ငြိမ်းချမ်းရေးဖြစ်စဉ်အထောက်အကူပြုသင်တန်း ကရင်ပြည်နယ်တွင် ပြုလုပ်ခဲ့

ငြိမ်းချမ်းရေးဖြစ်စဉ်အထောက်အကူပြုသင်တန်း ကရင်ပြည်နယ်တွင် ပြုလုပ်ခဲ့
by -
ကေအိုင်စီ

ရန်ကုန်အခြေစိုက် အေးချမ်းမြန်မာလူမှုရေးအဖွဲ့အစည်းနှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်းအခြေ စိုက် သွီး(သွေး)လူထုအခြေပြု လူမှုဖွံ့ဖြိုးရေး ကွန်ရက်တို့ ပူးပေါင်း၍ ငြိမ်းချမ်းရေးဖြစ်စဉ် အထောက်အကူပြု သင်တန်းတစ်ရပ်ကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ မြပတိုင်ကျေးရွာတွင် ဇန်နဝါရီ ၂၈မှ ၃၀ရက်နေ့ အထိ် ပြုလုပ်ခဲ့သည်။

၎င်း သင်တန်းပြုလုပ်ခြင်းအပေါ် သွီးလူထုအခြေပြု လူမှုဖွံ့ဖြိုးရေးကွန်ရက် ဥက္ကဌမန်းသိန်းဇော်က “ဒီသင်တန်းလုပ်ရတဲ့ ရည်ရွက်ချက်က ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကိုသိရှိလာဖို့ရယ်၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်မှာ ဒေသခံအမျိုးသမီးတွေ ပါဝင်နိုင်ကြောင်း သိရှိဖို့နဲ့ လူအခွင့်အရေးစောင့်ကြည့်လေ့လာမှု အရေးကြီးပုံတို့ကို သိရှိဖို့ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

DSC 02751

သင်တန်းတွင် လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များ၊ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ်-၁၃၂၅၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းဆိုင်ရာ သိကောင်းစရာများ၊ ၂၀၀၈ဖွဲ့စည်းပုံ၏ အခန်း (၈)တွင် ပါရှိသည့် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်ဝတ္တရားများ၊ ငြိမ်းချမ်းရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေးများ စသည်တို့ကို သင်ကြားပို့ချပေးခဲ့သည်ဟု မန်းသိန်းဇော်က ဆက်ပြောသည်။

သုံးရက်တာပြုလုပ်သည့် အဆိုပါ သင်တန်းသို့ ကော့ကရိတ်မြောက်ပိုင်းတွင် တည်ရှိသည့် ကျုံပိုင်း၊ နောင်ထပံ၊ နောင်တစ်ပွဲ၊ မြပတိုင်၊ ထီးဖိုးစံကျေးရွာအုပ်စုတို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူငယ်များ၊ အမျိုးသမီးများ၊ ကရင်စာပေယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် ဆရာတော်များ စုစုပေါင်းလူဦးရေ ၂၀ကျော် တက်ရောက်ခဲ့ကြသည်။

သင်တန်းတက်ရောက်ခဲ့သည့် လူငယ်တစ်ဦးဖြစ်သူ စောစိန်ဖူးက “ကျနော်ကတော့ ဗဟုသုတရအောင်ဆိုပြီး သွားတက်တာဖြစ်တယ်။ သင်တန်းမှာလည်း ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ သိရှိလာတယ်။ ဒီလိုသင်တန်းကို ကျနော်လူငယ်တွေ များများတက်စေချင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဒေသခံလူထုများအတွက် ယခုလို သင်တန်းပေးခြင်းအားဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများ၊ တိုင်းရင်းသား တန်းတူညီမျှရေး အခွင့်အရေးများ၊ အမျိုးသမီးနှင့် ကလေးအခွင့်အရေးများ စသည်တို့ကို နားလည်လာပြီး ပြောရဲဆိုရဲရှိလာမည်ဟု မျှော်လင့်ကြောင်းလည်း မန်းသိန်းဇော်က ဖြည့်စွက်ပြောကြားသည်။

အေးချမ်းမြန်မာလူမှုရေးအဖွဲ့အစည်းနှင့် သွီးလူထုအခြေပြု လူမှုဖွံ့ဖြိုးရေးကွန်ရက်တို့ ပူးပေါင်း၍ ယခုနှစ်၊ ဇန်နဝါရီ ၂၁မှ ၂၆ရက်နေ့အထိ ကော့ကရိတ်မြို့တောင်ပိုင်း လောင်းကိုင်ကျေးရွာတွင် ငြိမ်းချမ်းရေးဖြစ်စဉ် အထောက်အကူပြု သင်တန်းတစ်ရပ် ပြုလုပ်ခဲ့သေးသည်။

Most read this week