ဒီကေဘီအေ တပ်သားတစ်ဦး မြေမြုပ်မိုင်း နင်းမိ

ဒီကေဘီအေ တပ်သားတစ်ဦး မြေမြုပ်မိုင်း နင်းမိ
by -
ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မဲ့ကနဲကျေးရွာအနီးတွင် ယနေ့မနက် ၁၀ နာရီကျော်၌ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော်-ဒီကေဘီအေမှ အသက် ၂၇ နှစ်အရွယ် တပ်သားစောဖါးဒို့ခို့သည် မြေမြုပ်မိုင်းထိ၍ ညာဘက်ခြေထောက် ပြတ်သွားခဲ့သည်။

ယင်းမိုင်းထိသည့် တပ်သားသည် ဒီကေဘီအေ ကလို့ထူးဘောဗျူဟာ လက်အောက်ခံ တပ်ရင်း(၉၀၉)၊ တပ်ခွဲ(၃)မှ ဖြစ်ပြီး ယနေ့မနက်က မဲ့ကနဲကျေးရွာအနီး တဝှိုက်တွင် မြေမြုပ်မိုင်း နင်းမိသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကလို့ထူးဘောဗျူဟာ လက်အောက်ခံ တပ်ရင်း(၉၀၉)၏ ဗိုလ်ကြီးစောခေါင်းဖြူနှင့် တွေ့ဆုံခဲ့သူ ဒေသခံတစ်ဦးက “ဘယ်သူ့မိုင်း နဲ့ ထိတာလဲတော့ မသိဘူး။ အခု ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်ဆေးရုံကြီးကို ပို့ထားတယ်လို့ ဗိုလ်ကြီးခေါင်းဖြူက ပြောတယ်” ဟု ကေအိုင်စီသို့ ပြန်လည် ပြောဆိုသည်။

ဆက်လက်၍ ၎င်းက “တော်သေးတာပေါ့ဗျာ။ အဲဒီနေရာ ရွာသူရွာသားတွေ အိမ်မိုးဖက်အတွက် အင်ဖက်တွေ ခဏခဏ သွား ကောက်တာ မထိတာ ကံကောင်းတယ်။ ဒီလိုဖြစ်တာ ရွာသားတွေအတွက် လုံခြံုရေးအတွက် စိုးရိမ်စရာပဲ”ဟု ပြောသည်။

ဒီကေဘီအေ ကလို့ထူးဘောဗျူဟာမှ တပ်ခွဲ(၃)မှ အင်အား ၁၀ ကျော်သည် ပြီးခဲ့သည့် သုံးလခန့်ကတည်းက မဲ့ကနဲကျေး ရွာတဝိုက်တွင် အခြေချ နေထိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကလို့ထူးဘောဗျူဟာ လက်အောက်ခံ တပ်ရင်း(၉၀၉)၊ တပ်ခွဲ(၃)အခြေစိုက်သည့် မဲ့ကနဲကျေးရွာ အနီးတဝှိုက်သည် ယခင်က နယ်ခြားစောင့်တပ်များ နေထိုင်ခဲ့သည့်နေရာဖြစ်သလို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ကေအဲန်အယ်လ် အေလည်း လှုပ်ရှားလျှက်ရှိကြောင်း သိရသည်။

Most read this week