိုသော် တပ်မတော်၊ ရဲ၊ ထောက်လှမ်းရေး၊ လုံထိန်း မှစ၍တရားစီရင်ရေး အဆုံး တိုင်းပြည်အုပ်ချုပ်ရေး ယန္တယားများသည် အနှစ်သာရ အရ ဘာတခုမျှ မပြောင်းလဲသေး။ အာဏာရှိသူကို ၀ပ်တွားနေရဆဲဖြစ်ကြောင်း ဦးခင်ညွှန့် ကောင်းမွန်စွာ သိရှိထား၍ဖြစ်သည်။ စင်စစ်အားဖြင့်မူ ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်းသည် ဦးခင်ညွှန့်ဖြစ်ရပ်မှ သံဝေဂ ယူသင့်သည်။ မိမိတွင် လုပ်ပိုင်ခွင့်ရှိနေ သည့်အချိန်၌ အထက်တွင် စာရေးသူ ဖေါ်ပြခဲ့သည့် ပန်းတိုင်ကို ရောက်ရှိအောင် ကြိုးပမ်းသင့်သည်။ ဤနည်းဖြင့် “ထာဝရ ငြိမ်း ချမ်းရေး” သို့ အမှန်တကယ် ဦးတည်ကြောင်း လက်တွေ့ပြသင့်သည်။
နောက်ထပ် သာဓက တခုဖေါ်ပြပါဦးမည်။ လက်နက်ကိုင် တိုက်ပွဲ ရပ်စဲလိုက်ပြီ ဖြစ်သော်လည်း လူထုမှာ ငြိမ်းချမ်းမှု မရအပူမီးများ တောက်လောင်နေရသည့် ဘဝ၏ တစိတ်တဒေသကို လှစ်ဟသော သာဓက ဖြစ်ပါသည်။
ဗိုလ်မှုးချုပ်ထိန်မောင် ခွဲထွက်သွားခဲ့သည့်နောက်ကွယ်က ဖြစ်ရပ်အချို့။
ဗိုလ်မှူးချုပ်ထိန်မောင်မှာ ကေအဲန်ယူ တပ်မဟာ(၇) ၏ တပ်မဟာမှုး ဖြစ်ခဲ့ပြီး နှစ်ပေါင်းမြောက်များစွာ တောက်လျှောက် စစ် တိုက်ခဲ့သူ ဖြစ်သည့်အပြင် စစ်ရေးကောင်းသူအဖြစ်လည်း နံမည်ရခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ကေအဲန်ယူမှ ခွဲထွက်၊ ငြိမ်းချမ်းရေး ကို ကြွေးကြော်လျှက် စစ်အစိုးရနှင့် အပစ်ရပ်ခဲ့သည်။ KNU/KNLA ငြိမ်းချမ်းရေးကောင်စီကိုဖွဲ့ပြီး ဦးဆောင်လှုပ်ရှားနေသူ ဖြစ် သည်။
ဗိုလ်ချုပ်ကြီးမြ နှင့် ဗိုလ်မှူးချုပ်ထိန်မောင်တို့မှာ မယားညီအစ်ကို ဖြစ်ကြသည်။ ဗိုလ်မှုးချုပ်ထိန်မောင်က “ဗိုလ်ချုပ်ကြီးမြ မကွယ် လွန်ခင် ငြိမ်းချမ်းရေးအတွက် ငါ့ကို တာဝန်ပေးထားခဲ့တယ်။ ငြိမ်းချမ်းရေး လုပ်ကို လုပ်ရမယ်”ဟု ဟစ်ကြွေးပြီး စစ်အစိုးရနှင့် လက်တွဲတော့မည် ပြုသောအခါ ၎င်း၏တူဖြစ်သူ ဗိုလ်ချုပ်ကြီးမြ၏ ဒုတိယသားကြီး ဗိုလ်မှူးကြီးနန္ဒားမြက အကြီးအကျယ် တားမြစ်ခဲ့သည်။ သို့ရာတွင် ဦးလေးအား တား၍မရခဲ့။ ထိုအခါ ဗိုလ်မှုးကြီးနန္ဒားမြသည် စိတ်ထိခိုက်လွန်းသဖြင့် စစ်ဗိုလ်ကြီးတန် မဲ့နှင့် ချုံးပွဲချငိုခဲ့သည်ဟု ကြားသိခဲ့ရသည်။ ဤအကွဲအပြဲအောက်တွင် ကေအဲန်ယူအတွင်းရှိ အခြားတပ်ဗိုလ်၊ တပ်သားများ၊ ပါတီဝင် မိသားစုများအတွင်း မည်မျှငိုကြွေးခဲ့ရ၊ ကြေကွဲခဲ့ကြရသည်ကို မသိ။
