ပြီးခဲ့သော ဇူလိုင် ၂၅ရက်နေ့က တစ်ကြိမ်၊ သြဂုတ် လ ၁၂ရက်နေ့က တစ်ကြိမ် စစ်အုပ်စု ၀န်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တစ်လ မပြည့်မီ ၂ကြိမ် တွေ့ဆုံသည့်သတင်းများထွက်ပေါ် လာသည်နှင့်
(၁)
ပြီးခဲ့သော ဇူလိုင် ၂၅ရက်နေ့က တစ်ကြိမ်၊ သြဂုတ်လ ၁၂ရက်နေ့က တစ်ကြိမ် စစ်အုပ်စု ၀န်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တစ်လမပြည့်မီ ၂ကြိမ် တွေ့ဆုံသည့်သတင်းများ ထွက်ပေါ် လာသည်နှင့် မရှေးမနှောင်းဆိုသလိုပင် ထိုသို့ တွေ့ဆုံမှုအပေါ် ပြည်တွင်းပြည်ပ နိုင်ငံရေး သမားများထံမှ သဘောထား အမြင်အမျိုးမျိုး ကြားလာရသည်။ စစ်အုပ်စုအ ပေါ် စန်ရှင်လုပ် စီးပွားရေး ပိတ်ဆို့ထားသည့် အမေရိကန်လို နိုင်ငံကြီးက ထိုသို့ တွေ့ဆုံမှုများကို ကြိုဆိုကြောင်း ဗွေဆော်ဦးကြေညာ လိုက်ရာနောက်မှ လိုက်၍ ကြိုဆိုသူများလည်း အတော်ကလေး ရှိလာခဲ့သည်။ အချို့ကတော့သတိကြီး စွာထားပြီး ကြိုဆိုရမည်ဖြစ်ကြောင်း၊ ခြွင်းချက်ဖြင့် ကြိုဆိုကာ မျက်ခြည်မပြတ်စောင့်ကြည့်ရမည်ဖြစ် ကြောင်း ပြောကြသည်။
စစ်အုပ်စုက တိုင်းရင်းသားတွေနှင့် ဖြစ်ပွားနေသော စစ်ပွဲအပေါ် လူထုအာရုံစိုက်မှု လျော့ပါးစေရေး၊ ဒီမိုကရေစီရေး ဘက်ကို ပြုပြင်ပြောင်းလဲမှုများ လုပ်သလိုလို ကာလအတန်ကြာ ပိတ်နေသောလမ်းကို ရုတ်တရက် ဖွင့်ပေးသလိုလို ပုံစံမျိုး လုပ်လာခြင်းဖြစ်ပြီး တိုင်းရင်းသားအုပ်စုတွေနှင့် ၎င်းတို့ဖြစ်နေသော စစ်ပွဲအတွင်း ဓာတုလက်နက် အသုံးပြုနေမှုများကို လူထု နှင့် ကမ္ဘာ့နိုင်ငံတွေက မဟန့်တားနိုင်ရအောင်၊ တိုင်းရင်းသားတွေနှင့် ပြည်တွင်းစစ် ဖြစ်နေဆဲမှာပင် နိုင်ငံနှင့်အဝှမ်း လူထုအုံကြွ မှုကြီး မပေါ်ပေါက်လာ ရအောင်၊ လူထုကို စောင့်စားမျှော်လင့်စရာ အိပ်မက်များပေးပြီး အချိန်ဆွဲလိုက်ခြင်းသာ ဖြစ်သည်ဟု မြင်သူများလည်း အများအပြား ရှိလေသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီး ဦးအောင်ကြည်တို့ ဆွေးနွေးရာတွင် နှစ်ဘက် လက်တွဲ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပဋိပက္ခအသွင်ကို ရှောင်ရှားကာ အပြန်အလှန် ကူညီသည့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို ဦးတည်ချက်ထားပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲများ ကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း စကားလုံးလှလှကလေးတွေ ရွေးချယ်သုံးနှုန်းတတ်သော စစ်အုပ်စုဝင်တို့၏ အစဉ်အလာကို သိနားလည်လာကြသည့် တိုင်းရင်းသား ပြည်သူလူထုအတွက်မှာမူ ထိုကြေညာချက်များအ ပေါ် မျက်စိမှိတ် ယုံကြည်နိုင်ကြလိမ့်မည် မဟုတ်ချေ။
သတင်းစာ မျက်နှာဖုံး ကျောဖုံးများမှ ပြည်သူ့သဘောထားတွေ၊ ပြည်ပအသံလွှင့်ဌာနများကို ဝေဖန် ပုတ်ခတ်မှုတွေ၊ ဆန့်ကျင်ဘက် ဒီမိုကရက်တစ်အဖွဲ့များနှင့် တိုင်းရင်းသား အဖွဲ့အစည်းများအပေါ် ဆဲရေးသော ဆောင်းပါးတွေ လျော့သွား တာကတော့ အနည်းငယ် ကျေနပ်ဖွယ် ဖြစ်သည်။သတင်းစာများ တွင် အချို့ဆောင်ပုဒ်များ လုံးဝ မထည့်ဘဲ ဖြုတ်ချထားတာ တွေကို ကြည့်ပြီး ၎င်းတို့ကို သဘောထား ပြောင်းလာပြီဟု ယုံစား၍ မရ။ ၎င်းတို့ အမြဲတမ်း တိုက်ခိုက်ပုတ်ခတ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို သာမက အခက်အခဲ အဟန့်အတားများ ကြားမှနေ၍ အများကောင်းကျိုး ဆက်လက် လုပ်ဆောင်နေ သော နာရေးကူညီမှုအသင်းကို နေပြည်တော်သို့ ဖိတ်ကြားခြင်း အပါအဝင် အနည်းငယ်မျှသောအပြောင်းအလဲ ကလေးများကို ကြည့်ကာ ၎င်းတို့အား ဒီမိုကရေစီရေးဘက်သို့ ဦးတည်လာနေပြီဟုလည်း တွက်ဆ၍ မရနိုင်ချေ။ ဒေါ်အောင်ဆန်းစုကြည်၏ အဆိုကို သတိရဖွယ် ဖြစ်သည်။
