မကြာမီက ဖွဲ့စည်းလိုက်သော ကော်သူးလေတပ်မတော်နှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေးနေသဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီ အစည်းအဝေးကို ရက်တိုး၍ ဆွေးနွေးနေရသည်ဟု KNU ဗဟိုရုံးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။
မူလက အောက်တိုဘာလ ၂၃ ရက်မှ ၂၅ ရက်အထိ ဆွေးနွေးရန် သတ်မှတ်ခဲ့သော်လည်း ဆွေးနွေးပွဲ မပြီးပြတ်သေး၍ အောက်တိုဘာလ ၂၆ ရက်တွင် ခေတ္တရပ်နားပြီးနောက် လာမည့် အောက်တိုဘာလ ၂၇ ရက် (တနင်္လာနေ့)တွင် ဆက်လက် ကျင်းပသွားမည်ဟု သူက ပြောသည်။
“ကျွန်တော်တို့ ၂၅ ရက်အထိ ကျင်းပဖို့ မှန်းထားတာ။ ဒါပေမဲ့ အခြေအနေအရပ်ရပ်အပေါ်မှာ ဒီနေ့မပြီးနိုင်ဘူး။ အဓိက တပ်ပေါင်းစုကိစ္စ ဆက်ပြီး အဖွဲ့ဝင်အဖြစ် ပူးပေါင်း၊ မပူးပေါင်းဖို့နဲ့ KAF(ကော်သူလေးတပ်မတော်) ကိစ္စ ထပ်ဝင်လာတော့ အဲဒီကိစ္စကို ပြန်လည် စနစ်တကျဖြစ်အောင် ပြန်ဆွေးနွေးကြတယ်”ဟု ဗဟိုရုံးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင်အဖြစ် ဆက်လက် ပါဝင်ရေး၊ မပါဝင်ရေး ဆုံးဖြတ်ရန်နှင့် အောက်တိုဘာလ ၁၃ ရက်က KNLA၊ KNDO၊ DKBA၊ KNU/KNLA-PC အဖွဲ့လေးဖွဲ့က ကော်သူးလေး တပ်မတော် (Kawthoolei Armed Forces-KAF) ဖွဲ့စည်းခဲ့မှုအပေါ် အသေးစိတ် ပြန်လည် ညှိနှိုင်းနေသဖြင့် ဗဟိုကော်မတီ အစည်းအဝေဝးအား ရက်တိုး ဆွေးနွေးနေခြင်း ဖြစ်သည်။
ဆွေးနွေးပွဲကို KNU တပ်မဟာ ရ နယ်မြေ ဘာအံခရိုင် လော်ခီးလာတွင် ဗဟိုကော်မတီဝင် ၄၈ ဦး တက်ရောက် ဆွေးနွေးနေသည်ဟု သိရသည်။
ပြည်တွင်း ပြည်ပ ကရင်လူမှု အဖွဲ့အစည်းများကလည်း UNFC အဖွဲ့ဝင်အဖြစ် ပြန်လည် ပေါင်းစည်းစေရန် ဆန္ဒရှိနေသည်။ သို့သော် KNU အနေဖြင့် UNFC အဖွဲ့ဝင်အဖြစ် ဆက်လက် ပါဝင်ခြင်း ရှိမရှိကို မသိရသေးပေ။ ထိုဗဟိုကော်မတီအစည်းအဝေး ဆုံဖြတ်ချက်ကို ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။
အဖွဲ့ဝင်အဖြစ် ဆက်လက် ပူးပေါင်းရန် ကြိုဆိုလျက်ရှိနေကြောင်း UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်က မဇ္စျိမကို ဗုဒ္ဓဟူးနေ့က ပြောသည်။
“ကျွန်တော်တို့က နဂိုရပ်တည်ထားတဲ့ အတိုင်းပါဘဲ။ ကျွန်တော်တို့ UNFC က သူတို့အတွက် နေရာလည်း ချန်ထားပေးတယ်။ ပြန်လည်ဖို့ ကြိုဆိုတယ်။ တံခါးဖွင့်ထားတယ်ဆိုတဲ့ ရပ်တည်ချက်က မပြောင်းလဲပါဘူး” ဟု ခူဦးရယ်က ပြောသည်။
UNFC ညီလာခံပြီး လာမည့် သက်တမ်းအတွက် အဖွဲ့ဝင်အသစ်များ ခန့်အပ်ရာတွင် KNU ကို UNFC ၏ ဒုတိယခေါင်းဆောင် နေရာနှင့် အဖွဲ့ဝင် တစ်ဦးနေရာတို့တွင် KNU အတွက် လျာထားပေးထားသည်။