ဤသည်မှာ ကေအဲန်ယူ အဖွဲ့အစည်းတခုလုံးကိုသာမက အခြားတော်လှန်ရေးအင်အားစု အားလုံးကိုပါ တပြိုင်နက် လွှမ်းခြုံ ဖေါ်ဆောင်ရမည့်အစား ကေအဲန်ယူအတွင်းမှ အစိတ်အပိုင်းငယ် တခုခြင်းမျှကိုသာ ခွဲထုတ်စည်းရုံးသည့်နည်းဖြင့် စစ်အစိုးရ အဆက်ဆက် ချမှတ်ဖေါ်ဆောင်လျှက်ရှိသော ငြိမ်းချမ်းရေးအတု၏ ရလာဒ်ဖြစ်သည်။ ဗိုလ်မှူးကြီးနန္ဒားမြသည် ဦးလေး၏ နောက်သို့မူ လိုက်မသွား။ နိုင်ငံရေးအရ မှန်ကန်စွာ စဉ်းစားနိုင်ခဲ့သည်။ ကေအဲန်ယူ ဗဟိုကော်မတီ၏ ဦးဆောင်မှုအောက်မှာပင် ကြံ့ခိုင်စွာ ကျန်နေခဲ့သည်။
ဗိုလ်မှုးချုပ်ထိန်မောင်သည် ကေအဲန်ယူ အဖွဲ့အစည်းကို ချစ်မြတ်နိုးသလို ငြိမ်းချမ်းရေးကိုလည်း စစ်မှန်စွာ မျှော်မှန်းခဲ့သည်ဟု စာရေးသူ ယုံကြည်သည်။ သို့ဆိုလျှင် ကေအဲန်ယူ အဖွဲ့အစည်းတခုလုံးက ဦးတည်တိုက်ပွဲဝင်နေသည့် နိုင်ငံရေး ရည်မှန်းချက် မအောင်မြင်သေးပါဘဲလျှက် အဘယ်ကြောင့် ခွဲထွက်သွားခဲ့သနည်း။ တဘက်တွင် စစ်အစိုးရကိုယ်တိုင်နှင့် ၎င်း၏ အစွယ်အ ပွားများ၊ လက်ပါးစေများက ဗိုလ်မှုးချုပ်ထိန်မောင်အား နည်းမျိုးစုံဖြင့် စည်းရုံးကြသည်။ အခြားတဘက်တွင် ၎င်းကိုယ်တိုင်၏ အားနည်းချက်ဖြစ်သည်။ ယင်းမှာ သားမက်ဖြစ်သူ စောလယ်မူးအား ကြီးမားစွာ ယုံကြည်မှုထားခြင်းဖြစ်သည်။
စောလယ်မူးသည် ထိုစဉ်က ကေအဲန်ယူ၏ တာဝန်ကို ထမ်းဆောင်ရင်း ထိုင်းနိုင်ငံ ဘက်ခြမ်း မဲရမမြို့နယ်အတွင်းရှိ ကနဲကျု ကျေးရွာ၌ အဆောင်ဆောင် အခန်းခန်းနှင့် ကြီးမားလှသောအိမ်ကြီးတ ဆောင်ဆောက်၍ နေသူဖြစ်သည်။ ဗိုလ်မှူးချုပ်ထိန်မောင် ကိုယ်တိုင်ကမူ ဤသည်ကို မနှစ်ခြိုက်။ သားမက်ဖြစ်သူ စောလယ်မူး၏ နေအိမ်သို့ သွားရောက် နေထိုင်လေ့မရှိ။ “ကေအဲန်ယူ ရဲဘော်တွေ အားလုံး မင်းလို အိမ်ကြီးအိမ်ခိုင် ဆောက်မနေနိုင်ဘဲ မင်းက ဘာလို့ သည်လိုနေတာလဲ”ဟု ပြစ်တင်မာန်မဲလေ့ရှိ ကြောင်း ကြားရသည်။ သူကိုယ်တိုင်သည်လည်း တောတွင်းရှိ တပ်မဟာ (၇) ဌာနချုပ်တည်ရာ သူးမွဲနီဒေသရှိ သက်ကယ်မိုး စစ်စခန်းတွင်သာ တောက်လျှောက်နေခဲ့သူ ဖြစ်သည်။ သို့ရာတွင် သူသည် သားမက် စောလယ်မူးအပေါ် ယုံကြည်အားကိုးမှုက မူ လျော့မသွားခဲ့။ စောလယ်မူးသည် စီးပွားရေးရည်မှန်းချက် ကြီးမားသူဖြစ်သည်။
ကေအဲန်ယူတခုလုံးအနေဖြင့် မဟုတ်သော်လည်း တပ်မဟာ(၇)အနေနှင့်ပင် ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးလုပ်ရန် စောလယ်မူး၏ ဆွဲဆောင်စည်းရုံးမှုကို ဗိုလ်မှူးချုပ်ထိန်မောင် ခံခဲ့ရကြောင်း ကေအဲန်ယူနှင့် နီးစပ်သူ အတော်များများက လက်ခံခဲ့ ကြသည်။ အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူပြီး စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကာ မိမိတို့မိသားစုများ၏ အကျိုးစီးပွား ကို ရှာကြရအောင်ဟုပြောလျှက် စောလယ်မူးက တပ်မဟာ(၇)အတွင်းရှိ တပ်မှုးတချို့အား လိုက်လံစည်းရုံးခဲ့သည်။ ယင်းသို့ အစည်းရုံးခံရသော်လည်း အကွဲအပြဲ တကယ်တမ်း ဖြစ်လာသည့်အချိန်တွင် မိခင်ကေအဲန်ယူတွင်ပင် ကျန်နေခဲ့သည့် တပ်မှူး ငယ်တဦးက စာရေးသူအား ပြန်လည် ပြောပြသည်။
ဗိုလ်မှူးချုပ်ထိန်မောင်၏ အဖွဲ့နောက်သို ့ပါမသွားဘဲ ကေအဲန်ယူ တပ်မဟာ(၇)မှာပင် ကျန်နေခဲ့သည့် တပ်မှူးများ၏ မိသားစုများ ကိုပါ စစ်အစိုးရက ဆက်လက်စည်းရုံးသည်။ တပ်မှူးတဦး၏ ဇနီးနှင့်သားကို ရန်ကုန်အထိ ခေါ်ယူ၊ အလည်အပတ်နေရာများကို လိုက်လံပို့ဆောင်၊ ကောင်းမွန်စွာ ကျွေးမွေးဧည့်ခံ၊ တမြို့လုံးလှည့်လည်ပြီး စီးပွားရေးလုပ်ငန်းများကို ပြသသည်။ ဘာလုပ်ငန်းလုပ်ချင်သလဲ၊ အရင်းအနှီးရအောင် အထက်လူကြီးများကို တင်ပြပေးမည်ဟု တတွတ်တွတ်ပြောကြသည်။ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင်သာ ကြီးပြင်းလာခဲ့သည့် (၁၂)သား အရွယ်မျှသာ ရှိသေးသော ကရင်ကလေးက ၎င်း၏ မိခင်အား အောက်ပါအတိုင်း ပြောကြားခဲ့သည်။
“မိုးမိုး၊ ဒီလူတွေက တအားကို သဘောကောင်းတယ်နော်။ သည်လူတွေက ကျွန်တော်တို့ ကရင်ရွာတွေကို ဖျက်ဆီး၊ မီးရှို့၊ မုဒိမ်းကျင့်၊ ကရင်လူမျိုးတွေကို သတ်ကြတယ် ဆိုတာ ကျွန်တော်တော့ မယုံဘူးဗျ။”
ဗိုလ်မှူးချုပ်ထိန်မောင် လက်ခံလိုက်တဲ့ စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောက်မှာ ကရင်လူထု ငြိမ်းချမ်းမှု ရရဲ့လား။
ဗိုလ်မှုးချုပ်ထိန်မောင် ဦးဆောင်ပြီး အပစ်ရပ်သွားခဲ့သည်မှာ ယနေ့ဆိုလျှင် ငါးနှစ်ကျော်လာခဲ့ပါပြီ။ လက်နက်များ ဆက်ကိုင်ခွင့် ရနေသဖြင့် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ မူနှင့်အညီ ကရင့်လက်နက် ကရင့်လက်ထဲတွင် ရှိနေသည်မှာ မှန်ပါ သည်။ ၎င်း၏ တပ်ဖွဲ့များ လွှမ်းမိုးထားရာ ကော့ကရိတ်မြို့နယ်အတွင်းတွင်လည်း စစ်ပွဲများ မဖြစ်တော့ပါ။ စစ်ပွဲများ မရှိတော့သ ဖြင့် ကရင်လူထုသည် အမှန်တကယ် ငြိမ်းချမ်းသွားပြီလား။ လေ့လာကြည့်ဖို့ လိုပါမည်။