“ဤမျှ ဖိနှိပ်ချုပ်ချယ်သော အစိုးရက ဒီမိုကရေစီ တကယ်ပေးမည်လားဟု စိုးရိမ်ကြောင့်ကျစွာ မကြာခဏ မေးခွန်း ထုတ်ကြပါသည်။ အဖြေသည်ကား အခြားသော လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေး၊ တရားမျှတရေး၊ လွတ်လပ်ရေးများ ကဲ့သို့ပင် ဒီမိုကရေစီကို ပေးသည်ဟူ၍ မရှိတတ်။ စွမ်းရည်သတ္တိ ကြံ့ခိုင်မှု၊ အနစ်နာခံမှုတို့ဖြင့် ရင်း၍ ရယူရမည် ဖြစ်ပါသည်။”
(ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရေစီ ရှာပုံတော်)
(၂)
ဒေါ်အောင်ဆန်းစုကြည်က ကိုယ်ဖြစ်စေချင်တာကို ကိုယ်ကိုယ်တိုင် ကြိုးစားပြီး ဖြစ်အောင်လုပ်ကြဖို့ လူငယ်တွေကို မကြာခဏ တိုက်တွန်းသည်။ ပြည်သူတွေ ဘာဖြစ်ချင်နေကြသလဲ။ ဘာတွေကို မျှော်မှန်း တောင်းတနေကြသလဲ။ မိမိတို့ တကယ် ဖြစ်စေချင်သည့် အခြေအနေမျိုး ပေါ်ပေါက်ဖို့ရန်အတွက် မိမိတို့ကိုယ်တိုင် တကယ်တမ်း အားထုတ်လုပ်ကိုင်ကြရမည် ဖြစ်၏။ မည်သူ့ကိုမျှ အားကိုးနေရစရာ မရှိ။ ဦးဆောင်ဦးရွက်ပြုသူအနေဖြင့် နေရာတကာ ၀င်ပြောနေ၍ မရ။ ပြည်သူလူထု ကိုယ်တိုင်ပင် မိမိတို့ ကြံုလာရသည့် အခြေအနေများအပေါ် တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင် စေတနာရှေ့ထား လုပ်ဆောင်ကြမည် ဖြစ်၏။
ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအမှန်ကို ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး အပါအဝင် နိုဗယ်ဆုရ ဆောင်းပါး များစွာတွင် တွေ့ရှိနိုင်မည် ဖြစ်သည်။ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး ဆောင်းပါးတွင်ပင် ၁၉၈၈ အရေးတော်ပုံနှင့် ပတ်သက် ၍ လူထု၏စိတ်တွင်း ဖြစ်ပေါ်လာသော အုံကြွလိုမှုနှင့် မောင်သာယာ၏ ကဗျာတပိုဒ်ကို အောက်ပါအတိုင်း ကိုးကားဖော်ပြထား သည်ကို တွေ့ရသည်။
… အာဏာရှင်တို့ လက်ခုပ်ထဲမှ ရေကဲ့သို့ မလှုပ်နိုင် မရှားနိုင် စိုးရိမ်ကြောက်ရွံ့နေရသော မလုံခြံုသော ဘဝကို မြန်မာပြည်သူ ပြည်သားတို့ ငြီးငွေ့လာကြပါသည်။
လက်ခုပ်ထဲက
ရေဘဝမို့
ငါတို့ အေးမြရသော်လည်း …
လက်ခုပ်ထဲက
ဖန်ကွဲစတွေ
ငါတို့ ဖြစ်လိုက်ချင်ပါဘိ
(မောင်သာယာ၏ “တော်လှန်ရေးဆိုတာ”မှ)
အသေးငယ်ဆုံးသော ဖန်စကလေးများသည်ပင်လျှင် ၎င်းတို့၏ စူးရှချွန်ထက် ပြောင်လက်သော စွမ်းအင် ဖြင့် ၎င်းတို့ အား ချေမှုန်းမည့် လက်တို့အန္တရာယ်မှ ၎င်းတို့ကိုယ်၎င်းတို့ ကာကွယ်နိုင်စွမ်းရှိခြင်းသည် ဖိနှိပ်ချုပ်ချယ်မှုအောက်မှ လွတ် မြောက်ရန် ကြိုးစားနေသူများ၏ အရင်းအနှစ်ဖြစ်သော သူရသတ္တိ၏ ထင်ရှားသော သင်္ကေတများ ဖြစ်သည်ဟု ယူဆနိုင်ပါ သည်။
(ဒေါ်အောင်ဆန်းစုကြည်၊ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး)
ပြည်သူလူထုသည် စစ်အုပ်စုပြုတိုင်း နုနေရမည့်သူတွေ မဟုတ်။ ပြန်လည် အံတု အာခံလျက် တန်ပြန် ဒုက္ခပေးနိုင် မည့်သူတွေ ဖြစ်ရမည်ဟူသောသဘောဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။ ဤသဘောထားသည် အရှုံးပေး အညံ့ခံသော သဘော ထား မဟုတ်ချေ။ သို့ရာတွင် အကြမ်းမဖက် ဆန့်ကျင်ရေးမူကို ကိုင်စွဲလိုက် သည့်နောက်ပိုင်း နေအိမ်အကျယ်ချုပ်ဖြင့် အထိန်း သိမ်းခံခဲ့ရပြီး ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုပါ လျစ်လျူရှုခြင်း ခံလိုက်ရသည့်အခါမှာတော့ သူမ၏ စစ်အုပ်စု ဆန့်ကျင်ရေးတိုက်ပွဲအရှိန်သည် လည်း တစတစ လျော့ပါးသွားခဲ့ရလေသည်။
