မြန်မာနိုင်ငံ လူမှုအဖွဲ့များ သီရိလင်္ကာသို့ လေ့လာရေး ခရီးစဉ်ထွက်

မြန်မာနိုင်ငံ လူမှုအဖွဲ့များ သီရိလင်္ကာသို့ လေ့လာရေး ခရီးစဉ်ထွက်
by -
ကေအိုင်စီ

မြန်မာနိုင်ငံရှိ လူမှုရေးအဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသူ အများစုပါ၀င်သည့် လူပုဂ္ဂိုလ် ၁၀ ဦးသည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့သို့ လေ့လာရေးခရီးစဉ်အဖြစ် ယနေ့ နေ့လည် ၁၂ နာရီ၌ ရန်ကုန်လေဆိပ်မှ စတင် ထွက်ခွာသွားသည်။

မြန်မာနိုင်ငံ လူမှုအဖွဲ့များ သီရိလင်္ကာသို့ လေ့လာရေး ခရီးစဉ်ထွက်

၎င်းခရီးစဉ်၌ ပါ၀င်သူများမှာ မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်၊ ကချင်ငြိမ်းချမ်းရေး ကွန်ယက်၊ မြန်မာဂျာနယ်လစ် ကွန်ယက် MJN နှင့် ကရင်အမျိုးသမီး လှုပ်ရှားမှုအဖွဲ့ KWAG စသည့်အဖွဲ့များမှ အဖွဲ့ဝင်များဖြစ်ကြပြီး ယခုလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ သို့ ပြန်လည် ရောက်ရှိလာမည်ဖြစ်သည်ဟု ခရီးစဉ်တွင် လိုက်ပါသွားသူ Intensive Asia Program မှ လုပ်ငန်းစီစဉ်ခန့်ခွဲသူ(Program Manager) မသီရိမြတ်ထင်က ယနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိချိန်တွင် ပြောသည်။

“အခု ကျမတို့က သီရိလင်္ကာမှာရှိတဲ့ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေကို တွေ့ဖို့ သွားတာပါ။ ပြီးတော့ အစိုးရဌာနက လူ တွေနဲ့ အစိုးရအကြီးအကဲတွေကိုလည်း တွေ့ဖို့ ရှိပါတယ်။ နောက် မြန်မာနိုင်ငံမှာရှိတဲ့ လူတွေ လက်ရှိအခြေအနေအရ လိုအပ် ချက်လည်း ဖြစ်နေတယ်။ ကျမတို့နိုင်ငံရဲ့ အခြေအနေနဲ့လည်း ကိုက်ညီတဲ့ ဒီနိုင်ငံကို ကျမတို့ သွားတာဖြစ်ပါတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ခရီးစဉ်အပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ သီရိလင်္ကာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့သည့် ပုဂ္ဂိုလ်များနှင့် လေ့လာ ရေးခရီးစဉ်မှ ရရှိသည့် အတွေ့အကြံု၊ ဗဟုသုတ အချက်အလက်များကို မြန်မာနိုင်ငံရှိ အခြားအဖွဲ့အစည်းများ ကိုလည်း ပြန်လည် ဝေငှသွားရန်ရှိပြီး ဖြစ်နိုင်ပါက သတင်းစာရှင်းလင်းပွဲ လုပ်သွားရန်ရှိသည်ဟု ၎င်းတို့အဖွဲ့က ဆိုသည်။

အဆိုပါ ခရီးစဉ်တွင် လိုက်ပါသွားသူ ကရင်အမျိုးသမီး လှုပ်ရှားမှုအဖွဲ့မှ ဒါရိုက်တာ နော်စူစဲန်နာ လှလှစိုးကလည်း “ကျမတို့က သီရိလင်္ကာနိုင်ငံက ကျမတို့လို လူမှုရေးအဖွဲ့အစည်းတွေအပြင် အစိုးရတွေနဲ့ပါ တွေ့ဆုံရမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် ပြန်ပြီးတော့ တခုခု အကျိုးပြုနိုင်မယ်လို့ မျှော်လင့်တယ်” ဟု ပြောဆိုသည်။

ထို့အပြင် လက်ရှိ မြန်မာနိုင်ငံအတွင်း အခြေအနေအရ ဖြစ်ပေါ်နေသည် အကြောင်းအရာများကို ၎င်းတို့အဖွဲ့များအနေဖြင့် လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များနှင့် ပတ်သက်၍ တဖက်တလမ်းမှ ပါ၀င်ခွင့်ရသည့်အပေါ် ကျေနပ်မိကြောင်းလည်း သူမ က ဖြည့်စွက်ပြောဆိုသည်။

မြန်မာနိုင်ငံရှိ လူမှုရေးအဖွဲ့အစည်းများပူးပေါင်း၍ သီရိလင်္ကာနိုင်ငံသို့ လေ့လာရေးခရီးစဉ်အဖြစ် ယခုသွားရောက်သည်မှာ ပထမ ဆုံးအကြိမ်ဖြစ်ပြီး ခရီးစဉ်ဖြစ်မြောက်ရန် Intersive Asia Program မှ စီစဉ်ခဲ့ခြင်းဖြစ်သည်။

Most read this week