စစ်အစိုးရက တပ်ရင်း အမှတ် ၅၄၆၊ ၅၄၇ နှင့် ၅၄၉ တို့ အခြေစိုက်တိုးချဲ့တည်ထောင်ရန်အတွက် ကော့ကရိတ်မြို့နယ် နဘူး တောင်ရွာတဝိုက်ရှိ လယ်ဧက တထောင်ကျော်အား သိမ်းယူခဲ့သည်။ ယင်းအပေါ် အသိမ်းခံ ကရင်လယ်သမားများက မကျေနပ် သဖြင့် ဆန့်ကျင်လှုပ်ရှားမှုတခု မကြာခင်က ဖြစ်ပွားခဲ့သည်။ လယ်သမား ရ၈ဦးကို ဦးဆောင်လျှက် ကော့ကရိတ်မြို့ပေါ်သို့ သွား ရောက်အရေးဆိုသူမှာ ဗိုလ်မှူးချုပ်ထိန်မောင်၏ ကေအဲန်ယူ ခွဲထွက်အဖွဲ့မှ ဒုတိယ ဗိုလ်မှုးကြီးစောဂျိုးဇက်နှင့် ၎င်း၏ ရဲဘော်များ ဖြစ်နေသည်။
လယ်မြေ အသိမ်းခံရသော ကရင်လယ်သမားများအနက် လယ်သူမကြီးဒေါ်ပွင့်ဖေါက အောက်ပါအတိုင်း ဖွင့်ဟသည်။ “ကျမတို့ မိသားစုရဲ့ လယ်မြေတွေကို အကုန်သိမ်းသွားပြီ။ ဘာတခုမှ မကျန်တော့ဘူး။ ဘာမှ လုပ်စားစရာ မရှိတော့ဘူး။ တပ်ရင်းမှူးဆီကို သွားပြီး တကွက်လောက် ပြန်ပေးပါလို့ တောင်းပန်တယ်။ တပ်ရင်းမှူးက ပြောတယ်။ နိုင်ငံတော်ပိုင်မြေတွေ ဖြစ်တယ်တဲ့။ နိုင်ငံ တော်မှာ သေနတ်ရှိတယ်၊ အာဏာရှိတယ်၊ အကုန်ယူလို့ရတယ်တဲ့။ နင်တို့ ကရင်တွေမှာ ဘာမှ လုပ်ပိုင်ခွင့် မရှိဘူးတဲ့။”
ဒေါ်ပွင့်ဖေါ အပါအဝင် လယ်သိမ်းခံရသော လယ်သမား ရ၈ဦး၏ မျက်နှာများကို ကြည့်လိုက်ရုံနှင့် ရှင်းရှင်းကြီးပေါ်နေသည်မှာ ကြီးမားသော ပူပင်သောက ဖြစ်သည်။ ၎င်းတို့သည် မငြိမ်းချမ်းနိုင်ပါ။ စစ်ပွဲများ မဖြစ်သော်လည်း လူထုသည် ငြိမ်းချမ်းရေး မရကြ ပါ။ ပူပင်သောကများသည် ကြီးမားစွာ တောက်လောင်ဆဲပင်။ ဤသည်မှာ အဘယ်ကြောင့်နည်း။
“နင်တို့ ကရင်တွေမှာ ဘာမှ လုပ်ပိုင်ခွင့် မရှိဘူး။” ရယ်လို ့စစ်အစိုးရရဲ့ တပ်ရင်းမှူးက ပြောလိုက်တဲ့စကားဟာ ကရင်အမျိုးသား တွေရဲ့ ရင်ထဲကို ဘယ်လောက်များ ထိခိုက်သွားပါမည်လဲ။ စင်စစ်အားဖြင့်မူ အဆိုပါ တပ်ရင်းမှူးပြောလိုက်သည့် စကားမှာ လက်တွေ့အရ အမှန်ဖြစ်နေဆဲပင်။ ကရင်အမျိုးသားတွေမှာ ဘာမှ လုပ်ပိုင်ခွင့် မရှိပါ။ စစ်အာဏာရှင်စနစ်၏ လွှမ်းမိုးမှုအောက် တွင် ကရင်အမျိုးသားတွေသာမက အခြားမည်သည့် တိုင်းရင်းသားလူမျိုးစုတွင်မျှ ဘာမှ လုပ်ပိုင်ခွင့်မရှိပါ။ တိုင်းရင်းသားလူမျိုးစု တခုခြင်းစီ ရသင့်ရထိုက်သည့် စုပေါင်း အခွင့်အရေးကို စစ်အစိုးရက ယနေ့အချိန်အထိ အခြေခံဥပဒေ၊ အခြားဥပဒေများနှင့်အ ညီ ဘာတခုမျှ မယ်မယ်ရရ အသိအမှတ်မပြုသေးပါ။
ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးချမှတ်ခဲ့သည့် နောက်ထပ်မူတခုဖြစ်သည့် “ကရင့်ကြမ္မာ ကရင်ဖန်တီးခွင့်ရရေး” ဟူသည်မှာ ယနေ့အထိ အိပ်မက်ပမာမျှသာ ဖြစ်နေပါသေးသည်။ “ကရင့်ကြမ္မာ ကရင်ဖန်တီးခွင့်” မရသေးပါဘဲလျှက် အပစ်ရပ် လိုက်သောအခါ ဗိုလ်မှူးချုပ်ထိန်မောင်နှင့်အဖွဲ့ ကိုင်ထားသည့်လက်နက်များမှာ တုတ်သာသာမျှသာ ဖြစ်လျှက်ရှိနေသည်။ ဗိုလ်မှူးချုပ်ထိန်မောင်နှင့်အဖွဲ့သည် ငြိမ်းချမ်းရေးကို မြတ်နိုးသည့်အပြင် ကရင်လူထု၏ အခွင့်အရေးများကို ခုခံကာကွယ် တိုက်ပွဲ ၀င်လိုသည့် စိတ်ဓါတ်၊ ဆန္ဒနှင့် ခံယူချက်တို့ရှိကြောင်း မည်သို့မျှ သံသယ မရှိပါ။ တတ်နိုင်သမျှ ကြိုးစားကြသည်ကိုလည်း အသိ အမှတ်ပြုပါသည်။ သို့ရာတွင် လျှှောက်သည့် လမ်းကြောင်းမှာမူ လွဲနေခဲ့ပြီဟု ပွင့်ပွင့်လင်းလင်း သုံးသပ်ရပါမည်။
(၅)နှစ် ကြာခဲ့ပြီဖြစ်သော်လည်း ကရင်ပြည်နယ်တွင်းရှိ ကရင်လူထုကြီးတရပ်လုံးအတွက် မယ်မယ်ရရ ဘာတခုမျှ လုပ်နိုင်ခဲ့ခြင်း မရှိပါ။ ကျောင်းကလေး နှစ်ကျောင်းမျှ တည်ထောင်၊ ဆေးပေးခန်းကလေးများကို အဖွဲ့အစည်းငွေကလေးနှင့် ပံ့ပိုးပေးခြင်းမှလွဲ၍ ကော့ကရိတ်မြို့နယ် တခုလုံးအတွင်းရှိ ကရင်လူထု အခွင့်အရေးများအတွက်ပင် ဖေါ်ဆောင်နိုင်ခြင်းမရှိပါ။
ငြိမ်းချမ်းရေးအတုအောက်တွင် အဖွဲ့အစည်းရပ်တည်ရေး အခက်အခဲများ။
ဗိုလ်မှူးချုပ်ထိန်မောင် ခေါင်းဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ သည်၂၀၀ရ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေးလုပ် ခဲ့ပြီးနောက် စစ်အစိုးရက နှစ်နှစ်ကျော်မျှ ဆန်ရိက္ခာ၊ အစားအသောက်၊ လူ့အသုံးအဆောင် ပစ္စည်းနှင့် ဆေးဝါးအချို့ ထောက်ပံ့ ခဲ့ကြောင်းနှင့် သွားရေးလာရေးအတွက်လည်း ကားသုံးလေးစီး ပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အဖွဲ့အနက် ဗိုလ်မှူးချုပ် ထိန်မောင်နှင့် တပ်တချို့အား ကော့ကရိတ်မြို့နယ်အတွင်းရှိ ထို့ကော်ကိုးဒေသတွင် နေခွင့်ပေးထားသည်။ ဗိုလ်မှုးရင်နုနှင့် တပ် တချို့မှာမူ ယခင် တပ်မဟာ(၇) ဌာနချုပ်ရှိရာ သူးမွေးနီတွင် ဆက်လက်နေထိုင်လျှက်ပင် ရှိသည်။ တောင်ယာခုတ်၊ လယ်လုပ်၊ အရောင်းအဝယ် လုပ်ခွင့်ပေးထားပြီး လက်နက်များကိုလည်း ဆက်လက် စွဲကိုင်ခွင့်ရထားသည်။ စီးပွားရေး လုပ်ငန်းကြီးကြီးမား မား လုပ်ခွင့်ရသည်ကိုတော့ မတွေ့ရပါ။
အဖွဲ့အစည်းရပ်တည်ရေးအတွက် ကြီးမားသော အခက်အခဲ စတင်တွေ့ခဲ့သည်မှာ ၂၀၁၀ခုနှစ်၌ စစ်အစိုးရက နယ်ခြားစောင့် တပ်ဖွဲ့စည်းရန် သွေးဆောင်၊ ဖိအားပေးလာသည့်အချိန်တွင် ဖြစ်သည်။ စစ်အစိုးရ၏ ဗိုလ်ချုပ်များက ထို့ကော်ကိုးသို့ အရောက် လာပြီး ရှင်းပြသည့်အပြင် ဗိုလ်မှူးချုပ်ထိန်မောင်အား ရန်ကုန်နှင့် နေပြည်တော်သို့ပါ ဖိတ်ခေါ်ကာ အကြိမ်ကြိမ် စည်းရုံးကြသည်။ စည်းရုံးသည့်အကြိမ်တိုင်းတွင်လည်း ဗိုလ်မှူးချုပ်ထိန်မောင်က ခေါင်းခါခဲ့သည်ချည်းဖြစ်သည်။