ရှေ့က ဖြစ်ပျက်ခဲ့ဘူးသော သမိုင်းကြောင်းများမှနေ၍ သင်္ခန်းစာယူကြရမည် ဖြစ်သည်။ ရန်သူ့အလိမ်ခံ မထိဖို့ရန် အထူးပင် လိုအပ်၏။ မည်သည့်အခါကမျှ တိုင်းရင်းသား ပြည်သူလူထုအပေါ် စိတ်စေတနာကောင်း မထားရှိသော အရေခြံုတို့ ၏စကားကို ယုံကြည်ရန် အကြောင်းမရှိချေ။ ဗမာပြည် စစ်အုပ်စု ဘယ်လိုလူစားတွေလဲဆိုသည်မှာ သမိုင်းကြောင်းရှိထားပြီး ဖြစ်၏။
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးဟောင်းတင်အေးက ၂၁၁၀ခုနှစ် ရွေးကောက်ပွဲဝင် ပါတီကိုယ်စား လှယ်များအား ခေါ်ယူတွေ့ဆုံပြီး အဲန်အယ်လ်ဒီသည် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲမှာ တရားဝင် အနိုင်ရရှိခဲ့သော်လည်း တာဝန် ရှိသူများကို လက်စားချေမည်၊ စွဲချက်တင်မည်ဟု ဆိုသည့် အတွက် တပ်မတော်အစိုးရက အာဏာမလွဲပေးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ အမှန်တရားကို ရင်မဆိုင်ရဲ၊ အပြစ်ကို ၀န်ချ တောင်းပန်မှုမပြုရဲ၊ ပြည်သူတို့၏ တရားခွင်ကို မတွေ့ကြံုလိုရဲသော စစ်အုပ်စု၏အထာကို အတော်ကလေး ညက်လာပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်မှာ ထိုကိစ္စနှင့် ပတ်သက်၍ စစ်အစိုးရကို စွဲချက်တင်မယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးပါ ဟူသောစကားကိုသာ တွင်တွင်သုံး၍ နေလေသည်။
(၃)
စစ်အုပ်စုက ဒေါ်အောင်ဆန်းကြည်နှင့် တွေ့သည့်ကိစ္စ၊ တိုင်းရင်းသားတွေနှင့် ဆွေးနွေးမည်ဟုကြေညာ သည့်ကိစ္စ၊ ပြည်ပရောက် အတိုက်အခံ ဆန့်ကျင်ဘက် အင်အားစုများကို ပြန်လာလိုက ပြန်လာနိုင်သည်ဟု ခေါ်ယူသည့်ကိစ္စ၊ အုပ်ချုပ် ရေး တရားစီရင်ရေးကဏ္ဍများကို သမ္မတ ဖြစ်စတုန်းက ကတိပေးထားသည့် အတိုင်း အကောင်အထည်ဖော်နေကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံသူများအားု လက်ခံလာအောင် ကြိုးစားစည်းရုံးနေကြောင်း ပြောဆိုသည့်ကိစ္စများ မှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ ရေးကို အထောက်အကူပြုသည့် ခြေလှမ်းများ မဟုတ်ချေ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား နည်းနည်းကလေးမျှ ပြင်ဆင်ခွင့်မပေးဘဲ ၎င်းတို့ရေးဆွဲထားတာသာ အမှန်ဖြစ် ကြောင်း နာဂစ်တုန်းက အဓမ္မ ကောက်ခံခဲ့သလိုမျိုး အများဆန္ဒအရ ဆိုကာ ဇွတ်အတင်း ထပ်ဆင့် အတည်ပြုကြဦးမည့်သူ တွေ ဖြစ်၏။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံသာ ခိုင်ခိုင်မာမာ ဖြစ်သွားပါက ဗမာပြည်မှာ စစ်မှန်သော ဒီမိုကရေစီနှင့် ဝေးသည်ထက် ဝေးသွားတော့မည် ဖြစ်လေသည်။
တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်လိုက်သည့် ကြေညာချက်မှာ ယခင် တွေ့ဆုံမှုများ အတွင်း စစ် တပ်က နိုင်ငံရေးမလုပ်၊ နိုင်ငံရေးကိစ္စများကို နောက်တက်လာမည့် အစိုးရနှင့်သာ ဆွေးနွေးရန် ပြောဆိုခဲ့သည့် စကား၏အ ဆက် ဖြစ်သည်။ သို့ရာတွင် လက်ရှိ တက်လာသည့် အစိုးရမှာ အရေခြံုအစိုး ရဖြစ်ပြီး ၎င်းတို့၏ မူလဇာတိအမှန်မှာ စစ်အုပ်စုပင် ဖြစ်လေသည်။ ဤအစိုးရသည် စစ်အုပ်စု၏လက်ကိုင် တုတ်အစိုးရမဟုတ်။ စစ်အုပ်စုဝင်များ ကိုယ်တိုင် အသွင်ပြောင်းထား သည့် အရပ်သားအရေခြံုစစ်အစိုး ရသာ ဖြစ်လေသည်။ ထိုအစိုးရက ခေါ်ယူသည့် တွေ့ဆုံဆွေးနွေးရေးမှာလည်း ယခင်အ ခေါက်များက စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အခြေအနေထက် မည်သို့မျှ တိုးတက်ပြောင်းလဲမှု ဖြစ်လာနိုင်မည် မဟုတ် ကြောင်း တိုင်းရင်းသား အဖွဲ့အစည်းများက သဘောပေါက် သိမြင်ထားကြပြီး ဖြစ်၏။
သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိစ္စမှာ တိုင်းရင်းသားတို့ ကာလကြာမြင့်စွာကပင် လိုလိုလားလား တောင်းဆိုလာခဲ့ သည့် ကိစ္စဖြစ်သည်။ စစ်အုပ်စုက တကြိမ်တခါမျှပင် သုံးဦးသုံးဖလှယ် လက်ခံတွေ့ဆုံမှု မပြုခဲ့။ ယခုတော့ ၎င်းတို့ ရင်မဆိုင်ရဲ သော တွေ့ဆုံဆွေးနွေးမှုမျိုးကို ရှောင်ရှားနိုင်ရန်အတွက် ၎င်းတို့ တွေ့ဆုံလိုသည့် ပုံစံအတိုင်း ခွဲထုတ် ဆွေးနွေးမှုများကို ဖန် တီးလုပ်ဆောင်လာကြပြီ ဖြစ်သည်။ သူတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့သားပဲ၊ သူတို့ကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့သားပဲဟု ကမ္ဘာ ကို ပြောကြားနိုင်ရန် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံကြီးများ၏ ဖိအားပေး နှိုးဆော်မှုနှင့် စန်ရှင်ကို ဆင်ခြေပေး ရှောင်တိမ်းနိုင်ရန် ဖြစ်၏။ အင်အား ချိန်ခွင်လျှာ မညီဘဲ တွေ့ဆုံဆွေးနွေးမှုမှာ မည်သည့်ရလဒ်ကောင်းမျှ ထွက်နိုင်လိမ့်မည် မဟုတ်ချေ။ အင်အားကြီးသူ ကသာ အထက်စီးယူကာ ဆွေးနွေးလိမ့်မည် ဖြစ်သည်။
ဆွေးနွေးပွဲမှာ သူ့ဘက်ကိုယ့်ဘက် ဘက် ၂ဘက်၏ စေတနာ သဘောထားများပေါ်တွင် တည်မှီနေမည် ဖြစ်သည်။ အဲန်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးမှုများမှာ တိုင်းပြည်အကျိုးရှိဖို့၊ တိုင်းရင်းသား ပြည်သူလူထု အကျိုးဖြစ် ထွန်းစေဖို့ စေတနာထား ပြောဆိုမည်ဖြစ်ကြောင်း သံသယရှိဖွယ် မလိုသော်လည်း စစ်အုပ်စုနှင့် ပတ်သက်၍မူ စစ်မှန် မျှတ လွတ်လပ် ပွင့်လင်းသော ဆွေးနွေးပွဲမျိုးကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ဖွယ် မရှိချေ။
ဆွေးနွေးပွဲမှ ရလဒ်ကောင်းများ ရမရ၊ ရနိုင် မရနိုင်၊ မည်သူမျှ မသိကြရ။ အရိပ်အယောင်မျှပင် ထုတ်ပြန်ကြေညာမှု မပြုကြ။ မဆွေးနွေးတော့ဘဲ ရပ်ပစ်လိုက်မည်ကိုစိုး၍ အလွန်သိမ်မွေ့တဲ့ အခြေ အနေမှာ ရောက်နေလို့ စိတ်ရှည်ရှည်နဲ့ သည်းခံ ပြီး စောင့်ဆိုင်း ကြည့်ရှုပါဟု ဆိုသူတွေက ဆိုနေကြ၏။ မည်သို့သော အကြောင်းအရာများကို သဘောတူညီချက် ရရှိပြီး မည် သည့်အချက်တွေ ကိုတော့ သဘောမတူနိုင်သေးဘဲ ဖြစ်နေကြောင်းလည်း မသိရ။ မတူတာတွေကို ဖယ်ထားကာ တူတာတွေ အတူပူးပေါင်းလုပ်ဆောင်ကြမည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍လည်း မည်သို့သော အခြေအနေရောက်ရှိ နေကြောင်း အစ အနမျှပင် မကြားရ။ နှစ်ဦးနှစ်ဘက် ဆွေးနွေးပွဲ၏ ရလဒ်ကို မထုတ်ပြန်သော်ငြား ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အောက် ဆင့်ကသာ အထက်ကိုလှန်၍ ဆွေးနွေးခဲ့ရမည်ဖြစ်ကြောင်းမှာမူ သံသယ ရှိစရာမလိုသော ကိစ္စ ဖြစ်လေသည်။
ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးသည် အမှန်တကယ်ပင် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ပါမည်လား။ ပြီးပြည့်စုံ သော ငြိမ်းချမ်းရေး မဟုတ်သည့်တိုင် တိုင်းရင်းသား ပြည်သူလူထုအတွက် အာမခံချက်နှင့် တန်းတူ အခွင့်အရေး အပြည့်အဝရှိ သော ငြိမ်းချမ်းရေး ဖြစ်နိုင်ပါမည်လား။
