ငြိမ်းချမ်းသာယာစံပြကျေးရွာအတွက် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ မြေနေရာအကွက်ချရောင်းမည်

ငြိမ်းချမ်းသာယာစံပြကျေးရွာအတွက် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ မြေနေရာအကွက်ချရောင်းမည်
by -
ကေအိုင်စီ

ကရင်ပြည်နယ် ကော့ကရိတ်မြို့မြောက်ပိုင်း ၉တိုင်တွင် ဗိုလ်ချုပ်ကြီးစောထင်မောင်(ဌေးမောင်)၏ ငြိမ်းချမ်းသာယာစံပြကျေးရွာ ကို တည်ဆောက်သွားရန်အတွက် ယခုနှစ် မတ်လအတွင်း KNU/KNLA ငြိမ်းချမ်းရေးကောင်စီ(PC) မှ ဦးဆောင်ကာ မြေနေရာ များ အကွက်ချ ရောင်းချတော့ မည်ဖြစ်ကြောင်း ကေအိုင်စီက ဆက်သွယ်သိရှိရသည်။

အဆိုပါ စံပြကျေးရွာတည်ဆောက်မည့်နေရာမှာ ယခင်မြေလွတ်မြေရိုင်းဖြစ်သည့်အတွက် လူမျိုးခြားခရိုနီများ လက်ထဲသို့ မရောက်ရှိစေရန်၊ KNU/KNLA-PC ၏ ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောထင်မောင်နှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်တွင် သမိုင်းတစ်ခုချန်ထားချင်သည့် ရည်ရွယ်ချက်ဖြင့် ယခုလို စံပြကျေးရွာတည်ထောင်သွားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု KNU/KNLA PC ကော့ကရိတ်ဆက်ဆံရေး ရုံးတာဝန်ခံ ဗိုလ်မှူးစောကျော်ဝင်းက ပြောသည်။

IMG 0078

“ဒီရွာက ဒေသခံပြည်သူတွေအတွက် ဒါပေမယ့် တချို့က ဝေဖန်တဲ့လူရှိတယ်။ ဘာဖြစ်လဲဆိုတော့ မြေနေ ရာတွေ လူထုဆီကို ရောင်းတဲ့အကန့်ရှိလို့။ ကျနော်တို့ရောင်းတာက ရွာတည်တဲ့နေရာမှာ ငှားရမ်းတာတွေ အကုန်ကျအများကြီးရှိတယ်။ ကျနော်တို့ လည်း ပိုက်ဆံမရှိပါဘူး။ အဲဒါကြောင့် ရောင်းတာကနေရာ အလိုက် စျေးနှုန်းကွာပါတယ်။ လမ်းမကြီးနားကမြေနေရာတွေက အထဲက မြေနေရာထက် စျေးပိုကြီးတာပေါ့။ လူတန်းစားအားလုံး ၀ယ်နိုင်အောင် လုပ်ပေးမှာပါ”ဟု ဗိုလ်မှူးစောကျော်ဝင်းက ကေအိုင်စီသို့ ပြောသည်။

မြေဧကပေါင်း ၁၄၆ဧက ရှိသည့် ၎င်းစံပြကျေးရွာတွင်် ပေ ၅၀ပတ်လည်ရှိ မြေနေရာတစ်ကွက်လျှင် ကျပ်သိန်း ၃၀မှ သိန်း ၄၀ အထိ ရောင်းချပေးသွားမည်ဖြစ်ပြီး လမ်းမတစ်လျှောက် မျက်နှာစာနေရာတွင်မူ ပေ ၅၀၊ ၆၀ပတ်လည် မြေတစ်ကွက်လျှင် ကျပ်သိန်း ၁၀၀ ၀န်းကျင်အထိ ရောင်းချသွားမည်ဖြစ်ကြောင်း KNU/KNLA-PC က ဆိုသည်။

၎င်းဒေသရှိ ကြာအင်းရွာသားတစ်ဦးဖြစ်သူ ဦးသိန်းတန်က “အဲဒီနေရာက ငြိမ်းချမ်းရေးကနေ ရွာလာတည်မယ်တော့ ကြားတယ်။ ပြီးတော့ ဆိုင်းဘုတ်ကြီးတွေ တောရှင်းထားတာတွေတော့ တွေ့ တယ်။ မြေကွက်တွေကို ဘယ်တော့ စရောင်းမလဲ။ ဘယ်လိုပုံစံနဲ့ လုပ်ပေးမလဲတော့ မသိပါဘူး။ ရွာဖြစ်ရင် ကောင်းမှာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင် တောရှင်းပြီး မြေနေရာအကွက်ချခြင်း၊ ရွာအတွင်း လမ်းကွက်ဖော်ခြင်း၊ ရေနှုတ်မြောင်း၊ စာသင်ကျောင်း နေရာ၊ ကျန်းမာရေးနှင့် ဘာသာရေးအဆောက်အဦးနေရာများကို အကွက်ချ လုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။