စစ်အစိုးရ၏ ဗိုလ်ချုပ်များက ထို့ကော်ကိုးသို့ ငွေအိပ်ကြီးများကိုပါ ယူလာပြီး နယ်ခြားစောင့်တပ်ဖွဲ့မည်ဟု သဘောတူပါက ဤငွေထုပ်ကြီးများထဲတွင် ပါသည့်ငွေများသာမက နောက်ထပ် ကြိုက်သလောက်တောင်းပါ ပေးပါ့မည်ဟု ဆွဲဆောင်ခဲ့ကြ သည်။ ဗိုလ်မှူးချုပ်ထိန်မောင်က ခေါင်းခါမြဲ ခေါင်းခါခဲ့သည်။ ချော့၍မရသောအခါ ခြိမ်းခြောက်သည့်လေသံများ ပါလာသည်။
ဗိုလ်မှူးချုပ်ထိန်မောင်မှာ အသက် ၈၄နှစ်မျှရှိပြီဖြစ်သော စစ်သားအိုကြီး ဖြစ်ပါသည်။ စစ်ပြန်တိုက်ရန် အဘယ်မှာလျှင် တတ်နိုင် ပါတော့အံ့နည်း။ သို့ရာတွင် နယ်ခြားစောင့်တပ်ဖွဲ့ခြင်းအားဖြင့် စစ်အစိုးရ ခိုင်းတာလုပ်ရမည့် ဘဝကိုတော့ အရောက်မခံ ဟူသောစိတ်ဓါတ်ကို ခိုင်ခိုင်ကျည်ကျည် ဆုပ်ကိုင်ခဲ့သည်။ နောက်ဆုံးတွင် ဗိုလ်မှူးချုပ်ထိန်မောင်သာမက ၎င်း၏ဇနီးဖြစ်သူ မူးဂါးပယ်(နော်မရိုင်းရယ်)ကပါ စကားတခွန်းကို ပြောရင်း အပြတ်သားဆုံး တုန့်ပြန်လိုက်သည်ဟု သိရသည်။
“အဖွဲ့အစည်းမှာ ကျုပ်ခေါင်းဆောင်နေသမျှတော့ နယ်ခြားစောင့်တပ်ဖွဲ့တာကို လက်မခံနိုင်ဘူး။ ကျုပ်မှာ တာဝန်ရှိနေလို့ ဖြစ် တယ်။ ကျုပ်လဲ အသက်ကြီးပြီ။ ဒီတော့ ကျုပ်ကို အရင်သတ်ပြီးမှ၊ ကျုပ်မှာ တာဝန်မရှိတော့တဲ့အခါကျမှ ကျန်တဲ့ခေါင်းဆောင် တွေနဲ့ဆွေးနွေးပါ။”
မူးဂါးပယ်ကလည်း “ကျမ ယောကျ်ားကိုသတ်ရင် ကျမကိုလည်း သတ်ပါ။ ကျမတို့လင်မယားနှစ်ယောက်လုံးကို သတ်ပြီးမှ နယ် ခြားစောင့်တပ် လုပ်ပါ”ဟု ခိုင်ခိုင်မာမာရပ်တည် ပြောဆိုပေးသည်။ ထိုအခါကျမှ ဗိုလ်ချုပ်များ လက်လျှော့၍ ပြန်သွားကြသည်။
စစ်အာဏာရှင်များသည် ရက်စက်ကြသည်။ ငြိမ်းချမ်းရေးအတွက် ရိုးရိုးသားသား မျှော်ကိုးကာ မိမိတို့နှင့် လက်တွဲလာသော ကရင်ဗိုလ်ချုပ်အဖိုးအိုကြီး၏ စေတနာကို စော်ကားကြသည်။ ကရင်လူထု၏ အခွင့်အရေးအတွက် နိုင်ငံရေးအရ တရားဝင် ဆွေး နွေးမှု ဘာတခုမှမပြု။ ကရင်ဗိုလ်ချုပ်အဖိုးအိုကြီးနှင့် အဖွဲ့ကျေနပ်အောင် နှစ်သိမ့်သည့်အနေဖြင့် လက်နက်ကိုင်ခွင့်နှင့် ချောင်တ ချောင်မှာ လုပ်ကိုင်စားသောက်ခွင့်သာ ပေးထားလိုက်သည်။
ဗိုလ်မှူးချုပ်ထိန်မောင်သည် ထိုမှနောက်ပိုင်းတွင် အတော်ပင် စိတ်ထိခိုက်ခံစားရကြောင်း ကြားရသည်။