စစ်အုပ်စုလက်အောက်၊ စစ်အုပ်စုနှင့် အပေးအယူ အလျှော့အတင်းလုပ်ကာ ဆွေးနွေးညှိနှိုင်းပြီး ရရှိလာသော ဒီမိုက ရေစီသည် မည်သို့သော ဒီမိုကရေစီမျိုး ဖြစ်မည်နည်း။ ၁၉၆၂၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆၊ ၁၉၈၈၊ ၂၀၀၇ ကျောင်းသားသံဃာ ပြည် သူလူထု လှုပ်ရှားမှုများမှ မျှော်မှန်းတောင်းဆိုခဲ့ကြသော ဒီမိုကရေစီ သည် မည်သို့သော ဒီမိုကရေစီမျိုးပါနည်း။ ပြည်သူလူထု၏ လွတ်လပ်စွာ ရပ်တည်လုပ်ကိုင် နေထိုင် ပိုင်ဆိုင် ရင်းနှီး ရောင်းဝယ် ပြောဆို ရေးသား သွားလာနိုင်ခွင့် အပြည့်အဝနှင့် တိုင်း ရင်းသားတို့၏ တန်းတူညီမျှ ရပိုင်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်များဖြင့် မွှမ်းထုံအပ်သော မဥ္စူသက ဒီမိုကရေစီနှင့် စစ်အုပ်စု က မသထာရေစာ စွန့်ကြဲမည့် လက်ခုပ်ပွင်း ဒီမိုကရေစီတို့၏ ရနံ့မှာ ကွာချင်တိုင်း ကွာနေမည် ဖြစ်လေသည်။
(၄)
ဟန်ရေးပြလွှတ်တော် ကျင်းပလုနီးလာသည့်ရက်၊ ကင်တားနား ဗမာပြည် ထပ်မလာသေးခင် နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုအချို့ လုပ်ပြသည့်အနေဖြင့် အရေခြံုသမ္မတ ဦးသိန်းစိန်တို့ လုပ်ခဲ့ကြခြင်း ဖြစ်၏။ ၀န်ကြီး ဦးအောင်ကြည်နှင့် ၂ကြိမ်တွေ့ ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်သို့ဖိတ်ခေါ်တွေ့ ဆုံပြီး နေပြည်တော်ဝန်းကျင်ကို လည်ပတ်ကြည့်ရှုစေခဲ့ သည်။ ၁၇-၈-၁၁ တွင် ပြည်ပရောက်အတိုက် အခံများ ပြန်လာလိုက ပြန်လာနိုင်ကြောင်း ကြေညာချက်ထုတ်ခဲ့ပြီး ၁၈-၈-၁၁ တွင်တိုင်းရင်းသားအဖွဲ့ အစည်းများကို တွေ့ဆုံဆွေးနွေးရန် တရားဝင် ဖိတ်ခေါ်ခဲ့သည်။
စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဟူ၍လည်း လုပ်ခဲ့သည်။ အားလုံးပင် အနှစ်ဗလာ အကာသက်သက် ဟန်ရေးပြမှုများသာ ဖြစ်ပြီး တကယ်တမ်း ပြုပြင်ပြောင်းလဲ တိုးတက်မှု ဖြစ်စေလိုသည့် စေတနာ တရွေးသားမျှ မပါရှိသော အကျိုးမဲ့လုပ်ရပ်များပင် ဖြစ်လေသည်။ ထိုအ ကျိုးမဲ့ လုပ်ရပ်များကို အမေရိကန်၊ ဂျာမဏီ၊ ထိုင်းနှင့် ကုလသမဂ္ဂတို့က ထောက်ခံကြိုဆိုလိုက်ကြပြီး ဆက်လက်၍ ပြုပြင် ပြောင်းလဲမှုများ လုပ်ရန် ပြောဆိုကြသည်။ စစ်အုပ်စုအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှု စန်ရှင် ရုတ်သိမ်းလိုသော အပြောအဆိုများကိုလည်း ကြားလာရသည်။
နေပြည်တော်၌ ပြုလုပ်သော စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် နာရီဝက်ခန့် တက်ရောက်နားထောင်ခဲ့ပြီး ထိုဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးကြသော ၀န်ကြီးများနှင့် ရင်းနှီးစွာ စကားပြောဆိုခဲ့ရ သည်ကို ကျေနပ်ကြောင်း ပြောသည်။
စီးပွားရေးကဏ္ဍအားလုံး စစ်အုပ်စုနှင့် အပေါင်းပါများ၏ လက်ဝါးကြီးအုပ် ချုပ်ကိုင် ချယ်လှယ်ခြင်းခံ နေသော လက် ငင်း အခြေအနေတွင် တချိန်က ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သော စကားအချို့ကို သတိရဖွယ် ဖြစ်လေသည်။
“… ဒီမိုကရေစီ တိုက်ပွဲကနေ လူတွေ အာရုံပြောင်းသွားအောင် စီးပွားရေးပြုပြင်မှု ဆိုတာမျိုးနဲ့ မဆွယ်သင့်ဘူးဆိုတဲ့ အချက်ပါပဲ။ နိုင်ငံရေးစနစ်ကို ကျမတို့ မပြောင်းဘူးဆိုရင် စီးပွားရေးမှာလည်း တိုးတက်ဖွံ့ဖြိုးမှာ မဟုတ်ပါဘူး။ အခြေခံ လူ့အ ခွင့်အရေးကို အာမခံချက် မပေးနိုင်တဲ့ အစိုးရဟာ စီးပွားရေးရာ အခွင့်အရေးတွေကို အာမ မခံနိုင်မှာကတော့ သေချာပါတယ်။”
