ကော့ကရိတ်မြို့နယ်၊ သိ၀ါးရွာမှ အရပ်သားတစ်ဦး မြေမြုပ်မိုင်း နင်းမိ

ကော့ကရိတ်မြို့နယ်၊ သိ၀ါးရွာမှ အရပ်သားတစ်ဦး မြေမြုပ်မိုင်း နင်းမိ
by -
ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ သိ၀ါးကျေးရွာမှ ရွာသားတစ်ဦးသည် ယခုလဆန်းပိုင်းက ထင်းရှာထွက်ရင်း မြေမြုပ်မိုင်းနင်းမိ၍ ညာဘက်ခြေထောက် ပြတ်သွားသည်ဟု ဒေသခံများ ၏ ပြောပြချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က အသက် ၃၂ နှစ်အရွယ် စောဖါးဒါးသော့ဆိုသူသည် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မ တော်-DKBA (၉၀၇) တပ်ရင်းမှ မသွားရန် ကန့်သတ်ထားသည့် နယ်မြေသို့ ထင်းရှာထွက်ခဲ့သောကြောင့် ထိုသို့ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“သူ(စောဖါးဒါးသော့)က ထင်းရှာဖို့ သွားရင်း မိုင်းနင်းမိတာပေါ့နော်။ သူ့ကို ရွာသားတွေက သွားပြန်ထမ်း လာတာ။ အဲဒီနေ့ တရက်တည်းပဲ ကော့ကရိတ်ဆေးရုံကို ပို့တယ်။ မိုးချုပ်မှ ရောက်တယ်။ နောက်ပြီး အခုလို ရွာသားတစ်ဦး မိုင်းထိတာဖြစ်ပွားတော့ ကျန်ရွာသားတွေ တော်တော်ထိတ်လန့် နေကြတယ်” ဟု ပြောဆိုသည်။

၎င်းရွာသား မိုင်းနင်းမိမှုကြောင့် ကျန်ရွာသားများ ထိုတောထဲသို့ မသွား လာရဲဘဲဖြစ်ကာ လုပ်ငန်းကိုင်ငန်းများ ထိခိုက်လျှက်ရှိသည်ဟု သူက ဆက်လက်ပြောဆိုသည်။

သိ၀ါးရွာရှိ ရွာသူရွာသားများသည် အဆောက်အဦးအတွက် သိ၀ါးတောမှ ထွက်ရှိသော သစ်၊ ၀ါး၊ အင်ဖက် စသည်တို့ကို အမှီပြုကြရသလို အသက်မွေးဝမ်းကျောင်းအတွက် ထိုတောထဲတွင် တောင်ယာ၊ ဥယျာဉ်ခြံနှင့် ရော်ဘာ(ကော်)ခြံလုပ်ငန်းများ လုပ်ကိုင်လုပ်နေကြခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

မိုင်းနင်းမိသည့် စောဖါးဒါးသော့သည် ဇနီးနှင့် သမီး ၃ ဦးရှိသည့် အိမ်ထောင်သည် အမျိုးသားတစ်ဦးဖြစ်ပြီး လက်ရှိ ကော့ကရိတ်ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေဆဲဖြစ်သည်ဟု သိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ သိ၀ါးကျေးရွာတဝိုက်တွင် DKBA အပါအဝင် မြန်မာအစိုးရစစ် တပ်၊ နယ်ခြားစောင့်တပ်နှင့် KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA တို့ သွားလာလှုပ်ရှားလျှက်ရှိသည်။