ထမင်းကောင်းကောင်း မစားနိုင်ခဲ့သည့်ရက်များ အတော်ကြာခဲ့သည်။ ယခင်က စစ်အစိုးရ၏ ဗို်လ်ချုပ်များအနက် ဗိုလ်ချုပ်ရဲမြင့် ဆိုသူမှာ ထို့ကော်ကိုးသို့ မကြာခဏရောက်လာလေ့ရှိပြီး ဗိုလ်မှူးချုပ်ထိန်မောင်နှင့် မိသားစုသဘွယ် ရင်းနှီးကျွမ်းဝင်အောင် လုပ် နိုင်ခဲ့သူ ဖြစ်သည်။ ဆက်ဆံရေး ကောင်းခဲ့စဉ်က ဗိုလ်ချုပ်ရဲမြင့်နှင့် ဗိုလ်မှူးချုပ်ထိန်မောင်တို့နှစ်ဦး တွဲရိုက်ထားသည့် ဓါတ်ပုံကို ဗိုလ်မှူးချုပ်ထိန်မောင်၏ အိမ်နံရံတွင် တခမ်းတနား ချိတ်ထားခဲ့သည်။ နယ်ခြားစောင့်တပ် ပြဿနာတက်ပြီးနောက် တရက်တွင် ၎င်းဓါတ်ပုံ၌ ဗိုလ်ချုပ်ရဲမြင့်၏ မျက်လုံးကို ဘောပင်နှင့် ထိုးဖေါက် ကုတ်ခြစ်ထားသည်များကို တွေ့ရသဖြင့် အိမ်သားများက စိုးရိမ်တကြီးနှင့် “ဒါ ဘယ်သူလုပ်တာလဲ”ဟု မေး ကြသည်။ “ငါလုပ်တာ” ဟု ဗိုလ်မှူးချုပ်ထိန်မောင်ကဖြေကြောင်း သိရသည်။ စစ်အစိုးရ၏ ငြိမ်းချမ်းရေးအတုအောက်တွင် လိုက်ပါခဲ့မိသည့် ကရင်အမျိုးသားဗိုလ်ချုပ်အိုကြီး ကိုယ်တိုင်ခမျာမှာ မငြိမ်းချမ်းနိုင် ရှာပါ။
နယ်ခြားစောင့်တပ်ဖွဲ့ရေးကို ဗိုလ်မှုးချုပ်ထိန်မောင်နှင့်အဖွဲ့က ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပြီးနောက် အစိုးရသည် ယနေ့အ ချိန် မည်သည့်ရုပ်ဝတ္ထုပစ္စည်း အထောက်အပံ့မျှ မပေးတော့ကြောင်းသိရသည်။ မြဝတီမှ ဖါးအံသို့သွားသည့် လမ်းကိုပင် အသုံး ပြုခွင့် မပေးတော့သဖြင့် ဗိုလ်မှူးချုပ်ထိန်မောင်ရှိရာ ထို့ကော်ကိုးမှ ဖါးအံသို့အရောက် ကိုယ့်ဖာသာကိုယ် လမ်းဖေါက်၊ အရောင်း အဝယ်ကလေးများလုပ်၊ လယ်လုပ်၊ မွေးမြူရေး၊ သစ် စသည်များလုပ်ရင်း လုပ်ကိုင် စားသောက်နေကြကြောင်း ကြားသိရသည်။
နိဂုံး
ကရင်အမျိုးသားအစည်းအရုံးအတွင်း စည်းရုံးရေးပြဿနာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဟူသည့်ခေါင်းစဉ်ဖြင့် စာရေးသူ၏ ဆောင်းပါးများအား ဤတွင် တခန်းရပ်ပါမည်။ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအားဖြစ်စေ၊ ထာဝရ ငြိမ်းချမ်းရေးဟူသည်ကို တက်ကြွစွာ ကြွေးကျော်လျှက် ပြေးလွှားလုပ်ဆောင်နေသော ၀န်ကြီးဦးအောင်မင်းနှင့် အခြားဝန်ကြီးများအားဖြစ်စေ မည်သည့် အာဃာတနှင့် ပုတ်ခတ်တိုက်ခိုက်ရေးသားနေခြင်း မဟုတ်ပါ။ အမှန်ကို အမှန်အတိုင်း ဖေါ်ထုတ် ရေးသားနေခြင်းသာ ဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသည်ဟု ဆိုပါက ကိုယ့်အမျိုးသားရေးအတွက် ယုံကြည်ချက်ဖြင့် ရိုးရိုးသား သား တိုက်ပွဲဝင်လျှက်ရှိကြသော တိုင်းရင်းသား တော်လှန်ရေးအင်အားစုများကို မှန်မှန်ကန်ကန်ချည်းကပ်သင့်ပါသည်။