(၁၉၈၉ခုနှစ် ဇူလိုင်လ၊ ဒေါမနစ်ဖောလ်ဒါ Doninic Faulder နှင့် အင်တာဗျူးမှ)
“စီးပွားရေးကို နိုင်ငံရေးထက် အရေးထားလို့ မဖြစ်ပါဘူး။ နောက်ဆုံး စီးပွားရေးစနစ်တခု အောင်မြင်ဖို့ ဆိုတာဟာ နိုင်ငံရေးစနစ် ခိုင်မာမှ ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးစနစ်က မမှန်ကန်ဘူးဆိုရင်၊ မခိုင်မာဘူးဆိုရင် ဘယ်သူမှ စီးပွားရေးအရ ကြီး ပွားနိုင်မှာ မဟုတ်ပါဘူး။”
(ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင်မိန့်ခွန်းများ၊ စာ ၁၉၈)
လွှတ်တော်ထဲ ဆွေးနွေးကြမည့် ကိစ္စရပ်တွေကို ဘာတခုမျှ မျှော်လင့်နေစရာမရှိ။ စစ်အုပ်စုသည်ဘယ်သော အခါမျှ တိုင်းပြည်အကျိုး၊ လူထုအကျိုး၊ တိုင်းရင်းသားတို့အကျိုး ဖြစ်ထွန်းစေမည့် အလုပ်များကိုလုပ်လိမ့် မည် မဟုတ်။
၀န်ထမ်းများ နိုင်ငံရေးမလုပ်ရဟု ဆိုကာ ပါတီတွေထဲ ၀န်ထမ်းတွေ မပါ၀င်ရအောင် လုပ်ခဲ့ပြီးနောက် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကို လူမှု အထောက်အကူပြု အသင်းအဖြစ် ဖွဲ့စည်းပြီး ၀န်ထမ်းတွေကို အခွင့်အရေးပြ၊ ဖိအားပေး ၀င်ရောက်ခိုင်းကာ လက်ကိုင်တုတ်အဖြစ် နှစ်ရှည်လများ အသုံးချခဲ့ပြီးနောက် ပါတီအဖြစ် ပြောင်းလဲထူထောင်ကာ ဗြောင်လိမ်ဗြောင်စား အတင်း အဓမ္မ အနိုင်မဲများဖြင့် အစိုးရ ဖွဲ့ခဲ့၏။ တပ်မတော်သည် နိုင်ငံရေးတွင် မပါ၀င်ရ၊ စစ်တပ်က နိုင်ငံရေးမလုပ် ဟူသောစကားကို တွင်တွင်သုံးခဲ့ပြီး နိုင်ငံရေးထဲ ခြေရှုပ်လာခဲ့သည်မှာ တိုင်းပြည်ကြီး ပျက်စီးလုနီးသည့် အခြေအနေသို့ ရောက်ရှိလာလေပြီ။
နိုင်ငံရေး နည်းလမ်းသက်သက်တွင် မြွေမသေ တုတ်မကျိုး လုပ်၍ ရကောင်းရနိုင်မည် ဖြစ်သော်လည်း စစ်ရေးစွက် လာသော နိုင်ငံရေးတွင်မူ ဤသို့လုပ်၍မရ။ တုတ်ကျိုးချင်ကျိုးပါစေ မြွေသေဖို့က အဓိကဆိုသော သဘောထားဖြင့်သာ ဆောင် ရွက်ရမည် ဖြစ်လေသည်။
(၅)
The weak can never forgive. Forgiveness is the attribute of the strong.
Mahatma Gandhi
အင်အားလျော့ပါး ချိနဲ့သူသည် ဘယ်သောအခါမျှ ခွင့်မလွှတ်နိုင်။ ခွင့်လွှတ်ခြင်းမှာ ကြီးမားသန်စွမ်းသူ၏ အရည်အ သွေး ဖြစ်သည်ဟု မဟတ္တမဂန္ဒီ (၁၈၆၉-၁၉၄၈)က ဆိုသည်။ လူဗလံကလေးသည် ဆင်ပေါက် လောက် ဗလကြီးအား မိမိ၏ လက်နက်မဲ့ ထိုးကြိတ်နိုင်စွမ်းကို မပြဘဲ ခွင့်လွှတ်သည်ဟု ပြော၍မရ။ အင်အားကြီးမားသူကသာ အင်အားချိနဲ့သူအပေါ် ခွင့် လွှတ်သည်ဟု ပြောနိုင်မည် ဖြစ်သည်။
ဒီမိုကရေစီရေး တိုက်ပွဲဝင် ပြည်သူလူထုကြီး၏ အင်အားသည် မည်မျှအထိ လျော့ပါးချိနဲ့နေပြီနည်း။ လက်တစ်ဆုပ်စာ စစ်အာဏာရှင်များ၏ မတရားမှုများကို အုံကြွတွန်းလှန် ဖော်ထုတ်ကာ ဒီမိုကရေစီရေး တောင်းဆိုခဲ့သည့် ရှစ်လေးလုံး အရေး တော်ပုံ ကြီး၏ အင်အားမှာ ဘယ်သို့ဘယ်ဆီ ရောက်သွားပြီနည်း။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပြောဆိုနေရင်းမှာပင် ၎င်းတို့ဘက်က ပိုင်ပြီနိုင်ပြီဟု ယူဆကာ ပြည်ပရောက် ဒီမို ကရေစီရေး လှုပ်ရှားသူများနှင့် အတိုက်အခံများကို ပြန်လာလိုက ပြန်လာနိုင်ကြောင်း ပြစ်မှုများအတွက် သက်ညှာစွာ စဉ်းစား ပေးမည်ဖြစ်ကြောင်း ခပ်တင်းတင်း ဖိတ်ခေါ်လိုက်ခြင်းသာ ဖြစ်၏။ လှုပ်ရှားမှု မရှိသော လူထုအပေါ် အထင်သေး စော်ကား လိုက်သည့်သဘော၊ ဗမာပြည် ဒီမိုကရေစီရေး တိုက်ပွဲတွင် ၎င်းတို့စစ်အုပ်စုသာ အနိုင်ရသည်ဟု မှတ်ယူလိုက်သည့်သဘော ဖြင့် ဒီမိုကရေစီရေးတိုက်ပွဲ ၀င်များအား သွေးတိုးစမ်းလိုက်ခြင်းလည်း ဖြစ်သည်။
