၂၀၁၄ခုနှစ်၊ မတ်လ ၂၉ရက်နေ့ ညသန်းခေါင်ယံသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၏ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံ ခြင်း ရည်ညွှန်းချိန်ပင် ဖြစ်သည်။ “ပြည်သူအားလုံးပါ၀င်လို့ သန်းခေါင်စာရင်း ကောက်ကြစို့”ဟူသော အစိုးရ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဆောင်ပုဒ်အရ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားပြည်သူများ၏ လူဦးရေနှင့် အိမ်အ ကြောင်းအရာ အချက်အလက်များကို ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့-UNFPA အပါအဝင် ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာအစိုးရက သန်းခေါင်စာရင်းကောက်ခံခြင်းကို ဧပြီလ ၁၀ရက်နေ့အထိ ဆယ့်နှစ်ရက်အ တွင်း နေ့စဉ် မနက် ရနာရီမှ ညနေ ၆နာရီအထိ လုပ်ဆောင်သွားမည်ဟု သတ်မှတ်ထားခဲ့သည်။
ယင်းသို့ သန်းခေါင်စာရင်းကောက်ယူချိန်တွင် မိမိရောက်ရှိရာနေရာ၌ စာရင်းဝင်မည်ဆိုသော်လည်း နိုင်ငံရပ်ခြားထွက်ခွာပြီး မိသားစုနှင့် အဆက်သွယ်ပြတ်နေကြသူများ၊ မြို့နှင့်များစွာ အလှမ်းကွာကာ သွားလာရေးခေါင်ခိုက်လှသောဒေသများမှ ပြည်သူ များအပြင် နယ်စပ်ဒုက္ခသည်စခန်း၌ ရောက်ရှိနေခဲ့သော မြန်မာနိုင်ငံသားများထံ အချိန်နှင့်တပြေးညီ သွားရောက်ကောက်ခံမှုမှာ လက်တွေ့အရ ခက်ခဲလှသည်။ ထို့အတွက် ပြည်တွင်း၌သာ ကောက်ခံသည့် သန်းခေါင်စာရင်းဆိုင်ရာ အဓိက အချက်အလက် တွင် သီးခြားသတ်မှတ်မှု တစုံတရာ မတွေ့ရှိသည့်အတွက် ၎င်းမြန်မာနိုင်ငံသားများမှာ အပစ်ပယ်ခံ နိုင်ငံမဲ့သူများ ဖြစ်သွားမည့် အရေး စိုးရိမ်ပေးမိသည်။ ယခင်စစ်မက်ဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသူများမှာ တောတောင်ထဲတွင် ကစဉ့်ကလျား နေထိုင် နေကြသဖြင့် ၎င်းကောက်ကွက်များ၌ သွားရောက်မည့် စာရင်းကောက်များအနေဖြင့် မိမိတို့မေးမြန်းရမည့် ၄၁ချက်အတိုင်း မည် ၍မည်မျှ ပြည့်စုံမှန်ကန်သော စာရင်းကို ကောက်ခံလာနိုင်ပါမည်နည်းဟု မေးစရာဖြစ်လာသည်။
စာရင်းကောက်ယူခြင်းခံရသည့် တိုင်းရင်းသားပြည်သူလူထုကိုလည်း ၎င်းတို့တိုင်းနှင့် ပြည်နယ်ဒေသများ၌ အခြေစိုက်သော လူထုအခြေပြုအဖွဲ့များ၊ တိုင်းရင်းသားပါတီများနှင့် အနုပညာရှင်များက လူမျိုးတစ်မျိုး၏ ဂုဏ်အင်္ဂါရပ်နှင့်လျော်ညီအောင် ပညာ ပေးဟောပြောခဲ့ကြသလို