မလိုလားအပ်သည့် ပဋိပက္ခများ မဖြစ်ပွားရေး ၀ိုင်းဝန်းလုပ်ဆောင် ကြရန် ကိုမင်းကိုနို်င်တိုက်တွန်း

မလိုလားအပ်သည့် ပဋိပက္ခများ မဖြစ်ပွားရေး ၀ိုင်းဝန်းလုပ်ဆောင် ကြရန် ကိုမင်းကိုနို်င်တိုက်တွန်း
by -
ကေအိုင်စီ

IMG_5861မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် ယမန်နေ့က ဖြစ်ပွား ခဲ့သည့် ပဋိပက္ခနှင့်ပတ်သက်၍ မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွား အောင် ၀ိုင်းဝန်းလုပ်ဆောင်ကြရန် ၈၈ မျိုးဆက်ကျောင်းသား ခေါင်ဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်သည်။

မတ် ၂၀ ရက်နေ့တွင် မိတ္ထီလာမြို့၌ ဗလီတစ်ခု အပါအဝင် နေအိမ်အချို့ အကြမ်းဖက် ဖျက်ဆီးခံရပြီး ပဋိပက္ခများ ဖြစ်ပွားနေမှုအပေါ် ထိုနေ့ည ၁၀ နာရီကျော်တွင် ၈၈ မျိုးဆက်ကျောင်းသားများက ၎င်းတို့၏ ရုံးခန်း၌ ပြည်တွင်းပြည်ပ မီဒီယာများသို့ ဖိတ်ခေါ်၍ ကိုမင်းကိုနိုင်က ယခုကဲ့သို့တိုက်တွန်းပြောကြား ခဲ့ခြင်းဖြစ်သည်။

၎င်းက “သက်တမ်းနုနယ်လှတဲ့ အသွင်ကူးပြောင်းရေးကာလကို အဲ့ဒီလိုရည်ရွယ်ချက်ရှိရှိနဲ ့ဖန်တီးနေတဲ့ ပဋိပက္ခတွေရဲ့ ချောက်ကမ်းပါးထဲကို အရောက်ခံလို့ မရပါဘူး။ ချောက်ထဲကျရင် လက်တစ်လုံးအလိုမှာ ကယ်တင်ချင်နေတဲ့သူတွေက အသင့်စောင့်နေ ပါတယ်။ ထပ်ပြီးတော့လည်း အကယ်ခံလို့ မရတော့ပါဘူး။ ဒါကြောင့် ညီညီညွတ်ညွတ်နဲ ့မလိုလားအပ်တဲ့ ပဋိပက္ခတွေကို တားဆီးပြီးတော့လမ်းကြောင်းမှန် ရောက်အောင် အမြန်ဆုံး ၀ိုင်းပြီးတော့ ကာကွယ်တားဆီးကြဖို့ ကျနော် မေတ္တာရပ်ခံပါတယ်”ဟု ပြောသည်။

ဖြစ်စဉ်မှာ မတ်လ ၂၀ ရက်နေ ့နံနက် ၉ နာရီခွဲအချိန်တွင် မိတ္ထီလာမြို့မစျေး အရှေ့ရပ်ရှိ “နယူးဝိန့်စိန်” ရွှေဆိုင်သို့ ယင်းမြို့နယ်၊ ပြွန်ကောက်ရွာနေ လေထိုးကျွတ်ဖာလုပ်ငန်းရှင် ဦးခင်မောင်ဝင်း ၄၅ နှစ်နှင့် ဇနီး ဒေါ်အေးနိုင် ရွှေဆံညှပ်တစ်ခု သွားရောင်းရာမှ အချင်းများကာ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ဆိုင်ခန်း ၆ ခန်း၊ တိုက်ခန်း ၃ လုံး ဖျက်ဆီးခံရပြီး သံဃာတော် အပါအဝင် လူ ၅ ဦး ဒဏ်ရာရရှိသွားကာ သံဃာတစ်ပါးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနို်င်ငံရဲတပ်ဖွဲ့မှ တရားဝင် သတင်းထုတ်ပြန်ထားသည်။

ယနေ့မနက် ၆ နာရီခွဲအချိန်ခန့်တွင် မိတ္တီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်ရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတစ်ကျောင်း မီးလောင်ကျွမ်းနေပြီး မီးသတ်ကားများကို လုံခြံုရေး အစောင့်အရှောက်များ လိုက်ပါခြင်းမရှိသဖြင့် မီးငြိမ်းသတ်ရန်အတွက် အခက်အခဲ ဖြစ်နေရကြောင်း မိတ္ထီလာမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံးက ပြောပြသည်ဟု လွတ်လပ်တဲ့အာရှအသံ-RFA က သတင်းဖော်ပြသည်။

ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များအဖွဲ့သည် ပဋိပက္ခများအား တားဆီးရန် မိတ္ထီလာမြို့သို့ ယမန်နေ့ညက ထွက်ခွာသွားခဲ့ပြီး လက်ရှိအချိန်တွင် အခြေအနေကို ထိန်းနိုင်ပြီဖြစ်သည့်အတွက် ရန်ကုန်သို့ ပြန်လာတော့မည် ဖြစ်ကြောင်း သိရသည်။