တကယ်တမ်းအားဖြင့် တော်ရုံတန်ရုံ ပြစ်မှုဆိုလျှင် ခွင့်လွှတ်သည် ဆိုသောစကားမျိုးကို မည်သူတွေက ပြောရမည် နည်း။ မည်သူတွေက မည်သူတွေကို သဘောထားကြီးစွာဖြင့် ခွင့်လွှတ်ကျေအေးသည် ဆိုသည့်စကားကို ပြောကြရမည်နည်း။ တိုင်းပြည်ကို ချွတ်ခြံုကျအောင် ဖျက်ဆီးပြီး ကျောင်းသား၊ သံဃာ၊ ပြည်သူလူထုကို သတ်ဖြတ်ကြသော အမှန်တကယ် အပြစ် ရှိသူတွေမှာ မည်သူတွေနည်း။ မည်သူတွေက မည်သူတွေကို အပြစ်ပေး အရေးယူကြရမည်နည်း။
မိမိတို့ဘက်က အင်အားကို မပြနိုင်၊ ကိုယ်စွမ်းကိုယ်စဖြင့် အားထုတ်ရင်ဆိုင်မှု မပြုနိုင်ဘဲ ၎င်းတို့အား အနိုင်လိုချင်၍ မရ။ ရန်သူကို အနိုင်မရလျှင် ရန်သူတို့အား အပြစ်ဒဏ်ပေး၍လည်း မရ၊ခွင့်လွှတ်လို၍ လည်း မရနိုင်ချေ။
ရန်သူအား ခွင့်လွှတ်သည့်စကားကို သိက္ခာရှိစွာ ပြောလိုသူတို့အနေဖြင့် ပထမဦးစွာ ရန်သူကို အနိုင် တိုက်ခိုက်ဖို့ရန် လိုအပ်မည် ဖြစ်သည်။ ထိုသို့ မတိုက်ခိုက်နိုင်ပါက ရန်သူ၏ သနားညှာတာ ခွင့်လွှတ်မှုကို အရှက်မဲ့စွာ ခံယူကြရမည်သာ ဖြစ် လေသည်။ ရန်သူကတော့ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေသည့် ဒီမိုကရေစီရေး လှုပ်ရှားမှုအပေါ် အထင်သေးစွာ စော်ကားနေပြီ ဖြစ်သည်။ လေနှင့် မကြံုသေးသော ပြာဖုတ်ထဲမှ မီးခဲစများလို တအုံနွေးနွေးဖြင့် ပေါက်ကွဲလုလု လူထုအုံကြွမှုကြီးအပေါ် မထီမဲ့ မြင် မလေးမခန့် လုပ်သူများမှာ လူထု၏ ဒဏ်ခတ်မှုကို မလွဲမသွေ ကြံုကြရမည် ဖြစ်လေသည်။
သို့ရာတွင် လောလောဆယ် အခြေအနေ၌ အရေခြံုသမ္မတ ဦးသိန်းစိန်၏ အသံဟောင်းဟစ် ခေါ်ယူမှုနောက် ပြည် တွင်းသို့ ပြန်ဝင်ကြမည့်သူတွေ အနည်းနှင့်အများ ရှိလာလိမ့်မည် ဖြစ်သည်။
လူဆိုသည်မှာ များသောအားဖြင့် ကိုယ့်ဖို့ကိုယ် ကြည့်တတ်ကြသူတွေ ဖြစ်၏။ အေးအေးလူလူ နေရတုန်းမှာ မသိသာ သော်လည်း ဒုက္ခသုက္ခနှင့် ကြံုလာရပြီဆိုလျှင် လူ့သဘောမှာ ပို၍ ထင်ရှားလာသည်။အများအကျိုး အတွက်ဟု မည်မျှပင် ဟစ် အော်ကြွေးကြော်နေသော်ငြား မိမိကိုယ်တိုင် ဘေးကင်းစွာ လုပ်ကိုင်ရ ဖို့၊ မိသားစုချမ်းသာဖို့၊ အဆင်ပြေဖို့၊ ငြိမ်းချမ်းဖို့ စသဖြင့် သက်သက်သာသာ နေလိုသော ဆန္ဒတွေရှိတတ်ကြ သည်။ အားလုံးအတွက် ၀ိုင်းဝန်းကြိုးစားခဲ့သည့်တိုင် နောက်ပိုင်းမှာတော့အခြားသူ တွေ ရရ မရရ၊ မိမိအတွက် ရအောင် လုပ်ချင်လာကြသူများ၊ ရေရှည်စောင့်စား ငံ့လင့်ခဲ့ရသော ငြိမ်းချမ်းရေးနှင့် ဒီမိုက ရေစီရေး မွပ်သိပ်တောင့်တမှုကို အဆုံးသတ်လိုကြသူများ ပေါ်လာ၏။ လိုချင်သမျှ အခွင့်အရေးများ အပြည့်အဝ မရစေကာမူ ရနိုင်သလောက်ကလေးဖြင့် ဖြည့်ဆည်း ကျေနပ်လိုကြ၏။ စစ်အုပ်စု၏ ချွေးသိပ် လှည့်ဖြားမှုအောက် အညာမိကြမည့်သူတွေ ဖြစ်လေသည်။
မီဒီယာကို မီဒီယာနဲ့ တိုက်မည်ဟု စစ်အုပ်စုက ကြွေးကြော်ခဲ့၏။ ၎င်းတို့မှာ ရေဒီယို၊ ရုပ်သံ၊သတင်းစာတွေ အပြင် လစဉ် ထုတ်နေသော မဂ္ဂဇင်းများနှင့် ၀ါဒဖြန့်ချိရေး စာစောင်တွေ ရှိ၏။ ပြည်ပမီဒီယာလိုင်းတွင် အဓိကအားဖြင့် အသံလွှင့်ဌာန (၅)ခုဟု ဆိုသော်လည်း စစ်အုပ်စုအကြိုက် လွှင့်ထုတ်ပေးနေသည့် အသံလွှင့်ဌာနအချို့လည်း ရှိလာပြီး အသံလွှင့်ဌာနတိုင်းမှာ လိုလို စစ်အုပ်စုဘက်သား သူလျှိုဒလံတွေ ရှိနေသည်။