ဗိုလ်မှုးချုပ်ထိန်မောင်နှင့်အဖွဲ့၏ သာဓကကို သုံးသပ်မည်ဆိုလျှင် နိုင်ငံရေး အမြင်ရှိသော၊ အဖိနှိပ်ခံလူထုဘက်မှ ရပ်လိုသော တိုင်းရင်းသားများသည် အသေသာခံသွားမည် ၎င်းတို့၏ လက်နက်ကို မစွန့်လိုကြကြောင်း တွေ့ရသည်။ ၎င်းတို့လူထု ရထိုက် သည့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို ကာကွယ်သွားရန် ၎င်းတို့၏ လက်နက်ကိုင်တပ်မ တော်ကို တည်ရှိစေလိုသည်။ သို့ဖြစ်၍ ဤသည်ကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုသည် ဆိုပါက ဦးသိန်းစိန်အစိုးရ လက်ရှိ ကိုင်စွဲထား သော တပ်မတော် တရပ်တည်းမူကို စွန့်လွှတ်၍ ပြည်ထောင်စု တပ်မတော်တရပ်ကို မည်ကဲ့သို့ ထူထောင်မည် ဟူသည်ကို အမြန်ဆုံး စတင်ဆွေးနွေးကြဘို ့လိုပါသည်။
ဥပဒေ ပြဿနာကိုလည်း ထောက်ပြလိုသည်။ ပြည်ထောင်စု တပ်မတော်၏ အစိပ်အပိုင်းအဖြစ် တရားဝင် အသိအမှတ် မပြုဘဲ ဗိုလ်မှုးချုပ်ထိန်မောင်နှင့်အဖွဲ့အား ရပ်တည်ခွင့်ပေးထားခြင်းမှာ မည်သည့်တည် ဆဲဥပဒေနှင့်မျှ မညီပါ။ သည်အတိုင်းထား၍ မရ ပါ။ သို့ဖြစ်၍ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကို သဘောတူလျှင် ဥပဒေတရပ်ကို အသစ်ပြဌာန်း ရပါမည်။ ဦးသိန်းစိန် အစိုးရသည် “သေနတ်မပေါက်ရေးနှင့် စစ်မတိုက်ရေး” ကိုသာ ပန်းတိုင်ထား၍ ထာဝရငြိမ်းချမ်းရေးရှာဖွေသည့် လမ်းစဉ်ကို စွန့်လွှတ်ဘို ့လိုပါသည်။”
တချိန်တည်းတွင် ဗိုလ်မှူးချုပ်ထိန်မောင် ဦးဆောင် လုပ်သွားသကဲ့သို့ ငြိမ်းချမ်းရေးဟူသည်ကို ကြွေးကြော်လျှက် မိခင် ကေအဲန် ယူမှ ခွဲထွက်ပြီး သီးခြားအဖွဲ့တရပ်တည်ထောင် လှုပ်ရှားခြင်းမျိုး မလုပ်သင့်ပါ။ ဤကဲ့သို့သောဖြစ်ရပ်မျိုးမှာ ဆက်လက် ပေါ်ပေါက်နေမည်ဆိုလျှင် ကရင်လူထုအတွက်ကိုယ့်ကြမ္မာကိုယ်ဖန် တည်းခွင့်မရုံသာမက တပြည်လုံး စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက်လည်း မည်သို့မျှ အထောက်အကူ မပြုနိုင်ပါ။ ဤကဲ့သို့ နိုင်ငံရေးအရ အရေးကြီးသည့်အချိန်တွင် ပြန် ပေါင်းထုတ်သင့်ကြပြီး ကရင်အမျိုးသား အစည်းအရုံးကြီး၏ ညီညွှတ်မှုအင်အားကို ပြန်လည်ပြသနိုင်မည်ဆိုလျှင် အခြားတိုင်း ရင်းသား တော်လှန်ရေးအဖွဲ့များကိုပါ ရိုက်ခတ်ပါမည်။ နိုင်ငံရေး အင်အားကြီး ဖြစ်လာနိုင်ပါမည်။ သို့မှသာ စစ်မှန်ပြီး တန်းတူ သော နိုင်ငံရေးဆွေးနွေးပွဲများ ရှိလာပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဖြင့် သာယာဝပြောသည့်ပြည်ထောင်စုကြီး တရပ်ပေါ်ပေါက်လာစေရန် ရည်သန်ရင်း ဤတွင် နိဂုံးချုပ်ပါသည်။
အောင်ထူး (ရှေ့နေ)
အောက်တိုဘာလ (၁၈)ရက်၊ ၂၀၁၂ခုနှစ်။