ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား One Stop Service ယာယီနိုင်ငံကူးလက်မှတ် လုပ်ပေးသည့် လုပ်ငန်း စတင်နေသော်လည်း စာရင်းများ ကွာဟမှု ရှိနေကြောင်း MRPWG (Migrant Right Promotion Working Group) အဖွဲ့က ပြောဆိုလိုက်သည်။
ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အရ ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ပေးနေသည့် ထိုင်းနိုင်ငံ မြောက်ပိုင်း တာ့(ခ်) ခရိုင် အလုပ်သမား ရှာဖွေရေးရုံးသို့ ယနေ့ သွားရောက် လေ့လာခဲ့ရာ အလုပ်သမား ရှာဖွေရေးရုံးရှိ စာရင်းနှင့် အေးဂျင့်များထံ ပေးသွင်းထားသည့် စာရင်းများ ကွာဟနေကြောင်း MRPWG ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုထွေးနိုင်က ပြောသည်။
“One stop service လို့သာ ပြောတာပါ။ အလုပ်သမားတွေအနေနဲ့က လိုက်လုပ်ပေးတဲ့ အေဂျင့်တွေနဲ့ပဲ သွား နေကြတာလေ။ သက်ဆိုင်ရာက လက်မှတ် စမလုပ်ပေးသေးဘဲနဲ့ လုပ်ပေးနေတယ်ဆိုပြီး အေဂျင့်တွေက ကြေညာပြီး အလုပ်သမားတွေဆီက ငွေကြိုယူထားကြတယ်။ နောက်ပြီး အလုပ်သမား တစ်သောင်းကျော်က လက်မှတ် လုပ်ထားပေမယ့် အခု အလုပ်သမားရှာဖွေရေးရုံးမှာ စာရင်းက ၂,၀၀၀ ပဲ ရှိတယ်။ အရမ်းကို ကွာခြားမှုတွေ ရှိနေတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံအစိုးရမှ ၎င်းတို့နိုင်ငံအတွင်းသို့ လာရောက် အလုပ် လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမားများ အား အထူးအခွင့်အရေး တရပ်အနေဖြင့် ၆ နှစ်သက်တမ်း ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ရန် ၂၀၁၂ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၂၀၁၃ ခုနှစ် မတ်လ ၁၆ ရက်နေ့အထိ စာရင်းပေးသွင်းထားရန် သက်ဆိုင်ရာမှ ကြေညာခဲ့ပြီး ဖြစ်သည်။
ယင်းစီမံချက်ကို အကောင်အထည် ဖော်ရာတွင် နိုင်ငံကူးလက်မှတ် ပြုလုပ်ခ ကုန်ကျငွေ အပါအဝင် One Stop Service လုပ်ငန်း အနေဖြင့် အလုပ်သမားများအတွက် လုံလောက်မှု ပေးနိုင်မည့် အခြေအနေ ရှိမရှိကို သွားရောက် လေ့လာခဲ့ကြောင်း ကိုထွေးနိုင်က ဆက်လက် ပြောဆိုသည်။
“အဓိကတော့ One stop service ဖွင့်ထားတာ အလုပ်သမား တွေအတွက် လုံလောက်မှုရှိလားဆိုတာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေရှိလဲဆိုတာ သွားရောက် လေ့လာကြည့်တာပါ။ ပြီးတော့ အေဂျင်စီတွေမှာ လုပ်ထားတဲ့ အလုပ်သမားဦးရေနဲ့ အလုပ်သမား ရှာဖွေရေး ရုံးမှာရှိတဲ့ လူဦးရေ၊ ကုန်ကျစရိတ် ဘယ်လိုတွေရှိလဲ ဆိုတာ လေ့လာတာပါ”
သက်ဆိုင်ရာမှ ၆ နှစ်သက်တမ်း ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ရန် အလုပ်သမားတစ်ဦးလျှင် ထိုင်း ဘတ်ငွေ ၅၅၀၊ ရွှေ့ပြောင်း အလုပ်သမားလက်မှတ် ၂ နှစ်သက်တမ်းအတွက် ကုန်ကျစရိတ် ၄,၃၀၀ စုစု ပေါင်း ၄၈၀၀ သာ သတ်မှတ် ကောက်ခံနေသော်လည်း အလုပ်သမားများအနေဖြင့် အေးဂျင့် ကုမ္ပဏီများသို့ ထိုင်းဘတ်ငွေ ၁၂,၀၀၀ မှ ၁၅,၀၀၀ အထိ ပေးချေရသည်ဟု အလုပ်သမားများက ပြောဆိုသည်။
ထိုင်းအစိုးရမှ အလုပ်သမားများအတွက် တရားဝင် သတ်မှတ်ပေးထားသည့် စျေးနှုန်းမည်မျှရှိကြောင်းနှင့် မည်သည့် ကုမ္ပဏီများက တရားဝင်စျေးနှုန်းထက် ပို၍ကောက်ခံ နေကြောင်း စသည်တို့ကို အလုပ်သမားများ သိရှိရန် လိုအပ်ကြောင်းနှင့် ကုမ္ပဏီများကိုလည်း ဖိအားပေးမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့် MRPWG က ဆိုသည်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများအတွက် ယာယီ နိုင်ငံကူးလက်မှတ် အချိန်မီ ပြုလုပ်နိုင်ရန် စမွတ် စခွန်(မဟာချိုင်)၊ ချင်းမိုင်၊ ရနောင်း၊ ဆူရတ်ဌာနီ၊ ခွန်စမ်း၊ လရောင်၊ ကန်ချနဘူရီ၊ မယ် ဆိုင်(ချင်းရိုင်)နှင့် မဲဆောက်စသည့် နေရာကိုးခုတွင် one stop service စနစ်ဖြင့် အလုပ်သမား ရှာဖွေရေးရုံးများ တိုးချဲ့ ဖွင့်လှစ်၍ လုပ်ဆောင် ပေးနေခြင်းဖြစ်သည်။