အစိုးရနှင့် အပစ်အခတ် ရပ်စဲထားကြသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အများစုကလည်း မိမိတို့ ထိန်းချုပ်ရာဒေသများတွင် သန်းခေါင်စာရင်းကောက်ခံမှုကို ကူညီဆောင်ရွက်သွားမည်ဟု ဆိုသည်။ သို့သော်လည်း ကချင်ပြည်နယ်တွင်မူ ဒေသတွင်းလုံခြံုရေးအရ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုမှုများ၊ ရခိုင်တိုင်းရင်းသားများက ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီနှင့်ပတ်သက်၍ တောင်းဆိုမှုများ၊ ကမ္ဘာတစ်ဝှမ်းရှိ ကရင်အဖွဲ့များ၏ ရက်ရွှေ့ဆိုင်းစေလိုမှုများသည် လက်ရှိ ဤလုပ်ငန်းစဉ်အတွက် စိန်ခေါ်ချက်များပင် ဖြစ်သည်။
မြန်မာအစိုးရက ဤသန်းခေါင်စာရင်းကောက်ယူမှုတွင် လူတိုင်း ပူးပေါင်းပါ၀င်ခြင်းဖြင့် မြန်မာပြည်သူလူထု၏ လူနေမှုအဆင့်အ တန်းကို မှန်မှန်ကန်ကန် သိရှိနိုင်ပြီး ယင်းသို့ ကောက်ခံရရှိသော အချက်အလက်များမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်များ၊ မျှတသော ကိုယ်စားပြုမှုနှင့် စွမ်းအားစုဖြန့်ဝေမှုများ အပါအဝင် ထိရောက်သော စီမံကိန်းများနှင့် မူဝါဒများရေးဆွဲရာတွင် အထောက်အကူပြုမည်ဟု ဆိုထားသည်။ ထို့အပြင် သန်းခေါင်စာရင်း စမ်းသပ်ကောက်ခံမှုကို ၂၀၁၃၊ ဧပြီလက ဆောင်ရွက်ခဲ့ပြီး ဇူလိုင်လတွင် သန်းခေါင်စာရင်းဥပဒေကို ပြဌာန်းခဲ့သည်။
နိုင်ငံတစ်နိုင်ငံအတွက် လူဦးရေသန်းခေါင်စာရင်း ကောက်ခံခြင်းကို အစီအစဉ်ကျကျ လုပ်ဆောင်ရန်မှာ လွန်စွာ အရေးကြီးလှ သည်။ ယခုလို နှစ်ပေါင်း ၃၀ကျော်တွင် အသစ်တဖန် ထပ်မံကောက်ခံမှု စီမံကိန်းကြီးတွင် ပူးပေါင်းပါ၀င်သွားရမည့် ပြည်သူအ များစုမှာ ပညာနိမ့်ကျခြင်း၊ ဗဟုသုတနည်းပါးခြင်း၊ နေ့တဓူဝ ရပ်တည်ရေးလောက် စိတ်ပါ၀င်စားမှု မရှိခြင်းများကြောင့် သတ် မှတ်ထားသည့် ဥပဒေနှင့် ဆန့်ကျင်သော အပြုအမူများအနက် သန်းခေါင်စာရင်းအကောက်ခံရန် ငြင်းဆိုမိခြင်း၊ တစ်ကြိမ်ထက် မက ပိုအကောက်ခံမိခြင်း၊ မရည်ရွယ်ဘဲ အချက်အလက်လွဲပေးမိလျှင်ဖြင့် ၎င်းတို့ကို အစိုးရဘက်က အရေးယူသွားမည်လော ဟူသည်ကလည်း ကောက်ကွက်အတွင်းရှိ ပြည်သူလူထုအတွက် စိန်ခေါ်မှုဖြစ်နေပြန်ရာ အစိုးရနှင့် လူထု အပြန်အလှန် လေးစား မှု၊ ဘက်ပေါင်းစုံ ပူးပေါင်းပါ၀င်မှုသည်သာလျှင် နိုင်ငံ့အရေးအရာတစ်ခုချင်းစီအတွက် ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှု ရလဒ်ကို ဆွတ်ခူးရရှိနိုင်မည် ဖြစ်ပေသည်။