ရုရှသို့ ပညာသင် လွှတ်ထားသော စစ်အုပ်စုသားပေါက်များနှင့် ပြည်ပရောက် ဒီမိုကရက်တစ် အဖွဲ့အစည်းများတွင် ကျယ်ပြန့်စွာ နေရာယူထားသော စစ်အုပ်စု၏ သပ်များလည်း ရှိနေသည်။ ထိုသူတွေသည် စစ်အုပ်စုကို ဆန့်ကျင်နေသော ပြည် ပရောက် ဒီမိုကရက်တစ် အင်အားစုများ အချင်းချင်းအကြား၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ အချင်းချင်းအ ကြား၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဒီမိုကရက်တစ် အဖွဲ့အစည်းများအကြား သွေးစည်းညီညွှတ်မှု မရှိစေရန်အတွက် စိတ်ရှည်လက်ရှည် အချိန်ယူ လုပ်ဆောင်နေခဲ့ကြသည်။ မီဒီယာတွေထဲ အကျိုးသင့် အကြောင်းသင့် ဝေဖန်ခြင်းမျိုး မဟုတ်ဘဲ ဒီမိုကရေစီရေးတိုက်ပွဲအတွက် တွန်းအားပေး နှိုးဆော်နေသူများကို အဆင့်အတန်းမရှိသော အပြောအဆို အရေးအသားများ ဖြင့် ထိကပါး ရိကပါး ဆဲရေးပုတ်ခတ် ခနဲ့ကြသူတွေ တပြံုတခေါင်း ရှိနေသည်။ ၎င်းတို့ အမှတ်တမဲ့ သုံးနှုန်းသော စကားလုံး များနှင့် ပြောပုံ ဆိုပုံ လေသံများမှာ ရန်သူစစ်အုပ်စု၏ ပညာမဲ့သော အသုံးအနှုန်းများ လေသံများနှင့် တထေရာတည်းပင် ဖြစ် ၏။ မီဒီယာကို မီဒီယာဖြင့် အတွင်းလှိုက်၍ တိုက်နေခြင်း ဖြစ်လေသည်။
ပြည်ပရောက် အတိုက်အခံများအတွင်းမှာပင် ရန်သူအားရ ကျေနပ်စေသည့် သဘောထားများ၊ ရန်သူအားပေး လုပ် ရပ်များ ရှိနေသည်။ ပြည်ပ၌နေရင်း ဘက်ပြောင်းသွားသူများ၊ လူထုကို သစ္စာဖောက်သူများ အတော်ကလေး ရှိသည်။ အချို့က အဲန်ဂျီအိုတွေနှင့် ပေါင်းပြီး မယောင်ရာဆီလူးသော အလုပ်များဖြင့် အချိန်ဖြုန်းတတ်၊ လုပ်စားတတ်ကြသည်။ မနာလို ၀န်တို စိတ်ဖြင့် အချင်းချင်း ခြေထိုး လုပ်ကြံကြသူတွေလည်း ရှိသည်။ အဖွဲ့အစည်းအတွင်း သူ့လူကိုယ့်လူမွေး ဂိုဏ်းဖွဲ့ကာ၊ ဘုတ်ကျီး မြှောက် ကျီးဘုတ်မြှောက်လျက် နေရာဝင်ယူကြသူများနှင့် ကိုယ်ကျိုးစီးပွား ရပေါက်ရလမ်း ကြံတတ်ဖန်တတ်ကြသူတွေလည်း ရှိသည်။ အချို့က ပေါ်ပေါက်လာမည့် အခွင့်အရေးကို အလွတ်မခံ၊ မျက်ခြည်မပြတ် စောင့်ကြည့်နေတတ်ကြသည်။ စုမိ ဆောင်းမိ ထုနှင့် ထယ်နှင့် ဖြစ်လာသောအခါ ပြည်တွင်းသို့ ပြန်ဝင်ဖို့ရန် ပြင်ဆင်လာတတ်ကြသည်။ အချို့ကလည်း အချင်း ချင်း ညီညွှတ်မှု မရှိသော အခြေအနေအပေါ် စိတ်ပျက်ကာ အိမ်ကို ပြန်လိုလာကြသည်။
သြဂုတ်လမှာ သွေးစွန်းသော သမိုင်းကြောင်းတွေ ရှိ၏။ ၁၉၄၅ ဟီရိုရှီးမားနှင့် နာငါဆာကီမှ အနုမြူဗုံးဒဏ်ခံ အနိဋ္ဌာ ရုံများ၊ ၁၉၅၀ ကရင့်အာဇာနည် ဥက္ကဋ္ဌ စောဘဦးကြီး ကျဆုံးမှု၊ ၁၉၈၈ ဒီမိုကရေစီ တိုက်ပွဲအတွင်း လမ်းမထက်ကျသော သွေး များ စသဖြင့် တိုက်ပွဲဝင် သမိုင်းကြောင်းတွေ ရှိသည်။ သြဂုတ်လအတွင်း ကျဆုံးသွားသူများမှာ များသောအားဖြင့် အများလူထု အကျိုး စေတနာရှေ့ထား ဆောင်ရွက်သူများနှင့် အပြစ်မဲ့ ပြည်သူများ ဖြစ်၏။ အရှုံးပေး အညံ့ခံလျက် ကျဆုံးကြသူများ မဟုတ် ချေ။
ယနေ့လက်ငင်း အခြေအနေတွင် နှစ်ရှည်လများ တောင်းဆို တိုက်ခိုက်လာရသောကြောင့် အတော်အတန် ငြီးငွေ့ လာကြပြီဖြစ်သည့် အချို့သော ဒီမိုကရေစီရေး တိုက်ပွဲဝင်နေကြသူများအနေဖြင့် ပြည်တွင်းပြည်ပ ရန်သူနှင့် ရန်သူ့ဘက်သား တို့၏ ဖြားယောင်းစည်းရုံးမှုများနောက်၊ အိမ်ကိုလွမ်းသောကြောင့်၊ အဖော်ကောင်းသောကြောင့် စသည့် အကြောင်းကြောင်း သော အကြောင်းကြောင်းတို့ဖြင့် အရှင်လတ်လတ် ကျဆုံးမသွားစေရေး ဆင်ခြင်သတိရှိကြဖို့ လိုအပ်မည် ဖြစ်လေသည်။